မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် စခန်းသမိုင်းအကျဉ်း

         မြန်မာ - တရုတ် နှစ်နိုင်ငံအစိုးရတို့သည် နယ်စပ်ကုန်သွယ်ရေး ဖြစ်ပေါ်စေရေးအတွက် ၁၉၈၄ ခုနှစ်မှ စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ဇူလိုင်လတွင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ခေါင်းဆောင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ လာရောက်ခဲ့ပြီး (၅-၈-၁၉၈၈) နေ့တွင် မြန်မာ့ထုတ်ကုန်၊ သွင်းကုန်ကော်ပိုရေးရှင်း Myanma Export Import Corporation (MEIC) နှင့် ယူနန်ပြည်နယ် သွင်းကုန်၊ ထုတ်ကုန်ကော်ပိုရေးရှင်း Yunnan Province Import Export Corporation (YPIEC) တို့သည် အရောင်းအဝယ် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် Myanmar Foreign Trade Bank (MFTB) နှင့် (CHINA BANK) ကူမင်းဘဏ်ခွဲတို့ ဘဏ်လုပ်ငန်းအစီအစဉ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြကာ (၂-၁၂-၁၉၈၈) နေ့တွင် Myanma Export Import Corporation (MEIC) မှ လားရှိုး၊ မူဆယ်၊ ကြူကုတ်၊ နမ့်ခမ်း၊ ကွမ်လုံတို့၌ နယ်စပ်ကုန်သွယ်ရေးရုံးများ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ မှ ၁၉၉၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ (၃.၁၀) သန်းဖိုး အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုတင်ပို့ခဲ့ပြီး ၎င်းနှင့်ညီမျှသော သွင်းကုန်များ ပြန်လည် တင်သွင်းခဲ့ပါသည်။

            ၂၅-၇-၁၉၉၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ထိုစဉ် က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးသန်းရွှေက နယ်စပ် ကုန်သွယ်ရေးများတွင် မြန်မာနိုင်ငံက တစ်ဘက်စောင်းနင်းနစ်နာနေရမှုများ၊ ငွေလဲနှုန်းတွင် ကျပ်ငွေ တန်ဖိုး ကျဆင်းမှုများကို အချိန်မီတားဆီးနိုင်ရေးအတွက် စနစ်သစ် နယ်စပ်ကုန်သွယ်ရေးကို ဖော် ဆောင်ရန် လမ်းညွှန်ခဲ့သောကြောင့် ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီးဌာန၏ (၉-၉-၁၉၉၁) ရက်စွဲပါ အမိန့်စာအမှတ် ၇/၉၁ ကို ထုတ်ပြန်၍ စနစ်သစ်နယ်စပ်ကုန်သွယ်ရေးကို စတင်ဆောင်ရွက်ခဲ့ရာ Myanma Export Import Service (MEIS) ကတာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

           (၁၃-၈-၁၉၉၄) တွင် မြန်မာဘက်မှ ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သောင်းနှင့် တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမဒမ်လီကွာဟာတို့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး (၅-၈-၁၉၉၅) တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် တက်ရောက်၍ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မူဆယ်ဒေသအား စမ်းသပ်ဒေသအဖြစ်  နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးရုံး  ဖွင့်လှစ်၍ တစ်နေရာတည်းတွင် ပြီးစေသောစနစ်   (One Stop Services) စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းစနစ်တွင် နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာစီးပွားရေးဘဏ်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ဖွဲ့စည်းပါဝင်ကြပါသည်။

           ၂၈-၈-၁၉၉၆ နေ့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်က သွင်းကုန်ပထမစနစ် (Import First) ကို ကျင့်သုံး ခဲ့ပြီး (၂၁-၇-၁၉၉၇) မှစတင်၍ ပို့ကုန်ကြောင့်ရရှိငွေ (Export Earning) ရှိမှ သွင်းကုန် တင်သွင်းခွင့် ပြုသည့် (Export First) စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။ (၂၅-၁၁-၁၉၉၇) ရက်နေ့တွင် နယ်စပ် အားလုံးအား နှစ်နိုင်ငံငွေကြေးအပေါ် အခြေခံသည့် ကုန်သွယ်မှုနည်းလမ်းအစား အမေရိကန်ဒေါ်လာကို အခြေခံသည့် ကုန်သွယ်မှုနည်းလမ်းဖြင့် ဆောင်ရွက်စေခဲ့သော်လည်း ချွင်းချက်အနေနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေဖြင့်လည်း ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုတွင် မြန်မာဘက်မှ တောက်လျှောက်လိုငွေပြနေခဲ့ရာမှ Export First စနစ်ကို ပြောင်းလဲ ကျင့်သုံးသည့် (၁၉၉၇-၁၉၉၈) ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာသန်းပေါင်း (၂၅.၄၅၂) သန်း ရှိခဲ့ပါသည်။

           နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မူဆယ် (မန့်ဝိန်း) တွင် ဖွင့်လှစ်ထားသော နယ်စပ်ကုန်သွယ်ရေးရုံးကို (၁၂-၁-၁၉၉၈) တွင် မူဆယ် (၁၀၅)မိုင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး လားရှိုး၊ ကြူကုတ် နယ်စပ်ကုန်သွယ်ရေးရုံးများကို လည်း ရုပ်သိမ်းခဲ့ပါသည်။

           (၇ - ၃ - ၂၀၀၅) ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၀၅) ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တွင် ကုန်သွယ်ရေးဇုန်တည်ဆောက်ရန် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက် (၁၁-၄-၂၀၀၆) နေ့တွင် မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေး ဇုန်အား စတင်ဖွင့်လှစ်နိုင်ခဲ့၍ ယနေ့အထိ ကုန်သွယ်မှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။

                       -