GSP

Generalized System of Preferencesအစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်မှု

Thu, 05/05/2016 - 03:12 -- ictuser
Undefined

နိဒါန်း

၁။     အကောက်ခွန်သက်သာခွင့် အစီအစဉ်တစ်ခုဖြစ်သည့် Generalized System of Preferences- (GSP)သည် ကမ္ဘာ့ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုညီလာခံ (United Nation Conference on Trade and Development - UNCTAD) ၏ ကြိုးပမ်းစွမ်းဆောင်ချက်ဖြင့် ထွက်ပေါ်လာသော ကောင်းကျိုးရလဒ်တစ်ခုဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများကို ကူညီရန်အောက်ပါရည်မှန်းချက် (၃) ရပ်ကိုချမှတ်ထားပါသည်-

                   (က)      ပြည်ပပို့ကုန်ဝင်ငွေတိုးတက်စေရန်၊

                   (ခ)       စက်မှုလုပ်ငန်းတိုးတက်စေရန်၊

          (ဂ)       စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားစေရန်။

အကောက်ခွန်သက်သာခွင့်ဆိုင်ရာ Generalized System of Preferencesအစီအစဉ်

၂။       အကောက်ခွန်သက်သာခွင့် (Generalized System of Preferences- GSP) အစီအစဉ် ဆိုသည်မှာ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (အခွင့်အရေးလက်ခံရရှိသော နိုင်ငံများ-Beneficiary Countries) ၏ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ပို့ကုန်ပစ္စည်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများ (အခွင့်အရေးပေးသောနိုင်ငံများ- Donor Countries) ၏ ဈေးကွက်အတွင်းသို့ အလွယ်တကူဝင်ရောက်လာနိုင်စေရန် စီမံပေးခြင်းဖြစ်ပါသည်။တစ်နည်းအားဖြင့်ဆိုသော် ဖွံ့ဖြိုး ဆဲနိုင်ငံများမှ တင်ပို့သောသတ်မှတ်ကုန်ပစ္စည်းများအပေါ်တွင် GSP အခွင့်အရေးပေးသည့် ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးများက ကောက်ခံနေကျပုံမှန် အကောက်ခွန်နှုန်းထားထက် အကောက်ခွန် လျှော့ပေါ့ သို့မဟုတ် ကင်းလွတ်ကောက်ခံသောစနစ်ဖြစ်ပါသည်။

GSP စနစ်ပေါ်ပေါက်လာပုံ

၃။           ၁၉၆၄ခုနှစ်တွင်ကျင်းပသည့်ပထမအကြိမ် UNCTAD ညီလာခံမှစတင်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ပို့ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ အထူးသဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက် သို့ အလွယ်တကူဝင်ရောက်နိုင်စေရန်နှင့် အကောက်ခွန်အခွင့်အရေးများပေးရန် အလေးထား ဆွေးနွေးခဲ့ကြပြီး၊ ၁၉၈၆ ခုနှစ်တွင် ကျင်းပသောဒုတိယအကြိမ်မြောက် UNCTAD ညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ်ကို ပြဌာန်းအတည်ပြုနိုင်ခဲ့ပါ သည်။

GSP အခွင့်အရေးပေးသောနိုင်ငံများ(Donor Countries)

၄။       GSP အခွင့်အရေးပေးသည့်အစီအစဉ် (၁၂) ခုကိုအောက်ဖော်ပြပါဖွံ့ဖြိုးပြီးစက်မှုနိုင်ငံ (၄၀)နိုင်ငံက သီးခြားအစီအစဉ်တစ်ခုစီဖြင့် ထုတ်ပြန်ပေးအပ်ထားရာတွင် အဖွဲ့ဝင် (၂၇) နိုင်ငံ ပါဝင်သော EU သည်အဖွဲ့ဝင် (၂၇)နိုင်ငံအတွက် အစီအစဉ်တစ်ရပ်ကိုသာတစ်ပေါင်း တစ်စည်း တည်း ပြဌာန်းထားပါသည်။

              (၁)     သြစတြေးလျနိုင်ငံ                              (၈)     ရုရှားနိုင်ငံ      

              (၂)     ဘီလာရုစ်နိုင်ငံ                                   (၉)     ဆွစ်ဇာလန်နိုင်ငံ

              (၃)     ကနေဒါနိုင်ငံ                                      (၁၀)   တူရကီနိုင်ငံ

              (၄)     အိုက်စ်လန်နိုင်ငံ                                 (၁၁)    ဗြိတိန်နိုင်ငံ

              (၅)     ဂျပန်နိုင်ငံ                                         (၁၂)    အမေရိကန်နိုင်ငံ

              (၆)     နယူးဇီလန်နိုင်ငံ                                 (၁၃)   ဗြိတိန်နိုင်ငံ

              (၇)     နော်ဝေနိုင်ငံ                                     (၁၄)   ဥရောပသမဂ္ဂ (၂၇) နိုင်ငံ

(အီးယူအဖွဲ့ဝင်နိုင်ငံများ- သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်စတိုးနီးရား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေး နီးယား၊ လူဇင်ဘတ်၊ မာလ်တာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်) 

မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်လျက်ရှိသောအစီအစဉ်များ

၅။           မြန်မာနိုင်ငံသည် GSPအခွင့်အရေးပေးသော နိုင်ငံအလိုက် ထုတ်ပြန်ထားသည့် National GSP Scheme များကိုပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

GSP အကျုံးဝင်သောကုန်စည်များ (Product Coverage)

၆။           GSP အစီအစဉ်များအရယေဘုယျအားဖြင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသော ပစ္စည်းများမှာ-

(က)   စက်မှုထွက်ကုန်ပစ္စည်းများ၊ (Manufactured and Semi-manufactured Products)

                   (ခ)     လယ်ယာထွက်ကုန်ပစ္စည်းများ၊ (Agricultural Products)

              (ဂ)     လက်မှုအနုပညာပစ္စည်းများ၊(Handicrafts)

 တို့ဖြစ်ပြီး၊ လက်မှုအနုပညာပစ္စည်းများ အတွက်ကိုမူ နိုင်ငံတိုင်းကအကောက်ခွန်ကင်းလွတ်ခွင့် ပေးထား သည်ကိုတွေ့ရပါသည်။ GSP ၏ပင်ကိုသဘောမှာ အခြေခံပို့ကုန်၊ ကုန်စည်များကို အားပြုနေရ သည့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးအခြေခံကိုစက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေ ခြင်းဖြင့် ပြောင်းလဲစေရန်ရည်ရွယ်သည့် အလျောက်စက်မှုထွက်ကုန်ပစ္စည်းများကို ပိုမိုအခွင့် အရေးပေးထားပါသည်။

၇။           အဆိုပါ GSP အခွင့်အရေးရရှိသည့်ကုန်စည်စာရင်းများနှင့် စည်းမျဉ်းများကို အခွင့် အရေးပေးသည့် နိုင်ငံကနှစ်အလိုက် (သို့) မကြာခဏပြင်ဆင်လေ့ရှိပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ၊ ဂျပန်နှင့်အမေရိကန်နိုင်ငံတို့၏ GSP အခွင့်အရေးရရှိသော ကုန်ပစ္စည်းစာရင်း များကို တစ်နှစ်တစ်ကြိမ်ပြင်ဆင်ဖြည့်စွက်လေ့ရှိပါသည်။ GSPအစီအစဉ်အရ အကောက်ခွန် သက်သာခွင့် ခံစားနိုင်ရန်အတွက်အသုံးပြုသော စာရွက်စာတမ်းသက်သေအထောက်အထား Certificate  မှာ GSP Form A ဖြစ်ပါသည်။

GSP ပင်ရင်းနိုင်ငံစည်းမျဉ်း

၈။      GSP အစီအစဉ်သည် တစ်ဖက်သတ်အခွင့်အရေးပေးသော စနစ်ဖြစ်ရာ အခွင့်အရေး ပေးသော နိုင်ငံများမှ ၎င်းတို့စိတ်ကြိုက်စည်းကမ်းချက်များ သတ်မှတ်ဆောင်ရွက်ခွင့်ရှိပါသည်။ GSP အခွင့်အရေးရရှိသောနိုင်ငံများမှ တင်ပို့သောပို့ကုန်ပစ္စည်းသည်တင်သွင်းသော နိုင်ငံက သတ်မှတ်ထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့်ကိုက်ညီရမည်ဖြစ်ပါသည်။ ပင်ရင်းနိုင်ငံစည်းမျဉ်း သည် GSP အစီအစဉ်များ၏အဓိကအရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး၊ အခွင့်အရေးရရှိ သည့် နိုင်ငံအတွင်းအပြည့်အဝထုတ်လုပ်ရရှိသော သို့မဟုတ် သိသာထင်ရှားစွာပြောင်းလဲမှု ရှိအောင် ပြုပြင်ထုတ်လုပ်ထားသော ကုန်စည်များကို အကောက်ခွန်အခွင့်အရေးပေးရာတွင် သေချာမှုရှိအောင်သတ်မှတ်ထားခြင်းဖြစ်ပါသည်။

၉။           GSP အစီအစဉ်ရှိပင်ရင်းနိုင်ငံစည်းမျဉ်းများ၏ အဓိကအချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

              (က)    ပင်ရင်းနိုင်ငံမှတ်ကျောက်၊

              (ခ)     ကုန်စည်တင်ပို့မှုဆိုင်ရာစည်းကမ်းချက်များ၊

              (ဂ)     အထောက်အထားစာရွက်စာတမ်းများ၊

GSP အစီအစဉ်များတွင်မြန်မာနိုင်ငံ၏ပါဝင်ဆောင်ရွက်မှုအခြေအနေ

ဂျပန် GSP အစီအစဉ်

၁၀။         ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးကို အထောက် အကူ ဖြစ်စေရန်အလို့ငှာ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ Generalized System of  Preferences-(GSP) ကို ၁၉၇၁ ခုနှစ် ၊ သြဂုတ်လ(၁) ရက်နေ့မှ စတင်၍ တစ်ဖတ်သက်အခွင့် အရေးအဖြစ်ပေးအပ်ခဲ့ပါသည်။ အခွင့်အရေးပေးမှုစနစ်၏အကျိုးခံစားခွင့်ကို ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၃၇) နိုင်ငံနှင့် နယ်နမိတ်(၁၄)ခုတို့မှရရှိပါသည်။ တစ်ဖတ်သက် အကောက်ခွန်အကျိုးခံစားခွင့် အစီအစဉ်ကို (၁၀)နှစ်တစ်ခါ ပြန်လည်သုံးသပ်ပါသည်။ ဂျပန်နိုင်ငံ၏ GSP အစီအစဉ်မှာ မြန်မာနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်အသုံးအများဆုံးအစီအစဉ်တစ်ခုဖြစ်ပါသည်။

၁၁။         ဂျပန်နိုင်ငံ၏ GSP အစီအစဉ်တွင် အကျုံးဝင်သော ပစ္စည်းများမှာ-

(က)    လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ (HS  အခန်း ၁ မှ ၂၄)

                        -   HS-9 digit ဖြင့် သတ်မှတ်ထားသော ကုန်စည် (၃၃၇) မျိုး၊

     -   လယ်ယာထွက်ကုန်နှင့်သားငါးထွက်ကုန်များအတွက် အကောက်ခွန်ကို လျှော့ချပေးခြင်းနှင့်  ပယ်ဖျက်ပေးခြင်း၊

             (ခ)      စက်မှုထုတ်ကုန်ပစ္စည်းများ (HS အခန်း ၂၅ မှ ၉၇)

     -   စက်မှုထုတ်ကုန်(၃၁၄၁)မျိုးတို့ပါဝင်ပြီး၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက်မူအကောက်ခွန် ကင်းလွတ်ခွင့်နှင့် အရေအတွက်ကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်စာရင်း (Duty Free & Quota Free List) ကုန်စည် (၈၆၀၁) လိုင်းကို သီးခြားထုတ်ပြန် ထားပါသည်။

၁၂။          ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် အကောက်ခွန်ကုန်စည်လိုင်း စုစုပေါင်း၏ ကုန်စည် (၇၂)  ရာခိုင်နှုန်းက အကောက်ခွန်သက်သာခွင့်/ ကင်းလွတ်ခွင့်ရရှိပြီး၊ LDCs နိုင်ငံများအနေနှင့်  ကုန်စည်လိုင်း စုစုပေါင်း၏ (၉၈) ရာခိုင်နှုန်းမှာ  အကောက်ခွန် ကင်းလွတ်ခွင့်နှင့် အရေအတွက် ကန့်သတ်ခြင်းမှ ကင်းလွတ်ခွင့် ( Duty Free & Quota Free) အခွင့်အရေးကို ခံစားရရှိခြင်း ဖြစ်ပါသည်။

၁၃။         မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသို့ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်စည်များ၊ ဆန်၊ ဆန်ကွဲ၊ နနွင်းတက်၊ ဝဥခြောက်မှုန့်၊ ပဲစသည့်လယ်ယာထွက်ကုန်စည်များ၊ သစ်တောထွက် ပစ္စည်းများ၊ အဝတ်အထည်များ၊ အိတ်၊ဖိနပ် စသည့်စက်မှုထုတ်ကုန်စည် တင်ပို့မှုများအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ရရှိခံစားလျက်ရှိပါသည်၊

နော်ဝေ GSP အစီအစဉ်

၁၄။         နော်ဝေနိုင်ငံသည် (၂၀၀၃) ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှ တင်ပို့သော ပို့ကုန်များ အတွက် GSP အခွင့်အရေးကို ယာယီရပ်ဆိုင်းခဲ့ပါသည်။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကာ GSP  အခွင့်အရေးကို ပြန်လည်ပေးအပ်ခဲ့သည့်အတွက် နော်ဝေနိုင်ငံသို့ တင်ပို့သော မြန်မာ့ပို့ကုန်များသည်အကောက်ခွန်သက်သာ/ကင်းလွတ်ခွင့်များကိုရရှိခံစားနေပြီ ဖြစ်ပါသည်။

၁၅။         နော်ဝေ GSP အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နော်ဝေ အကောက်ခွန်ဌာနနှင့် ထိုင်းနိုင်ငံရှိ နော်ဝေနိုင်ငံသံရုံးတို့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအရာရှိများ၊ လုပ်ငန်းရှင်များကို ဖိတ်ကြားကာ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် ရန်ကုန်မြို့၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အီးယူ GSP အစီအစဉ်

၁၆။         မြန်မာနိုင်ငံကို၁၉၉၇ခုနှစ်မှစ၍ forced labor အသုံးပြုမှုကြောင့် GSP အကျိုး ခံစားခွင့်မှ ယာယီဖယ်ရှားခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ် အစိုးရတက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများစွာကို ဆက်တိုက်ဆောင်ရွက်လျက် ရှိရာ EU အနေဖြင့် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးသည့်အနေဖြင့် GSP အခွင့်အရေးပြန်လည်ပေးအပ်ခြင်းဖြစ်ပါသည်။

၁၇။         ဥရောပသမဂ္ဂနိုင်ငံများသည် မြန်မာနိုင်ငံအပေါ်တွင် အကောက်ခွန်သက်သာ/ ကင်းလွတ်ခွင့်ကို ၁၉၉၇ ခုနှစ်မှ စတင်ကာဆိုင်းငံ့ထားခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် ဆက်လက် သက်တမ်း တိုးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သောဥရောပသမဂ္ဂ၏ တရားဝင်ဂျာနယ်တွင်ဖော်ပြချက်အရ မြန်မာနိုင်ငံအနေဖြင့် EU မှပေးအပ်သော GSP အစီအစဉ် ကို EU Regulation (607/2013) အရ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှစတင်၍ လက်နက်ခဲယမ်းမှအပ (Everything But Arms-EBA) ကျန်ကုန်စည်အားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့်နှင့်အရေအတွက်ကန့်သတ်ခြင်းမှကင်းလွတ်ခွင့် (Duty Free and Quota Free) ကိုပြန်လည်ရရှိခံစားလျက်ရှိပါသည်။ ထုတ်ပြန်ကြေငြာချက်အရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့မှ စတင်ကာ တင်ပို့သော ပို့ကုန်များအတွက်နောက်ကြောင်းပြန် အကျိုးခံစားခွင့်ဖြင့်ပြန်လည် ခံစားလျက်ရှိပါသည်။

၁၈။         မြန်မာနိုင်ငံအနေဖြင့် အီးယူဈေးကွက်သို့ ငါး၊ပုစွန်စသည့် ရေထွက်ကုန်စည်များ၊ ဆန်၊ ပဲ စသည့် လယ်ယာထွက်ကုန်စည်များ၊ ကြိမ်ထည်၊ သစ်အချောထည်စသည့် သစ်တော ထွက် ပစ္စည်းများ၊ အဝတ်အထည်၊ ဖိနပ်စသည့် စက်မှုထုတ်ကုန်စည်တင်ပို့မှုများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိ ခံစားလျက်ရှိပါသည်။

၁၉။         ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများGSP အစီအစဉ်အရ လက်ရှိကျင့်သုံး လျက်ရှိသော သက်ဆိုင်ရာအာဏာပိုင်က စိစစ်ခွင့်ပြုထုတ်ပေးသည့်သမရိုးကျ CO Form –A ထုတ်ပေးသည့်စနစ်အစား ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ် (Registered Exporter System-REX System) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှစတင်၍ အစားထိုးကျင့်သုံး အကောင် အထည်ဖော်ဆောင်ခဲ့ပါသည်။

၂၀။          GSP အခွင့်အရေးခံစားခွင့်ရှိသည့်နိုင်ငံအနေဖြင့် အဆိုပါ နေ့ရက်တွင် အဆင်သင့် မဖြစ်ပါက နောက်တစ်နှစ်(သို့) နှစ်နှစ် အထိ ရွှေ့ဆိုင်းဆောင်ရွက်နိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံ သည် Registered Exporter System ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစနစ်အရ EU နိုင်ငံများသို့ တင်ပို့သော မြန်မာ့ပင်ရင်းထုတ်ကုန် များ အတွက်ကုန်သွယ်ရေးဦးစီးဌာနတွင် GSP Form-A လာရောက်လျှောက်ထားရန် မလိုအပ်ဘဲ မှတ်ပုံတင်ထားသော ပို့ကုန်တင်ပို့သူကိုယ်တိုင်တာဝန်ယူ၍ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းတစ်မျိုးမျိုးပေါ်တွင် စာရွက်စာတမ်းပေါ်တွင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာ၍ အကောက်ခွန်သက်သာကင်းလွတ်ခွင့် ခံစားရယူသည့်စနစ် ဖြစ်ပါသည်။

ကနေဒါ GSP အစီအစဉ်

၂၁။          မြန်မာနိုင်ငံသည် ကနေဒါနိုင်ငံအစိုးရမှပေးသော အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ်ဖြစ်သည့် GSP အစီအစဉ်၏ အကျိုးခံစားခွင့်ကို ၁၉၉၇ ခုနှစ်ကတည်းက ယာယီ ပိတ်ပင်ခံခဲ့ရပြီး၊ မြန်မာနိုင်ငံ၌ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ပိတ်ဆို့ အရေးယူခြင်းများကို ဖယ်ရှားသည့်အနေဖြင့် ကနေဒါနိုင်ငံသည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှစတင်ကာမြန်မာနိုင်ငံအားချမှတ်ခဲ့သော စီးပွားရေးပိတ်ဆို့အရေးယူများကို ဖြေလျှော့ ပေးခဲ့ပါသည်။

၂၂။          ဆက်လက်၍ ကနေဒါနိုင်ငံအစိုးရက မြန်မာနိုင်ငံအား GSP အစီအစဉ်၏ General Preferential Tariff (GPT) နှင့် Least Development Country Tariff (LDCT) အခွင့် အရေးများပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံအစိုးရ၏ ဆုံးဖြတ်ချက်အား Canada Gazette  မှ (၈-၁၁-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်သည့်ပြန်တမ်းတွင် Order Amending the Schedule to the Customs Tariff (Extension of general Preferential Tariff to Burma)  ခေါင်းစဉ်ဖြင့် Canada Gazette ၏ တရားဝင် Website တွင် ဖော်ပြပါရှိပါသည်။

၂၃။          GSP အခွင့်အရေးခံစားခွင့်ရှိသောနိုင်ငံများကို General Preferential Tariff (GPT) နှင့် Least Development Country Tariff (LDCT) ဟူ၍ ခွဲခြားထားပါသည်။ GPT အစီအစဉ်ကို ဖွံ့ဖြိုးဆဲနိုင်ငံအချို့က ခံစားခွင့်ရှိပြီး၊ LDCT အစီအစဉ်တွင် UN မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဖြစ် သတ်မှတ်ထားသောနိုင်ငံများက အကျုံးဝင်ပါသည်။

၂၄။          GPT အစီအစဉ်အရ အကျုံးဝင်သော ကုန်စည်များအတွက်  သွင်းကုန်အခွန်နှုန်းကို သက်သာခွင့် (သို့) ကင်းလွတ် ခွင့်ပေးထားပြီး၊ LDCT အစီအစဉ်တွင် အကျုံးဝင်သည့် ကုန်စည် များ၏ သွင်းကုန်အခွန်နှုန်းမှာမူ သုညရာခိုင်နှုန်း ဖြစ်ပါသည်။ သတ်မှတ်ချက်အရ LDCT အစီအစဉ်တွင် အကျုံးဝင်သည့် နိုင်ငံများသည် GPT အစီအစဉ်တွင် အကျုံးဝင်ပြီး ဖြစ်ပါသည်။

၂၅။          မြန်မာနိုင်ငံသည် ကနေဒါ GSP အစီအစဉ်အရ  General Preferential Tariff (GPT) နှင့် Least Development Country Tariff (LDCT) အခွင့်အရေးများကို ခံစားရရှိမည် ဖြစ်ပြီး၊ လက်ရှိကုန်သွယ်မှုအရ မြန်မာနိုင်ငံမှ နှစ်စဉ်တင်သွင်းမှုအပေါ် GSPအစီအစဉ်အရအကျိုးခံစားမှုမှာ အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ခန့်ရှိကြောင်း ခန့်မှန်း ထားပါသည်။

အမေရိကန်နိုင်ငံ GSP အစီအစဉ်

၂၆။          အမေရိကန်နိုင်ငံအနေဖြင့် GSP အခွင့်အရေးမှုအစီအစဉ်ကို   ၁၉၇၄ ခုနှစ်တွင်စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ အစီအစဉ်ကို နှစ်စဉ်ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ် ကာ ထွက်ပေါ်လာသောရလာဒ်များနှင့် ပြောင်းလဲလာသော စီးပွားရေးဝန်းကျင်ကို အခြေခံ၍ အစီအစဉ်ကို ပြင်ဆင်ဖြည့်စွက်ခြင်းများပြုလုပ်ပါသည်။

၂၇။         အမေရိကန်၏ GSP အစီအစဉ်အရအကျိုးခံစားခွင့်ရှိသည့်နိုင်ငံများအားလုံးသည် HS code (၈)လုံးအဆင့်ကုန်စည်လိုင်း (၃,၅၀၀) လိုင်းအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် ထပ်မံ၍ကုန်စည်လိုင်း (၁,၅၀၀) လိုင်းကို အကောက်ခွန်ကင်းလွတ်ခွင့်ရရှိပါသည်။ သို့သော်လည်း အထည်အလိပ်နှင့်အဝတ်အထည် အများစုနှင့် ဖိနပ်များစသည့်ကုန်စည်များမှာအကောက်ခွန်ကင်းလွတ်ခွင့် စာရင်းတွင်မပါရှိပါ။

အမေရိကန် GSP အခွင့်အရေးပြန်လည်ရရှိရေးအတွက်ဆောင်ရွက်ချက်များ

၂၈။          အမေရိကန်နိုင်ငံ၏ GSP Scheme ကို၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင် အကောင်အထည်ဖော်ခဲ့ပြီး၊  မြန်မာနိုင်ငံအနေဖြင့်၂၀၀၃ခုနှစ်တွင် Economic Sanction ပြုလုပ် ခံရသည့်အတွက် အဆိုပါအခွင့်အရေးများဆုံးရှုံးခဲ့ရပါသည်။

၂၉။          ၂၀၁၃ ခုနှစ်၊ မေလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ အမေရိကန်၏ GSP အခွင့်အရေးပြန်လည်ရရှိရေးဆိုင်ရာကြားနာမှုအစီအစဉ်(Public Hearing) သို့တက်ရောက်ခဲ့ပြီး၊ နောက်၎င်းအစီအစဉ်၏ နောက်ဆက်တွဲအစီအစဉ်အရပထမအကြိမ် Post Hearing Report ကို၂၀၁၃ခုနှစ်၊ဇွန်လ (၂၅) ရက်နေ့တွင်တင်သွင်းခဲ့ပါသည်။

၃၀။         အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံအနေဖြင့် GSP ပြန်လည်ရရှိရေး အတွက် အလုပ်သမားအခွင့်အရေး (Worker Rights)၊ ကလေးအလုပ်သမား (Child Labor)နှင့် ဉာဏပစ္စည်းမူပိုင်ခွင့် (Intellectual Property Rights – IPR)စသည့် ကဏ္ဍ(၃)ရပ်အပေါ် ပြည်တွင်းအကောင်အထည်ဖော်မှု (မူဝါဒ၊ဥပဒေလုပ်ထုံးလုပ်နည်း) ဆိုင်ရာ တိုးတက်မှုလိုအပ် နေသေးကြောင်းနှင့် လက်ရှိဆောင်ရွက်မှုအခြေအနေများအပေါ်  အစီရင်ခံစာ ထပ်မံတင်သွင်း ရန် လိုအပ်ချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့တွင် ဒုတိယအကြိမ်မြောက်အစီရင်ခံစာ အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်သက်ဆိုင်ရာ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံသံရုံးနှင့် Office of the U.S. Trade Representative တို့သို့ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

၃၁။         ၎င်းအစီရင်ခံစာများအပေါ်၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံသို့ GSP အခွင့်အရေးပြန်လည်ပေးရေးနှင့် ပတ်သက်၍ သုံးသပ်ခဲ့ပြီးနောက် အလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှမေးခွန်း (၆) ခုပေးပို့ကာ ထပ်မံတောင်းခံလာသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှဖြေကြား၍ ပေးပို့လာသောအချက်အလက်များနှင့် ပြုစု ထားသည့် တတိယအကြိမ်မြောက်အစီရင်ခံစာကို (၂၂-၅-၂၀၁၄) ရက်နေ့နောက်ဆုံးထား၍ တင်သွင်းခဲ့ပါသည်။

၃၂။          အမေရိကန်နိုင်ငံမှ လာရောက်တွေ့ဆုံသည့် တွေ့ဆုံဆွေးနွေးပွဲများတွင် GSP အခွင့်အရေးပြန်လည်ရရှိရေးအတွက် ညှိနှိုင်းတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ GSP အခွင့်အရေးပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံများ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမေရိကန်သမ္မတ၏ Proclamation No. 9492 အရ မြန်မာနိုင်ငံသည်အမေရိကန်နိုင်ငံကတစ်ဖက်သတ်ပေးသော GSP အခွင့်အရေးကို ခံစားခွင့်ရှိသည့် ဖွံ့ဖြိုးမှုနည်းဆုံးနိုင်ငံ (Least Developed Beneficiary Country-LDBCD) အဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ကာ ပြန်လည်ခံစားခွင့်ရရှိခဲ့ပါသည်။

၃၃။         အမေရိကန် GSP အစီအစဉ်ကို  ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ များဟူ၍ အပိုင်း (၂) ပိုင်းဖြင့် ခွင့်ပြုထားပါသည်။ အစီအစဉ်အရ အမေရိကန် အကောက်ခွန်နှုန်း 8-digit level ဖြင့်ကုန်စည်လိုင်း (၅.၀၆၂) လိုင်းကို ခွင့်ပြုထားရာ ၎င်းအနက် ကုန်စည်လိုင်း (၃,၅၇၂) လိုင်းမှာ GSP ခံစားခွင့်ရှိသည့် နိုင်ငံများအားလုံး အကျုံးဝင်ပြီး၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များက ကုန်စည်လိုင်း (၁,၄၉၀) လိုင်းကို အကောက်ခွန်ကင်းလွတ်ခွင့် ထပ်မံ၍ သီးခြားရရှိပါ သည်။

၃၄။         ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း GSP ခံစားခွင့်ဖြင့် မြန်မာနိုင်ငံမှ အမေရိကန်နိုင်င ံသို့ တင်ပို့လျက်ရှိသော ကုန်စည်များ မှာ ခရီးဆောင်အိတ်များ၊ ကျောပိုးအိတ်၊ မျက်မှန်ဗူး၊ ပဲအမျိုးမျိုး (မတ်ပဲ၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ)၊ နာနတ်သီးခြောက်၊ ကော်ဖီစေ့၊ ကြိမ်ထည် ပစ္စည်းများ၊ သစ်ပရိဘောဂများ၊Body-protector၊ လက်အိတ်၊ ခဲချောင်းနှင့် အိမ်မွေးတိရစ္ဆာန် အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါသည်။

GSP အစီအစဉ်များမှ ရရှိသည့် အကျိုးကျေးဇူးများ

၃၅။         မြန်မာနိုင်ငံသည် GSP အစီအစဉ်များ ပြန်လည်ခံစားခွင့် ရရှိခဲ့သည့်အတွက် အကျိုးကျေးဇူးအားဖြင့် စီးပွားရေးလှုံ့ဆော်မှုတိုးတက်လာခြင်း၊ ပို့ကုန်များတင်ပို့နိုင်သည့် အတွက် ယေဘုယျအခွင့်အလမ်းများဖြစ်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းနှင့် ဆင်းရဲမွဲတေမှု လျော့ချရာတွင် အကူအညီရရှိခဲ့ပါသည်။ ပို့ကုန်များအပေါ်တွင် အကောက်ခွန် ကင်းလွတ်ခွင့်/ သက်သာခွင့်များရရှိခြင်းကြောင့်နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေးအတွက်လည်း ကောင်း၊ အခြားသောတင်ပို့နိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင်ဈေးနှုန်းအရပိုမို၍ ယှဉ်ပြိုင် နိုင်စွမ်းအားတိုးတက်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြည်တွင်းစီးဝင်ကာ စက်မှုကုန်ထုတ် ပစ္စည်း ထုတ်လုပ်တင်ပို့မှုနှင့်အတူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာမည် ဖြစ်ပါသည်။

၃၆။         မြန်မာနိုင်ငံသည်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေသေးသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ယခုကဲ့သို့ ဈေးကွက်ရရှိရေး တစ်ဖတ်သက် အကောက်ခွန် ကင်းလွတ်ခွင့် ပေးသည့် GSP အစီအစဉ်များကို ပြည့်ပြည့်ဝဝ အသုံးချဆောင်ရွက်နိုင်ရေးအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ပြည်တွင်းထွက်ကုန် များကို အခွင့်အရေးပေးသည့်နိုင်ငံက သတ်မှတ်သော စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ် တင်ပို့ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့ရောင်းဝယ်မှုများနှင့်ပတ်သက်သည့် ကုန်သွယ်မှုနှင့် ဆက်စပ်သော ပြည်တွင်းဥပဒေများ ခိုင်ခိုင်မာမာဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအား ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှု အသိပညာများကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးခြင်း စသည်တို့ကို ဆောင်ရွက် သွားခြင်းအားဖြင့် ကုန်စည်ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာရုံမျှမက အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ဖြစ် စေမည် ဖြစ်ပါသည်။

Category: 
Latest News: 
Subscribe to RSS - GSP