TFA Enquiry Point

TFA Enquiry Point

Mon, 01/15/2024 - 07:48 -- wtodep
Myanmar

TFA Enquiry Point အကြောင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ပြဋ္ဌာန်းထားသည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ ပုဒ်မ (၁.၃) အရ အဖွဲ့ဝင်/စာချုပ်ဝင်များသည် စိတ်ပါဝင်စားသော နိုင်ငံများ/ အဖွဲ့အစည်းများမှ မေးမြန်းလာသည့် စုံစမ်းမေးမြန်းမှုများကို ဖြေကြားနိုင်ရန်နှင့် ကုန်သွယ်မှုနှင့် ဆက်နွယ်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနိုင်ရန် National Enquiry Point များ တည်ထောင်ရန်နှင့် ယင်း National Enquiry Point များမှတစ်ဆင့် ဝန်ဆောင်မှုပေးနိုင်သည့် ကျွမ်းကျင်ဝန်ထမ်းများထားရှိရန် ဟူသော ပြဋ္ဌာန်းချက်အရ TFA Enquiry Point အား ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်ပါသည်။

Enquiry Point ထားရှိရသည့် ရည်ရွယ်ချက်

စိတ်ပါဝင်စားသည့်အဖွဲ့အစည်းများမှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အောက်ရှိ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ မေးမြန်းလာသည့် စုံစမ်းမေးမြန်းမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေကြားနိုင်ရန်အတွက် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန်နေရာ

အတွင်းရေးမှူးရုံး၊ အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ

ရုံးအမှတ် (၃)၊ စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

ဖုန်း- ၀၆၇-၃၄၀၈၄၁၁

ဖက်စ် - ၀၆၇-၃၄၀၈၃၁၁

အီးမေးလ် - [email protected]

စုံစမ်းမေးမြန်းနိုင်သည့်နည်းလမ်း

စိတ်ပါဝင်စားသည့်နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့် မေးမြန်းလိုသည့်အကြောင်းအရာအား လျှောက်လွှာတွင် ဖြည့်စွက်၍ စုံစမ်းမေးမြန်းရန်နေရာ၌ ဖော်ပြထားသည့်အီးမေးလ် ([email protected]) သို့မဟုတ် ဖက်စ် (၀၆၇-၃၄၀၈၃၁၁) မှ တစ်ဆင့် မေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်း

TFA Enquiry Point အနေဖြင့် လျှောက်လွှာမှတစ်ဆင့် ဖြည့်စွက်၍ မေးမြန်းလာသည့် မေးခွန်းများကို လက်ခံရရှိပြီး ရက်ပေါင်း (၃၀) အတွင်း ဖြေကြားပေးပါသည်။ ထူးခြားသည့်အခြေအနေရှိပါက ဖြေကြားချက်နှင့်အတူ နောက်ကျရသည့်အကြောင်းရင်းအား ရက်ပေါင်း (၄၅) ရက်အတွင်း ဖြေကြားပေးပါသည်။

Latest News: 

အမေးများသည့်မေးခွန်းနှင့်အဖြေများ

Mon, 01/15/2024 - 07:15 -- wtodep
Myanmar

၁။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုတာဘာလဲ?

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် ရိုးရှင်းလွယ်ကူစေခြင်း၊ ခေတ်မီတိုးတက်စေခြင်းနှင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းစဉ် သဟဇာတဖြစ်စေရေး အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဘာလီဝန်ကြီးများ ညီလာခံတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆွေးနွေးအတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ (၃) ပုံ (၂) ပုံခန့် အတည်ပြုသတ်မှတ်ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးသဘောတူညီချက်တွင် ကုန်စည်များ တစ်ဆင့်ဖြတ်သန်းကုန်သွယ်ခြင်း အပါအဝင် ကုန်စည်စီးဆင်းမှု ကိုအရှိန်မြှင့်တင်ရန်၊ ကုန်စည်များ ခွင့်ပြုခြင်းနှင့် ရှင်းလင်းခြင်းအပြင် အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှု များဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအမံများ/ ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။ အကောက်ခွန်နှင့်အခြားဆက်စပ် အာဏာပိုင်များကြား ကုန်သွယ်မှုပံ့ပိုးကူညီခြင်းနှင့် အကောက်ခွန် လိုက်နာမှုဆိုင်ရာကိစ္စရပ်များအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု များရှိစေရန် အစီအမံများကိုလည်း ချမှတ်ထားပါသည်။

၂။       ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်မှတစ်ဆင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးတွေက ဘာတွေလဲ?  

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ခြင်းသည် ကုန်သွယ်မှုကုန်ကျစရိတ်ကို ပျမ်းမျှအားဖြင့် ၁၄.၃%  ထိလျှော့ချနိုင်ပြီး အဆင်းရဲဆုံးနိုင်ငံများတွင် အကြီးမားဆုံး အကျိုးအမြတ်အနေဖြင့် တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်းကုန်သွယ်မှုကို ဒေါ်လာ ၁ ထရီလီယံအထိ မြှင့်တင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၌ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ပါ အကျိုးကျေးဇူးများ အပြည့်အဝရရှိရေးအတွက် လိုအပ်သော အကူအညီများရရှိရန် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုင်ရာပံ့ပိုးကူညီမှုအဖွဲ့ (TFAF) ကို ဖွဲ့စည်း တည်ထောင် ထားပါသည်။

၃။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်တွင် ပါဝင်သည့် စည်းမျဉ်း/ပုဒ်မ တွေက ဘာတွေလဲ?

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် အပိုင်း (၃) ပိုင်းပါရှိပြီး ပုဒ်မ/ စည်းမျဉ်း ၂၄ ခု ပါဝင်ပါသည်။ အပိုင်း (၁) တွင် ပုဒ်မ/ စည်းမျဉ်း (၁) မှ (၁၂) ထိ ပါဝင်ပြီး ကုန်စည်များ တစ်ဆင့်ဖြတ်သန်းကုန်သွယ်ခြင်း အပါအဝင် ကုန်စည်စီးဆင်းမှုကို အရှိန်မြှင့်တင်ရန်၊ ကုန်စည်များခွင့်ပြုခြင်းနှင့် ရှင်းလင်းခြင်းအပြင် အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအမံများ/ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။ အပိုင်း (၂) တွင်  ပုဒ်မ/ စည်းမျဉ်း (၁၃) မှ (၂၂) ထိပါဝင်ပြီး သဘောတူညီချက်ပါအစီအမံများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် နည်းပညာအထောက်အပံ့များကို တောင်းခံရယူရာတွင်လည်းကောင်း ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ခွင့်ပြုထားသည့် အထူးနှင့်သီးခြားအခွင့်အရေးများကို ထည့်သွင်းပြဋ္ဌာန်းထားပါသည်။ အပိုင်း (၃) တွင် ပုဒ်မ/ စည်း မျဉ်း (၂၃) မှ (၂၄) ထိပါဝင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကော်မတီဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အဆင့်ကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာအချက်များအား ထည့်သွင်းပြဋ္ဌာန်းထားပါသည်။

၄။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို ဘယ်သူတွေက အကောင် အထည်ဖော်ဆောင်ရွက်ရတာလဲ?

၂၀၁၃ ခုနှစ် ဘာလီဝန်ကြီးများညီလာခံတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်အား ဆွေးနွေးအတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ (၃) ပုံ (၂) ပုံခန့် အတည်ပြုသတ်မှတ်ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပါသည်။ သဘောတူညီချက်ပါအစီအမံများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်ပါအကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၅။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းများအတွက် အဘယ်ကြောင့် ကောင်းမွန် ပါသလဲ?

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပွင့်လင်း မြင်သာမှုရှိစေရန်၊ နယ်စပ်အာဏာပိုင်အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်များတွင် မျှတမှုရှိစေရန်၊  ကုန်စည်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများတွင် လွယ်ကူချောမွေ့စေရန်နှင့် ပို့ကုန်၊ သွင်းကုန်နှင့် တစ်ဆင့်ဖြတ်ကုန်သွယ်မှုများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ကန့်သတ်မှုများကို လျော့ပါးစေရန် ပံ့ပိုးဆောင်ရွက်ခြင်းများကဲ့သို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံ (၃၆) ခု ပါဝင်ပါသည်။ သဘောတူညီချက်သည် နယ်စပ်ဒေသဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ၊ ကုန်ကျစရိတ်များနှင့် နှောင့်နှေးမှုများကို လျော့ကျစေခြင်းမှတဆင့်  ကုန်သွယ်မှုကို အကျိုးဖြစ်ထွန်းစေရုံသာမက ပိုမိုအကျိုးရှိသော ထိရောက်ပြီး ခေတ်မီသောအလေ့အကျင့်ကောင်းများလည်း ရရှိစေနိုင်ပါသည်။

၆။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်အောက်ရှိ အသိပေးအကြောင်းကြားခြင်းဆိုင်ရာလိုအပ်ချက်တွေက ဘာတွေလဲ?

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်၏ အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ပြဋ္ဌာန်းထားသည့် အာတီကယ်များအရ အဖွဲ့ဝင်နိုင်ငံများသည် ဆောင်ရွက်ထားရှိမှု အခြေအနေအား အသိပေးအကြောင်းကြားရန် တာဝန်ရှိပါသည်။ ယင်းသို့ အသိပေးအကြောင်းကြားရာတွင် အကောင်အထည်ဖော်ဆောင်ရွက်မှုအား အသိပေးအကြောင်းကြားခြင်း၊ ပွင့်လင်းမြင်သာရှိမှုအရ အသိပေးအကြောင်းကြားခြင်းနှင့် Technical Assistance and Capacity Building (TACB) ဆိုင်ရာ အချက်အလက်များ အသိပေးအကြောင်းကြားခြင်း ဟူသည့် အမျိုးအစား (၃) မျိုးဖြင့် အသိပေးအကြောင်းကြားရမည်ဖြစ်ပါသည်။

၇။      အသိပေးအကြောင်းကြားခြင်းဆိုင်ရာ categories A, B and C ရာခိုင်နှုန်းကို မည်သို့တွက် ချက်ရသလဲ?

အဖွဲဝင်နိုင်ငံများသည် အသိပေးအကြောင်းကြားခြင်းဆိုင်ရာ categories A, B and C ရာခိုင်နှုန်းကို တွက်ချက်ရာတွင် သဘောတူညီချက်အပိုင်း (၁) တွင်ဖော်ပြထားသည် အစီအမံခွဲပေါင်း ၂၃၉ ခုပေါ်တွင်မူတည်၍ တွက်ချက်ရမည်ဖြစ်ပါသည်။ ဒေသတွင်းနိုင်ငံများအလိုက် သို့မဟုတ် အဖွဲ့အစည်းများအလိုက် ရာခိုင်နှုန်းတွက်ချက်ရာတွင် အဆိုပါ အဖွဲ့ဝင်အားလုံး ဆောင်ရွက်ရသည့် အစီအမံခွဲပေါင်း ၂၃၉ ခု နှင့်စပ်လျဉ်း၍  တွက်ချက်ပါသည်။ သီးခြားအစီအမံတစ်ခုအတွက် ရာခိုင်နှုန်းသည် ထိုအစီအမံတွင်ပါရှိသည့် အစီအမံခွဲများ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အရေအတွက်အပေါ်အခြေခံ၍ တွက်ချက် ပါသည်။ အသိပေးအကြောင်းကြားခြင်းများပေးပို့သည့်အခါ အဖွဲ့ဝင်များသည် အစီအမံတစ်ရပ်တွင် ပါရှိသော အစီအမံခွဲများကို ခွဲခြမ်းစိတ်ဖြာနိုင်၍ အချို့သောအရာများကို Cat A အဖြစ် သတ်မှတ်နိုင်ပြီး အခြားအရာများကို Cat B သို့မဟုတ် C အဖြစ် သတ်မှတ်နိုင်ပါသည်။ သဘောတူညီချက်၏ အပိုင်း (၁) တွင် အာတီကယ် ၁၂ ခု ရှိပြီး ဆောင်ရွက်ရမည့်အစီအမံ ၃၆ ခုနှင့် အစီအမံခွဲပေါင်း ၂၃၉ ခု ရှိပါသည်။ အစီအမံများ၊ အစီအမံခွဲများ နှင့် ယင်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို https://www.tfadatabase.org/en/agreement-structure  တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

၈။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ကူညီပေးသည့် အထူးအဖွဲ့ ရှိပါ သလား?

ကမ္ဘာကုန်သွယ်ရေးအဖွဲ့အောက်တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးကော်မတီတစ်ရပ်ရှိပြီး လက်ရှိဥက္ကဋ္ဌမှာ Mr. Carlos GUEVARA (အီကွေဒေါ) (၂၀၂၃-၂၀၂၄) ဖြစ်ပါသည်။ ကော်မတီဉက္ကဋ္ဌကို တစ်နှစ်လျှင်တစ်ခါ ရွေးချယ်တင်မြောက်လျက်ရှိပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးကော်မတီ (TF Committee) သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအား ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးသဘောတူညီချက် (TFA) ပါ အချက်များလိုက်ပါဆောင်ရွက်မှု သို့မဟုတ် သဘောတူညီချက်၏ ရည်မှန်းချက်များ ပိုမိုတိုးတက်ရေး နှင့်စပ်လျဉ်းသည့် မည်သည့်ကိစ္စရပ်များအတွက်မဆို ဆွေးနွေးတိုင်ပင်ရန် အခွင့်အရေးပေး ထားပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်၏ ပုဒ်မ ၂၃.၁ အရ ဖွဲ့စည်းတည်ထောင်ထားသော ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးကော်မတီသည် ကော်မတီ၏ ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့် ဆုံးဖြတ်ပါသည်။ ထို့နောက် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကောင်စီ (Council for Trade in Goods - CTG) ထံ အစီရင်ခံတင်ပြပြီး CTG သို့ပေးပို့သည့် နှစ်စဉ်အစီရင်ခံစာများတွင် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများကို မှတ်တမ်းထားရှိပါသည်။

၉။      ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် နည်းပညာအကူအညီနှင့်ပတ်သက် သည့် အချက်အလက်များကို ဘယ်မှာရှာလို့ရမလဲ?

ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်များဆိုင် ရာပံ့ပိုးကူညီမှုအဖွဲ့ဝက်ဘ်ဆိုက်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အလှူရှင်အဖွဲ့ဝင်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ ပေးအပ်သည့် အကူအညီနှင့် အထောက်အပံ့များဆိုင်ရာ သတင်းအချက်အလက်များ ရှိပါသည်။

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုင်ရာပံ့ပိုးကူညီမှုအဖွဲ့သည် (TFAF သို့မဟုတ် Facility) ကို ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖွဲ့ဝင်များ၏ တောင်းဆိုချက်အရ သဘောတူညီချက်ပါအကျိုးကျေးဇူးများ အပြည့်အဝ ရရှိရန်အတွက် လိုအပ်သည့်အကူအညီများရရှိစေရေး အကူအညီပေးရန်နှင့် အဖွဲ့ဝင်အားလုံး၏ အန္တိမရည်မှန်းချက်ဖြစ်သည့် သဘော တူညီချက်များ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးကို အထောက်အပံ့ပေးရန်အတွက် တည်ထောင်ထားပါသည်။

၁၀။    အဖွဲ့ဝင်နိုင်ငံများတွင် အမျိုးသားအဆင့်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပါသလား?

လိုအပ်ပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက် ပုဒ်မ ၂၃ အရ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းကျင့်သုံးရန် လိုအပ်ပါသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံများ၌  ကော်မတီများဖွဲ့စည်းရာတွင် သက်ဆိုင်ရာဌာန အလိုက် ကွဲပြားနိုင်သောကြောင့် မည်သို့ဖွဲ့စည်းသင့်သည်နှင့်ပတ်သက်၍ လမ်းညွှန်ထားခြင်းမရှိပါ။

၁၁။    ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်အရ နိုင်ငံတော်အဆင့် ကော်မတီ အား ဖွဲ့စည်းထားပါသလား?

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက် ပုဒ်မ ၂၃ အရ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးကော်မတီ ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကော်မတီတွင် အဖွဲ့ဝင် (၁၉) ဦး ဥက္ကဋ္ဌ (၂) ဦး ၊ အတွင်းရေးမှူး (၂) ဦးတို့ ပါဝင်ဖွဲ့စည်းထားရှိကာ လုပ်ငန်းတာဝန် (၁၀) ရပ်နှင့်  လုပ်ငန်းအစီအမံ (၄) ခု သတ်မှတ်ဆောင်ရွက် လျက်ရှိပါသည်။ ကော်မတီအစည်းအဝေးများကို  (၁) နှစ်လျှင် (၂) ကြိမ် ကျင်းပလျက်ရှိပါသည်။

Latest News: 

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်

Mon, 01/15/2024 - 07:03 -- dotadmin
Subscribe to RSS - TFA Enquiry Point