မဟာမဲခေါင်ဒေသခွဲ

Fri, 11/18/2011 - 10:14 -- Anonymous (not verified)

မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်

Greater Mekong Sub-region Economic Cooperation Program (GMS)

 

နိဒါန်း

၁။         တည်ငြိမ်အေးချမ်းမှု၊ လူနှင့်သဘာဝအရင်းအမြစ်များ၏ လိုက်ဖက်ပေါကြွယ်ဝမှု၊ ပထဝီအနေအထားအရ ထိစပ်မှုရှိသည့် အားသာချက်များကို ဆုပ်ကိုင်၍ မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ (၆) နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ယူနန်ပြည်နယ်)၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် အပြန်အလှန် အကျိုးဖြစ်ထွန်းရေးအတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Greater Mekong Subregion-Economic Cooperation) တစ်ရပ်ကို အာရှဖွံ့ဖြိုရေး ဘဏ်၏ပံ့ပိုးမှုဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြပါသည်။ GMS အစီအစဉ်အနေဖြင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ပြောင်းလဲမှုများ၊ ရှေ့သွား နောက်လိုက်ညီညွတ်မှုများ၊ ဈေးကွက်ဖွင့်လှစ်ရေး အစီအမံများနှင့်ပတ်သက်၍  အဖွဲ့ဝင်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် မဟာမဲခေါင်ဒေသခွဲသည် အရှေ့တောင်အာရှအလယ်ပိုင်းတွင် တက်ကြွသော စီးပွားရေးဒေသတစ်ခု ဖန်တီးရာ၌ အားမန်အပြည့်ဖြင့် ဆက်လက်ချီတက်လျက်ရှိပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်နှင့်ကပ်လျက် Guargxi Zhuang Autonomous Region ပါ ပါဝင်လာပြီး ဖြစ်ပါသည်။

မျှော်မှန်းချက်

၂။       မဟာမဲခေါင်ဒေသခွဲမှ ဒေသအားလုံးနှင့် လူမျိုးစုများအတွက် သိသိသာသာဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများဖွင့်ပေးခြင်း၊ ဆင်းရဲမွဲတေမှုမှ လူထုကိုလွတ်မြောက်စေခြင်းဖြင့် မဟာမဲခေါင်ဒေသခွဲသည် ၎င်း၏ကြီးမားသော အလားအလာကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ရန် မျှော်မှန်းချက်ထားရှိပါသည်။

ရည်ရွယ်ချက်

၃။       မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

         (က)   မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် လူနေမှုအဆင့် အတန်းမြင့်မားလာစေရန်။

         (ခ)    ဒေသခွဲအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်း များ ရှာဖွေဖော်ထုတ်ရန်။

         (ဂ)  အခြေခံစီးပွားရေး အဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖေါ်ခြင်းဖြင့် ဒေသအတွင်းစက်မှုလယ်ယာ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။

အကောင်အထည်ဖော်ဆောင်ရွက်မည့် အဓိကဦးစားပေးကဏ္ဍများ

၄။      မဟာမဲခေါင်ဒေသပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သည် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအမြစ်မျှဝေခံစားရေးနှင့် ဖွံဖြိုးတိုးတက်ရေး၊ ဒေသခွဲအတွင်းလူနှင့်ကုန်ပစ္စည်းများ လွတ်လွတ်လပ်လပ် စီးဆင်းသွားလာရေးကို အထောက် အကူပြုရန် ဖြစ်ပါသည်။ မဟာမဲခေါင်ဒေသခွဲ၏ အဓိကဆောင်ပုဒ်မှာဆက်သွယ်၊ ယှက်နွယ်၊ ပေါင်းစည်းကြမယ်ဟုသော Three Cs ဖြစ်သည့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှု (Connectivity)၊ ပြိုင်ဆိုင်မှု (Competitiveness) နှင့် ပေါင်းစည်းမှု (Community) တို့ကို ရှေ့ရှုဆောင်ရွက်ရန်ဖြစ်ပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အဓိက ဦးစားပေးကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

             (က)   သယ်ယူပို့ဆောင်ရေး(Transport)

            ( ခ )   ဆက်သွယ်ရေး(Communication)

            ( ဂ )   စွမ်းအင်(Energy)

           (ဃ)   ကုန်သွယ်ရေး(Trade)

          ( င )   ရင်းနှီးမြှုပ်နှံမှု(Investment)

          ( စ )   စိုက်ပျိုးရေး(Agriculture)

          (ဆ)   သဘာဝပတ်ဝန်းကျင်(Environment)

         ( ဇ )   ခရီးသွားလုပ်ငန်း(Tourism)

         ( ဈ )   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး(Human Resources Development)

ASEAN GIGHWAY ROUTES IN MYANMAR

 

၅။      မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ အဝေးပြေးလမ်းသည် များသောအားဖြင့် စီးပွားရေးစင်္ကြံသတ်မှတ်ချက်အပေါ် မူတည်သတ်မှတ်ထားပါသည်။ စီးပွားရေးစင်္ကြဲံများ ရေးဆွဲရာမှာ အဓိကအားဖြင့် အ‌ခြေခံအဆောက်အဦ ဖွံ့ဖြိုးလာရေး၊ အဓိကမြို့ကြီး များနှင့် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာရှိသော ဒေသများဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူရေး၊ ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်မှုဆောင်ရွက်နိုင်ရေးအပေါ် မူတည်၍ စီးပွားရေးစင်္ကြံများ သတ်မှတ်ခဲ့ပါသည်။

၆။      အဖွဲ့ဝင်နိုင်ငံများ အချင်းအချင်း အဓိကချိတ်ဆက်ထားသည့် မဟာမဲခေါင်ဒေသခွဲစီးပွားရေး စင်္ကြံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

         (က)   အရှေ့အနောက်စီးပွားရေးစင်္ကြံ (East - West Economic Corridor - EWEC)

         ( ခ)    တောင် - မြောက်စီးပွားရေးစင်္ကြံ(North - South Economic Corridor - NSEC)

         ( ဂ)    တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic Corridor - Sure)

North - South Economic Corridor (တောင် - မြောက် စီးပွားရေးစင်္ကြံ)

  ၇။      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ (Kumming) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ (Bangkok) မြို့အထိ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့ကို ဖြတ်သန်းသွားသော လမ်းကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့နှင့် နန်နင်းမြို့ (Nanning) တို့မှ ဗီယက်နမ် နိုင်ငံ၊  ဟိုင်ဖုံ (Haiphong) နှင့် ဟနွိုင်း (Hanoi) မြို့များသို့ ဆက်သွယ်ထားသော လမ်းကြောင်းများကို ကုန်သွယ်မှုပြုရန်အတွက် အသုံးပြုမည်ဖြစ်ပြီး တောင် - မြောက် စီးပွားရေးစင်္ကြံ (Nouth-South Economic Corridor) အဖြစ် ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ပါသည်။ တောင် - မြောက် စီးပွားရေးစင်္ကြံကို စင်္ကြံခွဲ (Sub-Corridor) သုံးခုခွဲထားပါသည်-

           (က)    အနောက်ပိုင်းစင်္ကြံခွဲ( Western Sub-Corridor)။  တောင်-မြောက်စီးပွားရေး စင်္ကြ၏အနောက်ပိုင်း စင်္ကြံခွဲကို အောက်ပါအတိုင်းနှစ်ပိုင်း ထပ်မံခွဲခြားထားပါသည် -

 

 

            (၁)     R3b လမ်းကြောင်း။   တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ ဂျင်ဟောင်း မြို့(Jinghong) ကို ဖြတ်၍ မြန်မာနိုင်ငံ မိုင်းလားမှ တစ်ဆင့်၊ ကျိုင်းတုံ၊ တာချီလိတ်တို့ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမယ်ဆိုင် (Mai Sai)      မှတဆင့် ဘန်ကောက်မြို့အထိ လမ်းကြောင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအပိုင်းအနေဖြင့် တာချီလိတ်- မိုင်းလား လမ်းကြောင်းမှာ ၁၆၈ မိုင် (၂၆၈.၈ ကီလိုမီတာ) ရှိပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကုန်ပစ္စည်းများနှင့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ Transit Trade ဆောင်ရွက်ရန်လမ်းကြောင်း အနေအထားသည် လာအိုနိုင်ငံမှ ဖြတ်ကျော်သွားမည့် လမ်းကြောင်းထက် ပိုမိုတိုတောင်းပြီး အချိန်ကုန်သက်သာမှုရှိသည့်အတွက် အလားအလာကောင်းများရှိနေပါသည်။

            (၂)   R3a လမ်းကြောင်း။   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ မိုဟန်မြို့ (Mohan) နယ်စပ်ကိုဖြတ်၍ လာအိုနိုင်ငံ၊ ဘိုတန်မြို့ (Boten) မှတဆင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ (Chiang Rai) ကိုဖြတ်ပြီး  ဘန်ကောက်မြို့အထိ သွားသော လမ်းကြောင်းဖြစ်ပါ သည်။

(ခ)     အလယ်ပိုင်းစင်္ကြံခွဲ(Central Sub-Corridor)။   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ ကူမင်းမြို့မှ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုံမြို့နှင့် ဟနွိုင်းမြို့တို့သို့ ဆက်သွယ် ထားသောလမ်းကြောင်းသည် တောင်-မြောက် စီးပွားရေးစင်္ကြံ၏ အလယ်ပိုင်းစင်္ကြံခွဲ ဖြစ်ပါသည်။

( ဂ )   အရှေ့ပိုင်းစင်္ကြံခွဲ(Eastern Sub-Corridor)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ နန်နင်းမြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟိုင်ဖုံမြို့နှင့် ဟနွိုင်းမြို့တို့သို့ ဆက်သွယ်ထားသော လမ်းကြောင်းသည် တောင် - မြောက် စီးပွားရေးစင်္ကြံ၏ အရှေ့ပိုင်းစင်္ကြဲံခွဲ ဖြစ်ပါသည်။

 

Southern Economic Corridor (တောင်ပိုင်းစီးပွားရေး စင်္ကြံ)

၈။      မဟာမဲခေါင်ဒေသခွဲ၏ CBTA စာချုပ်သည် ASEAN တွင်ရေးဆွဲထားသော အာဆီယံကုန်လမ်းပို့ဆောင်ရေး သဘောတူစာချုပ်များဖြစ်သည့်  ASEAN Framework Agreement on the facilitation of goods in Transit -AFAGIT (အာဆီယံ နိုင်ငံဖြတ်သန်း ကုန်စည်များပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး မူဘောင်သဘော တူညီချက်)၊ ASEAN Framework Agreement on the facilitation of Inter-State Transport- AFAFIST (အာဆီယံနိုင်ငံ အချင်းချင်း ပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေးမူဘောင်သဘောတူညီချက်) နှင့်  ASEAN Agreement on Mulimodal Transport  (အာဆီယံ ဘက်စုံပို့ဆောင်ရေး သဘောတူညီချက်) ဟူ၍ (၃) ခု ခွဲခြား၍ ဆောင်ရွက်သကဲ့သို့ မဟုတ်ဘဲ စာချုပ်တစ်ခုတည်းတွင် အားလုံးအကျုံးဝင်စေရန် ရေးဆွဲထားသောစာချုပ် ဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် ကုန်စည်ပို့ဆောင်ရေးသာမက လူများ နိုင်ငံဖြတ်သန်းသည့်ကိစ္စများကိုပါ ထည့်သွင်း ရေးဆွဲထားပါသည်။

မြန်မာ - ထိုင်း IICBTA နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများ

၉။      မြန်မာနိုင်ငံသည် CBTA ကို ကနဦးစတင်ခြင်းအနေဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နယ်စပ် ဖြတ်ကျော်ပို့ဆောင်ရေး ကနဦးအကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာ (Initial Implementation of a Cross Border Transport Agreement –IICBTA)တို့ကို (၁၃-၃-၂၀၁၉) ရက် နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ၊ ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပါသည်။

၁၀။    (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) ကို ဖွင့်လှစ်ခဲ့ပြီး၊   ကုန်မဲ့ပြေးဆွဲခြင်း (Dry Run)ကို နှစ်နိုင်ငံအပြန်အလှန်ဝင်/ထွက် စမ်းသပ်ပြေးဆွဲခဲ့ပါ သည်။

၁၁။    IICBTA MoU အရ  မြန်မာ - ထိုင်း နှစ်နိုင်ငံ ပြေးဆွဲခွင့်ပြုမည့်လမ်းကြောင်းများမှာ-

          (က)    ထိုင်းနိုင်ငံအတွင်း (“မဲဆောက်- ပစ္စနလော့- ခုန်ခမ်း- မုဒဟန်”နှင့် “မဲဆောက်- ဘန်ကောက် - လန်ချဘန်” လမ်းကြောင်း) နှင့်

          ( ခ )   မြန်မာနိုင်ငံအတွင်း (“မြဝတီ - ကော့ကရိတ်-ဇာသပြင်-မော်လမြိုင်” နှင့် “မြဝတီ - ကော့ကရိတ် - ဘားအံ- ကျိုက်ထို-ဝေါ - ပဲခူး -ရန်ကုန် - သီလဝါ” လမ်းကြောင်း) တို့ဖြစ်ပါသည်။

မြန်မာ - တရုတ် IICBTA နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများ

၁၂။     မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးအကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာ-ထိုင်း IICBTA MoU ကိုကိုးကား၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

၁၃။    သဘောတူစာချုပ်၏ ရည်ရွယ်ချက်။   အောက်ပါအတိုင်းဖြစ်ပါသည် -

        (က)   စာချုပ်ဝင်နိုင်ငံများအတွင်း ကုန်စည်နှင့်ခရီးသည်များ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာတွင် လွယ်ကူ ချောမွေ့စေရန်။

        ( ခ )   နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အခြား သတ်မှတ်ချက်များ ရှင်းလင်းလွယ်ကူပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနီးစပ်ဆုံး တူညီမှုရှိစေ ရန်။

        ( ဂ )   သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးမျိုးဖြင့် ဆက်စပ်၍ ပို့ဆောင်သည့် Multimodal စနစ်ကို တိုးချဲ့ ကျင့်သုံးလာကြစေရန်။

၁၄။    မူဘောင်သဘောတူစာချုပ်တွင် အပိုဒ်ပေါင်း (၄၄) ခုပါရှိပြီး အပိုင်း ၁၀ ပိုင်းဖြင့် ခွဲခြားဖော်ပြ ထားပါသည်။ စာချုပ်သည် မူဘောင်သဘောတူစာချုပ်သာဖြစ်၍ လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်စေရေးအတွက် အသေးစိတ် အချက်အလက်များ ဖော်ပြပါရှိသည့် နောက်ဆက်တွဲနှင့် အခြေပြ စာချုပ်ငယ် စုစုပေါင်း (၂၀) အား အဖွဲ့ဝင်နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ပြီး လက်ခံအတည်ပြုမှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ စာချုပ်ငယ်များတွင် ဖော်ပြချက်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပါက အဖွဲ့ဝင်နိုင်ငံများ စုံညီ ပြန်လည်နှိုင်းရမည့် နောက်ဆက်တွဲစာချုပ်ငယ် (Annex) (၁၇) ခုပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ချင်းနှင့်သက်ဆိုင်သည့် အဖွဲ့ဝင်နိုင်ငံ အချင်းချင်းညှိနှိုင်း၍ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်သော အခြေပြစာချုပ်ငယ် (Protocol) (၃) ခု ပါဝင် ပါသည်။

၁၅။    နောက်ဆက်တွဲစာချုပ် (၁၇) ခုနှင့် အခြေပြစာချုပ်ငယ် (၃) တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

        (က)    Annex 1      အန္တရာယ်ရှိသောကုန်ပစ္စည်းများသယ်ဆောင်ခြင်း။  (Carriage of Dangerous Goods)

        (ခ)   Annex 2        နိုင်ငံတကာသွားလာမှုအတွက် မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်း။(Registration of Vehicles in International Traffic)

       ( ဂ )  Annex 3       ပုပ်သိုးပျက်စီးလွယ်သော ပစ္စည်းများသယ်ဆောင်ခြင်း။(Carriage of Perishable Goods)

       (ဃ)    Annex4      နယ်စပ်ဖြတ်ကျော်လုပ်ထုံးလုပ်နည်းများလွယ်ကူထိရောက်မြန်ဆန်ရေး။(Facilitation of Frontier Crossing Formalities)

       ( င )   Annex 5       လူများနယ်စပ်ဖြတ်ကျော်သွားလာခြင်း။ာ Cross Border Movement of People)

       ( စ )   Annex 6       ဖြတ်သန်းခြင်းနှင့်ပြည်တွင်းအကောက်ခွန်စစ်ဆေးခြင်းစနစ်။ (Transit and Inland Clearance Customs Regime)

       (ဆ)    Annex 7     ယာဉ်သွားလာမှု စည်းမျဉ်းများနှင့် လမ်းညွှန်းအမှတ်အသားများ။ (Road Traffic Regulation and Signage)

      ( ဇ )   Annex 8      မော်တော်ယာဉ်များယာယီဝင်ထွက်ခြင်း။ (Temporary Importation of Motor Vehicle)

     ( ဈ )   Annex 9    ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများကို လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းများ။ ( Criteria for Licensing of Operators for Cross-Border Transit Operations)

     (ည)   Annex 10      ပို့ဆောင်ရေးဆိုင်ရာသတ်မှတ်ချက်များ။ (Conditions of Transport)

     (ဋ)   Annex 11      လမ်းနှင့်တံတားဆောက်လုပ်မှုစံချိန်စံညွှန်းများ။ ( Road and Bridge Design and Construction Standards and Specifications)

     (ဌ)   Annex 12      လိုအပ်သည့် ဝန်ဆောင်မှုနှင့် အထောက်အကူပြုမှုများ။  (Border Crossing and Transit  Facilities and services)

     (ဍ)   Annex 13(a)  ဘက်စုံသယ်ယူပို့‌ဆောင်သူတာဝန်များ။ (Multimodal Carrier Liability Regime)

     (ဎ)   Annex13(b)  ဘက်စုံသယ်ယူပို့ဆောင်သူများကို လိုင်စင်ထုတ်ပေးရေးဆိုင်ရာစံညွှန်းများ။ (Criteria for Licensing of Multimodal Transport Operators for Cross- Border Transport Operations)

    (ဏ)    Annex14    ကွန်တိန်နာဆိုင်ရာ အကောက်ခွန်စနစ် ။ (Container Customs Regime)

   (တ)    Annex15     ကုန်ပစ္စည်းခွဲခြားသတ်မှတ်ချက်စနစ်။ (Commodity Classifications System)

   (ထ)    Annex 16     ယဉ်မောင်းလိုင်စင်ဆိုင်ရာစံနှုန်းများ။ (Criteria for Driving license)

   (ဒ)   protocol-1     လမ်းကြောင်းများ၊ အဝင်အထွက်နေရာများ သတ်မှတ်ခြင်း။ (Designation of Corridors, Routes and Point of Entry and Exit)

   (ဓ)   protocol-2     ဖြတ်သန်းပို့ဆောင်ခြင်းဆိုင်ရာအခများ။ (Charges Concerning Transit Traffic)

   (န)   Protocol-3      လုပ်ငန်းပမာဏ အကြိမ်ရေနှင့်ပါမစ် ထုတ်ပေးခြင်း။ (Frequency and capacityof Services and Issuance of Quotas and Permits )

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးဖိုရမ် (Greater Mekong Subregion – Business Forum)

နယ်စပ်ဖြတ်ကျော်မှု လွယ်ကူချောမွေ့စေရေး      

၁၆။    သဘောတူစာချုပ်တွင် နယ်စပ်ဖြတ်ကျော်ရေးကိစ္စများ၊ လူနှင့်ကုန်စည်များ ဖြတ်သန်း သယ်ဆောင်ရေးကိစ္စရပ်များ၊ မော်တော်ယာဉ် အဝင်အထွက် ကိစ္စရပ်များ၊ နယ်စပ်ဂိတ်များ၌ စစ်ဆေးရေး ကိစ္စရပ်များ၊ လမ်းတံတား ဆိုင်ရာကိစ္စရပ်များ၊  ပူးတွဲကော်မတီ ဖွဲ့စည်းရေးကိစ္စရပ်များ အစရှိသည်တို့နှင့် ပတ်သက်၍ နယ်စပ်ဖြတ်သန်းမှုများ လွယ်ကူချောမွေ့စေရန် နောက်ဆက်တွဲ စာချုပ်ငယ်  (၄) နှင့်အညီ အောက်ပါ တို့ကို ချမှတ်ဆောင်ရွက်သွားရန် ဖြစ်ပါသည် -

       (က)    Single Window Inspection။     လူများဝင်ထွက်ရန်နှင့် ပတ်သက်၍ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ ယာဉ်မောင်း လိုင်စင်၊ နိုင်ငံခြားငွေ၊ အကောက်ခွန်၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများ ကိုလည်းကောင်း၊ ကုန်စည်များ နှင့်ပတ်သက်၍ အကောက်ခွန်၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အပင်ပိုးမွှားရောဂါ ကာကွယ်ရေး၊ တိရိစ္ဆာန် ဆေးကုသရေးဆိုင်ရာကိစ္စ ရပ်များကိုလည်းကောင်း သက်ဆိုင်ရာဌာနအာဏာပိုင်များဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေးဌာနများ မှ အာဏာပိုင်များ ပူးတွဲပါဝင်စေပြီး တစ်ပြိုင်နက်တည်း စစ်ဆေးကြရန်ဖြစ်ပါသည်။

        (ခ )   Single- Stop Inspection။   နယ်နိမိတ်ဆက်စပ်နေသော နှစ်နိုင်ငံအာဏာပိုင် အဖွဲ့အစည်းများသည် စစ်ဆေးမှုများကို ပူးတွဲ၍ တစ်ပြိုင်နက်တည်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။ နယ်စပ်ကွပ်ကဲရေးစခန်းသတ်မှတ်၍ မရနိုင်လျှင် စာချုပ်ဝင်နိုင်ငံမှ သက်ဆိုင်ရာအရာရှိများကို အခြားစာချုပ်ဝင်နိုင်ငံများ၏ နယ်မြေအတွင်းဝင်ရောက်၍ တာဝန်ထမ်းဆောင် ခွင့်ပြုရန် ဖြစ်ပါသည်။

      (ဂ)   အဆိုပါ Single Window Inspection နှင့် Single Stop Inspection ကို အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေပါသည်။

ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အခန်းကဏ္ဍ

၁၇။    မဟာမဲခေါင်ဒေသခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အခန်းကဏ္ဍမှာ မဟာမဲခေါင်ဒေသအတွင်း ဆက်စပ်လျက်ရှိသော နိုင်ငံများ၏ နယ်စပ်ဒေသကိုဖြတ်ကျော်၍ ကုန်သွယ်မှုများနှင့်ပတ်သက်၍ လွယ်ကူ လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရန်မှာ လူနှင့်ကုန်စည်များ၊ ယာဉ်များဝင်ထွက်သွားလာမှု မှန်ကန်၊ မြန်ဆန်ရန်နှင့် နိုင်ငံကို ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အခြားသက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဖြေလျော့မှုများကို ဆောင်ရွက်ပေးလျက် ရှိပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၁၈။    မဟာမဲခေါင်ဒေသခွဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် - GMS ကို National Focal ဝန်ကြီးဌာနဖြစ်သည့်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးကိစ္စရပ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

၁၉။   GMS အစီအစဉ်အောက်တွင်ရှိမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Task Force on Trade and Investment) တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် Core Member အဖြစ် ပါဝင်ပါသည်။

၂၀။    GMS အစီအစဉ်အရ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပိုမိုနီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Information and Communications Technology နှင့် Transport and Trade Facilitation အဖွဲ့များတွင် Focal Point အဖြစ် လိုက်ပါဆောင်ရွက်လျက် ရှိပါသည်။

နိဂုံး

၂၁။     မဟာမဲခေါင်ဒေသခွဲနိုင်ငံများအကြား၊ ကုန်သွယ်ရေးနှင့်စီးပွားရေးချိတ်ဆက်မှုများဖြင့် ရုပ်ဝတ္ထု ဆက်သွယ်မှု ကောင်းမွန်ခြင်းများ၊ လူနှင့်အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီး မြှုပ်နှံမှုများ၊ လူထုအတွေးအမြင်များ ဖွံ့ဖြိုးလာခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ အဖွဲ့ဝင်နိုင်ငံများအတွင်း အကျိုး အမြတ်ရရှိမှု အသိအမြင်များ တိုးပွားလာပြီး၊ ထိုမှတဆင့်မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၏ မျှော်မှန်းချက်ဖြစ်သော ဒေသတွင်းပေါင်းစည်းရေး၊ သာတူညီမျှဖြစ်ရေးနှင့် သာယာဝပြော ရေးရရှိရန် ညီညွတ်စွာဆက်လက်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

၂၂။   မဟာမဲခေါင်ဒေသခွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၏ အခန်းကဏ္ဍမှာ နယ်စပ်ဒေသကိုဖြတ်ကျော်၍ ကုန်သွယ်မှုများနှင့်ပတ်သက်၍ လွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် e-Commerce လုပ်ငန်းများကို ပီပီပြင်ပြင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရန်မှာ လူနှင့်ကုန်စည်များ၊ ယာဉ်များဝင်ထွက်သွားလာမှု မှန်ကန်၊ မြန်ဆန်ရန်နှင့် နိုင်ငံကိုထိခိုက်နစ်နာစေမည့်ကိစ္စရပ်များ မဖြစ်ပေါ် စေရေး အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ e-Commerce ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေး အတွက် Focal Ministry ဖြစ်သည့် ဆက်သွယ်ရေး၊သတင်း အချက်အလက်၊ နည်းပညာဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

https://greatermekong.org/