BIMSTEC

Thu, 09/22/2011 - 02:50 -- Anonymous (not verified)

ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်

(Bay of Bengal Initiative for Multi - Sectoral Technical and Economic Cooperation - BIMSTEC)

 

နိဒါန်း

၁။       ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျှက်ရှိသော နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးကို အဓိကထားရှေ့ရှု၍ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြု မှုအစီအစဉ် (BIMSTEC) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌   (၆ - ၆ - ၁၉၉၇) တွင် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိအဖွဲ့ဝင်နိုင်ငံများမှာ-

          (က)     ဘင်္ဂလားဒေ့ရှ်နိုင်ငံ

          ( ခ)      အိန္ဒိယနိုင်ငံ

          ( ဂ)      မြန်မာနိုင်ငံ

          (ဃ)     သီရိလင်္ကာနိုင်ငံ

          ( င)      ထိုင်းနိုင်ငံ

          (စ)       နီပေါနိုင်ငံ

          (ဆ)     ဘူတန်နိုင်ငံ တို့ဖြစ်ကြပါသည်။

 

 

BIMSTEC အဖွဲ့ကြီး ဖြစ်တည်ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း

၂။        ဘင်္ဂလားပင်လယ်အော်ဒေသအတွင်းရှိ နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့်  ထိုင်းနိုင်ငံတို့ ပါဝင်သော ဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို  ဖွဲ့စည်းရန် ထိုင်းနိုင်ငံက ဦးဆောင်အစပြုကာ အိန္ဒိယ နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။  ထို့နောက် (၆ - ၆ - ၁၉၉၇) တွင် ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဝန်ကြီးများ အစည်းအဝေးက ဘန်ကောက်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာ လျက် ‌ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း နိုင်ငံ တို့ပါဝင်သော ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ၊ သီရိလင်္ကာ နှင့်  ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဘစ္စတက် Bangladesh - India- Sri Lanka -  Thailand  Economic  Cooperation   -   BIST-EC  ကို  ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းသစ် စတင်တည်ထောင် ချိန်တွင်  မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ခြင်း မရှိသေးပါ။

၃။       ၂၂-၁၂-၁၉၉၇ တွင် ပြုလုပ်ခဲ့သော ဝန်ကြီးများ အထူးအစည်းအဝေးက မြန်မာနိုင်ငံအား  အဖွဲ့ဝင် နိုင်ငံသစ်အဖြစ်  တရားဝင်လက်ခံခဲ့၍ အဖွဲ့အမည်ကိုလည်း ဘင်းမ်စတက်  Bangladesh - India- Myanmar- Sri -Lanka -  Thailand  Economic  Cooperation  -  BIMST-EC   ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ ၈-၂-၂၀၀၄  တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌  ကျင်းပပြုလုပ်သော ဆဌမအကြိမ် ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘူတန်နှင့်  နီပေါနိုင်ငံတို့သည် အဖွဲ့ဝင် နိုင်ငံသစ်များဖြစ်လာခဲ့ပါသည်။  ထို့နောက် ၂၀၀၄ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သော ပထမအကြိမ် ထိပ်သီးညီလာခံက အဖွဲ့အမည်ကို ဘင်္ဂလား ပင်လယ် အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ( BIMST-EC  -  Bay  of  Bengal  Initiative  for  Multi -  Sectoral Technical  and  Economic Cooperation) အဖြစ် အမည်ပြောင်းလဲခေါ်‌ဝေါ် ခဲ့ပါသည်။

၄။       ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများသည် အရှေ့တောင်အာနိုင်ငံများအဖွဲ့ (ASEAN) တွင် ပါဝင်သောနိုင်ငံ များ ဖြစ်ရုံသာမက တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SAARC) တွင်လည်း ပါဝင်သောနိုင်ငံများ ဖြစ်ကြသဖြင့် ဘင်းမ်စတက် အဖွဲ့ကြီးသည် ယင်းဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းနှစ်ခုကို ဆက်စပ်ပေါင်းကူးပေးသည့်  အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။ ဘင်းမ်စတက်အဖွဲ့သည် အခြားသောအဖွဲ့ အစည်းများနှင့်မတူဘဲ ကွဲပြားခြားနားနေခြင်းမှာ နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည် တို့ကွဲပြားကြသည့်  နိုင်ငံများနှင့် ဖွဲ့စည်းတည်ထောင်ထားခြင်းကြောင့်ဖြစ်ပါသည်။

 

အဖွဲ့၏ရည်ရွယ်ချက်

၅။       ဘင်းစတက်အဖွဲ့ကို စတင်အသက်ဝင်စေသည့် ဘန်ကောက်ကြေငြာစာတမ်းတွင် ဖော်ပြထားသည့် အဖွဲ့ကြီး၏မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များမှာ-

(က) စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမည့်အခြေအနေနှင့်ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေး ရန်အတွက် ကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီးမြှုုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး၊ ခရီးသွား          လုပ်ငန်း ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန်။

 ( ခ)  ဒေသခွဲအတွင်း စီးပွားရေးနှင့်လူမှုရေး တိုးတက်မှုမြှင့်တင်ရန်တန်း တူရည်တူနှင့်လုပ်ဖော် ကိုင်ဖက်စိတ်ဓါတ်ဖြင့် ပူးတွဲဆောင်ရွက်ရန်။

 ( ဂ)  အဖွဲ့ဝင်နိုင်ငံများအားလုံး အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊  သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန် အကူအညီပေးရန်။

 (ဃ)  ပညာရေး၊ လုပ်ငန်းခွင် စွမ်းရည်တိုးမြှင့်ရေးနှင့် နည်းပညာဆိုင်ရာသင်တန်းနှင့် သုတေသနအကူ အညီများပေးခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီပံ့ပိုးပေးကြရန်။

 ( င)   ပြည်သူတို့၏ လူနေမှုအဆင့် မြှင့်တင်ရေးကို အကျိုးပြု၍ အမျိုးသားစီမံကိန်းများကိုအထောက် အကူပြုစေနိုင်သောအလုပ်အကိုင်ပိုမိုရရှိရေး၊သယ်ယူပို့ဆောင်ရေ နှင့် ဆက်သွယ်ရေးပိုမို ကောင်းမွန်စေရေးနှင့် အခြား ကြိုးပမ်းမှုများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။

 ( စ)    ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်းတူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် နီးကပ်စွာနှင့်အကျိုးရှိစွာပူးပေါင်းဆောင်ရွက်ရန်။

 (ဆ)   ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလာဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုအတွင်းရနိုင်သော စုပေါင်း အားကို  အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ဖြစ်ပါသည်။

အဖွဲ့ဝင်နိုင်ငံများက လက်ခံကျင့်သုံး ဆောင်ရွက်ရမည့်အ‌ခြေခံ သဘောတရားများ

၆။       ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ခံကျင့်သုံးဆောင်ရွက်ရမည့် အ‌ခြေခံသဘောတရားများမှာ-

(က)  အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အချုပ်အခြာအာဏာညီမျှမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးလွတ်လပ်မှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမှု အခြေခံသဘောတရားအသီးသီးပေါ်တွင် အခြေခံရမည်။

(ခ)အဖွဲ့အစည်းအတွင်းပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သောနှစ်ဦးနှစ်ဖက် (သို့) ဒေသဆိုင်ရာ (သို့) ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက်အစားထိုးသည့်အရာတစ်ခုမဟုတ်ဘဲ ထပ်မံဖြည့်စွက်မှု တစ်ခု ဖြစ်ရမည်။

ဘင်းမ်စတက်အဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ယန္တရားများ

၇။       BIMSTEC အဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုယန္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

          (က)    နှစ်စဉ် ဝန်ကြီးများအစည်းအဝေးကို  အဖွဲ့ဝင်နိုင်ငံများက အင်္ဂလိပ်အက္ခရာစဉ်အရ အလှည့်ကျ တစ်နှစ်စီ လက်ခံကျင်းပပေးရန်၊

          ( ခ)    အဆင့်မြင့် အရာရှိကြီးများကော်မတီသည် ပုံမှန်တွေ့ဆုံရမည်ဖြစ်ပြီး လိုအပ်သောအခါတွင် လည်း တွေ့ဆုံရန်၊

      (ဂ)  အထူးလုပ်ငန်းအဖွဲ့များနှင့် အခြားသောလုပ်ငန်းဆောင်ရွက်မှု ယန္တရားများကို အဖွဲ့ဝင်နိုင်ငံများမှ သင့်လျော်သလို ညှိနှိုင်းဆောင်ရွက်ရန် အကြီးတန်းအရာရှိကြီးများက လိုအပ်သလို  ဖွဲ့စည်း ဆောင်ရွက်ရန်၊

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များ

၈။       ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ၌ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက်ဝန်ကြီးများ အထူး အစည်းအ‌ဝေးတွင် အာရှနှင့်ပစိဖိတ်ဒေသစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) မှ လေ့လာပြုစုတင်ပြခဲ့သော ဘင်းမ်စတက်အဖွဲ့   ဝင်နိုင် ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆိုပြုစာတမ်းကို လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ယင်းစာတမ်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ပို့ဆောင်ဆက် သွယ်ရေး ၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊   စိုက်ပျိုးရေး   ၊ ရေလုပ်ငန်းနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးစသည့် ကဏ္ဍ(၉) ရပ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းအဆိုပြုချက် (၃၀) တိတိကို အကြံပြုတင်ပြခဲ့ပါသည်။ ESCAP မှ အဆိုပြုခဲ့သော စီမံကိန်း (၃၀)အနက်    ပထမ   အဆင့်အနေဖြင့် ဦးစားပေးအကောင်အထည်ဖော်ရန် ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်း (၈) ခု ပါဝင်သည့်ဘင်းမ်စတက်အဖွဲ့၏   ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း  အစီအစဉ် (BIMST-EC  Cooperative  Work  Programme )  ကို  ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးခဲ့ပါသည်။ အဆိုပါစီမံကိန်း (၈) ခုမှာ-

(က)     ဘင်းမ်စတက် စီးပွားရေးဖိုရမ်  တည်ထောင်ရေး၊

( ခ)    ချည်မျှင်အထည်အလိပ်၊ ဆေးဝါး၊ ကျောက်မျက်ရတနာ၊ သစ်သီးဝလံပန်းမာန်နှင့် သတင်းဖြန့်ချီ ရေးနည်းပညာ စသည့်ကဏ္ဍ (၅) ရပ်တွင် ကုန်သွယ်မှုမြှင့်တင်ရေး၊

( ဂ)    အကောက်ခွန်မဟုတ်သောနည်းဥပဒေလုပ်ထုံးလုပ်နည်း အတားအဆီးများဖယ်ရှားရေး၊ဈေးကွက် ရရှိရေးနှင့် ကုန်သွယ်မှုသက်သာခွင့်ပေးရေးအတွက်  ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊

                       (ဃ)     နည်းပညာလွှဲပြောင်းရေးနှင့်  နည်းပညာစွမ်းရည်တည်ဆောက်ရေး၊

                       ( င)      ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုဖြည့်တင်းပေးရေး၊

( စ) သဘာဝဓါတ်ငွေ့၊ နေရောင်ခြည်၊ လေ၊ ရေနှင့် ဒီရေလှိုင်းစွမ်းအားတို့နှင့်ပတ်သက်၍  စွမ်းအင် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊

(ဆ)ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးနှင့် ၁၉၉၈ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာ တွေ့ဆုံနှီးနှောဖလှယ်ပွဲကျင်းပရေး နှင့်

                      (ဇ)    ရေလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။

၉။       ၁၉၉၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဘင်းမ်စတက် ဝန်ကြီးများအစည်းအဝေးမှ ဘင်းမ်စတက် အဖွဲ့၏  ပူးပေါင်းဆောင်ရွက်မှုများကို  ကဏ္ဍ (၆) ရပ်တွင် အထူးအလေးထား ဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက် ဦးဆောင်နိုင်ငံများတာဝန်ကို ခွဲဝေဆောင်ရွက်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသို့ဦးစွာပဏာမရွေးချယ်ဆောင် ရွက်ခဲ့သည့် ကဏ္ဍ (၆) ရပ်နှင့် ဦးဆောင်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)     ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ               -         ဘင်္ဂလားဒေ့ရှ်နိုင်ငံ

          ( ခ)      ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ                      -         အိန္ဒိယနိုင်ငံ

          ( ဂ)      ခရီးသွားလုပ်ငန်းကဏ္ဍ                               -         အိန္ဒိယနိုင်ငံ

          ( ဃ)    စွမ်းအင်ကဏ္ဍ                                        -         မြန်မာနိုင်ငံ

          ( င)      နည်းပညာကဏ္ဍ                                      -         သီရိလင်္ကာနိုင်ငံ

          ( စ)      ရေလုပ်ငန်းကဏ္ဍ                                     -         ထိုင်းနိုင်ငံ

၁၀။    ထို့နောက် ၂၀၀၅ ခုနှစ်၊  ဒီဇင်ဘာလတွင် ဒါကာမြို့၌ ပြုလုပ်ခဲ့သည် (၈) ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေးက ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (၇) ခုထပ်မံတိုးချဲ့ခဲ့ရာ၊ ယခုအခါ၌ ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ (၁၃)   ခုရှိ လာပြီဖြစ်ပါသည်။ ဦးဆောင်နိုင်ငံများ၏ သက်တမ်းမှာ (၂) နှစ် ဖြစ်ပါသည်။  ဘင်းမ်စတက်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံရွေးချယ်ဆောင် ရွက်ခဲ့သည့်ကဏ္ဍ (၇) ရပ်နှင့်              ဦးဆောင်နိုင်ငံများမှာ  အောက်ပါအတိုင်းဖြစ်ပါသည်-

          (ဆ)     ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးကဏ္ဍ                   -         နီပေါနိုင်ငံ

          ( ဇ)      စိုက်ပျိုးရေးကဏ္ဍ                                     -         မြန်မာနိုင်ငံ

          ( ဈ)     ယဉ်ကျေးမှုကဏ္ဍ                                    -         ဘူတန်နိုင်ငံ

          (ည)     အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ        -         အိန္ဒိယနိုင်ငံ

                    တိုက်ဖျက်ရေးကဏ္ဍ

          (ဋ)       ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ           -         အိန္ဒိယနိုင်ငံ

                    ဘေးအန္တရာယ်ကာကွယ်ရေးကဏ္ဍ

          (ဌ)       ပြည်သူ့ကျန်းမာရေးကဏ္ဍ                            -         ထိုင်းနိုင်ငံ

          (ဍ)       ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကဏ္ဍ        -         ထိုင်းနိုင်ငံ

အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB) နှင့်ပူးပေါင်းဆောင်ရွက်မှု

 ၁၁။ ဘင်းမ်စတက် အဖွဲ့ကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့်၂၀၀၅ ခုနှစ်တည်းက ပူးပေါင်း ဆောင်ရွက်‌ခဲ့ပါသည်။ADBသည်ဘင်းမ်စတက်နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေးနှင့်             ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်မြှင့်တင်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

ဘင်းမ်စတက်ကုန်သည်ကြီးများအသင်း (BIMSTEC – CCI) ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ

၁၂။     ၁၉၉၇တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဘင်းမ်စတက်စီးပွားရေးဖိုရမ်တွင် BIMSTEC-CCI တည်ထောင်ဖွဲ့စည်းရေးကို အဆိုပြုတင်သွင်းခဲ့ပါသည်။ ၁၉၉၉ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ သည့် ဘင်းမ်စတက် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးတွင် ဘင်းမ်စတက်နိုင်ငံများ အချင်း ချင်းစီးပွားရေးဆိုင်ရာ နောက်ဆုံးပေါ်သတင်းအချက်အလက်များရရှိ ဖလှယ်နိုင်ရေးနှင့် စီးပွားရေးအခွင့်အလမ်း များရရှိနိုင်ရေးတို့အတွက် ဘင်းမ်စတက်ဒေသတွင်း စီးပွားရေးဖလှယ်ရေးအဖွဲ့တစ်ခုကို တည်ထောင်ရန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ပါသည်။

၁၃။     ၂၀၀၀ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက်စီးပွားရေးဖိုရမ်က အိန္ဒိယ နိုင်ငံမှ တင်သွင်းခဲ့သည့်စီးပွားရေးဆိုင်ရာ ပုဂ္ဂလိကအဖွဲ့တည်ထောင်ရေးစာတမ်းကို လက်ခံခဲ့ပြီး ဘင်းမ်စတက် စီးပွားရေးကောင်စီနှင့်  ကောင်စီဝန်ကြီးများက အဆိုပါစာတမ်းကို လက်ခံအတည်ပြုခဲ့ပါသည်။ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့တွင် BIMSTEC – CCI ကို စတင် တည်ထောင်ခဲ့ပါသည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပုဂ္ဂလိကကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။ အဖွဲ့၏ ပထမ အကြိမ် ညီလာခံကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်သီရိလင်္ကာနိုင်ငံ၌ ကျင်းပခဲ့ပါသည်။ ဘင်းမ်စတက် ဒေသတွင်း ပုဂ္ဂလိကကဏ္ဍ၏ Focal Point ဖြစ်သည်နှင့်အညီ ထိုအဖွဲ့ကြီးသည် ပြပွဲများ၊ ဒေသတွင်းအစား အစာပွဲတော်များနှင့်  အင်တာနက်မှ ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  သတင်းအချက်အလက်များ ကို စုစည်းရန်  စသည့်တို့ကိုအသင်းကြီး၏  လုပ်ငန်းစဉ်များအဖြစ် ချမှတ်ထားပါသည်။

ဘင်းမ်စတက်လွတ်လပ်သောကုန်သွယ်မှုဒေသ (BIMSTEC-FTA) တည်ထောင်ဆောင်ရွက်ခြင်း

၁၄ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင်တက်တက်ကြွကြွဆောင် ရွက်နိုင်ရန်နှင့် အခြားပြင်ပနိုင်ငံများကလည်း ဘင်းမ်စတက်အဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရေး တို့ကို ရှေးရှု၍ ဘင်းမ်စတက်လွတ်လပ်သောကုန်သွယ်မှုဒေသကို တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဆဌမအကြိမ်မြောက် ဝန်ကြီးများအစည်းအ‌ဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလွဲ၍ (၎င်း၏ပြည်တွင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာအ‌ခြေ အနေကြောင့်) ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ဘင်းမ်စတက် လွတ်လပ်သောကုန်သွယ်မှုဒေသ တည်ထောင်မှုသဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နေ့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်မှုဒေသ (BIMSTEC-FTA) ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)ဘင်းမ်စတက်နိုင်ငံများအကြားစီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့်ခိုင်မာစေရန်။ (ခ)ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေးကိုတိုးတက်ဖြေလျော့သွားပြီးသိသာပွင့်လင်းလွတ်လပ် သောရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းများ ဖော်ဆောင်ရန်။

(ဂ)  အဖွဲ့ဝင်နိုင်ငံများအကြားပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍသစ်များနှင့်နည်းလမ်း များရှာဖွေရန်။

                       (ဃ)  ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများ ပေါင်းစည်းခြင်းဖြင့် ဖွံ့ဖြိုးမှုကွာဟချက် နည်းပါးစေရန်။

 

၂၀၀၆ ခုနှစ်၊ ဇူလိုင်လမှစ၍ အကျိုးသက်ရောက်မည့် ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်မှုဧရိယာ

၁၅။     ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နီပေါနိုင်ငံ၊ ခတ္တမဒူ၌ ကျင်းပခဲ့သော နောက်ဆုံးအစည်းအဝေး၌ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လမှစ၍ အကျိုးသက်ရောက်မည့် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ တည်ထောင်ရန် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြပါသည်။

၁၆။     ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အားဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးမဟုတ်သည့် နိုင်ငံများ အဖြစ် သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် မြန်မာနိုင်ငံတို့အား ဖွံ့ဖြိုးတိုးတက်မှု နည်းသည့်နိုင်ငံ များအဖြစ် သတ်မှတ်ထားသောကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှုအဆင့် ကွာခြားလျက်ရှိပါသည်။

၁၇။     နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော ကုန်ပစ္စည်းများကို တိတိကျကျ ရာခိုင်နှုန်း သတ်မှတ်၍ ပထမဦးစားပေးရွေးချယ်ပြီး (Negative List) စာရင်း၌ ထည့်သွင်းကာ ကျန်ကုန်ပစ္စည်းများအား လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ကြမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ (Negative List) အား 6-digit level ၏ ၂၀ % အထိ ကန့်သတ်မည်ဖြစ်ပြီး ၎င်းက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကုန်ပစ္စည်းအမယ်ပေါင်း (၁၀၅၀) ခန့်မှာ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိမည် မဟုတ်ကြောင်းကို ဆိုလို ခြင်း ဖြစ်ပါသည်။

၁၈။     ကျန်ကုန်ပစ္စည်းများအား လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရန် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ပေါ်မူတည်၍ Fast Track လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးကို ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းနှင့် Normal Track ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ရမည်ဖြစ် ပါသည်။

၁၉။     အရေးကြီးကုန်ပစ္စည်းနည်းလမ်း။ ရွေးချယ်ထားသော ကုန်ပစ္စည်းများအား ဖွံ့ဖြိုးမှုအနည်းဆုံး မဟုတ် သည့်နိုင်ငံများမှ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများသို့ တစ်နှစ်အတွင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးမဟုတ် သည့် နိုင်ငံအချင်းချင်းအတွက် (၃) နှစ်အတွင်း အခွန် ၀ % သို့ လျော့ချပေးရမည်ဖြစ်ပါသည်။ အရေးကြီး ကုန်ပစ္စည်းနည်းလမ်းအောက်၌ လွတ်လပ်စွာကုန်သွယ်မှုပြုမည့် ကုန်ပစ္စည်းစာရင်းမှာ 6-digit level မှ အမျိုးပေါင်း ၁၀ % ကို ကန့်သတ်ထားပါသည်။

၂၀။ သာမန်ကုန်ပစ္စည်းနည်းလမ်း။  ဤနည်းလမ်း၌အခွန်ဖယ်ရှားခြင်းနှင့် အခွန်လျော့ချခြင်းဟူ၍ နည်းလမ်း နှစ်ခုပါဝင်ပါသည်။ အခွန်ဖယ်ရှားမည့်ကုန်ပစ္စည်းများအတွက် အခွန်ကင်းလွတ်ရန်နှင့် အခွန်လျော့ချမည့်ကုန် ပစ္စည်းများအတွက် အခွန် (၅၀၀) ကျော်အထိ လျော့ချရန် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးမဟုတ်သည့် နိုင်ငံများမှ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများသို့ (၃) နှစ် အတွင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးမဟုတ်သည့် နိုင်ငံအချင်း ချင်း (၅) နှစ်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ Normal Track အောက်၌ လွတ်လပ်စွာကုန်သွယ်ခွင့်ရမည့် ကုန်ပစ္စည်းစာရင်းမှာ 6-digit level မှ အမျိုးပေါင်း ၇၀ % ခန့် ရှိမည်ဖြစ်ပါသည်။

၂၁။ ပင်ရင်းဒေသစည်းမျဉ်းများမှာမူလအတိုင်းဆောင်ရွက်မည်ဖြစ်ပါသည်။ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှာ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှာ နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကြောင့်   ကုန်သွယ်မှု မြင့်မားလျက်ရှိပါသည်။

၂၂။     ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ(TNC) ကို တည်ထောင်ပြီး ယင်းကော်မတီ၏ ပထမအကြိမ်အစည်းအ‌ဝေးကို ၂၀၀၄ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့ တို့တွင် ကျင်းပခဲ့ပါသည်။ ကော်မတီလုပ်ငန်းတာဝန်များမှာကုန်စည်နှင့်ဝန်ဆောင်မှုကဏ္ဍများ၊စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး ကိစ္စရပ်များနှင့် ဘင်းမ်စတက်ဒေသတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသော နိုင်ငံများကို နည်းပညာဆိုင်ရာ အထောက်အပံ့ပေးရေးကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍နည်းပညာပိုင်းဆိုင်ရာကဏ္ဍအနေဖြင့် လုပ်ငန်းအစုအဖွဲ့နှစ်ခုကို တည်ထောင်ဖွဲ့စည်း ထားပါသည်။ ထိုအစုအဖွဲ့နှစ်ခုမှာ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့(the Working Group on the Rules of Origin (WG-RoO)  ) နှင့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားဆိုင်ရာ လုပ်ငန်းအဖွဲ့(the Working Group on the Dispute Settlement Mechanism (WG-DSM)) ဟူ၍ ဖြစ်ပါသည်။

ဘင်းမ်စတက်စင်တာ (BIMSTEC - Center) ဖွဲ့စည်းတည်ထောင်ဆောင်ရွက်မှုအခြေအနေ

၂၃။     ဆဌမအကြိမ်မြောက် ဘင်းမ်စတက်ဝန်ကြီးများအဆင့် အစည်းအ‌ဝေးက ဒေသတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးမည့် အဖွဲ့တစ်ရပ်တည်ထောင်ရန် အတည်ပြု သဘောတူခဲ့ကြပါသည်။ အဆိုပါဝန်ကြီးအဆင့်အစည်း အ‌ဝေး၏ပူးတွဲကြေငြာစာတမ်းအရအဆိုပါအဖွဲ့သည်ဘင်းမ်စတက်လုပ်ငန်းအဖွဲ့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီးဘင်းမ်စတက်အဖွဲ့ကြီး၏လုပ်ငန်းစဉ်များနှင့်ဘင်းမ်စတက်ကုန်သည်ကြီးများအသင်း နှင့်ပါပူးပေါင်းလုပ်ဆောင်ရ မည်ဖြစ်ပါ သည်။ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ၁၇ ရက်နေ့မှ ၁၉ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော အဆင့်မြင့်အရာရှိကြီးများအစည်းအ‌ဝေးတွင် အဆိုပြုချက်ကို အခြေပြု၍ ထို အဖွဲ့ ဖွဲ့စည်းရေးကို ဝန်ကြီးများအဆင့်အစည်းအ‌ဝေးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ESCAP အဖွဲ့မှ အတိုင်ပင်ခံဖြစ်သူ Mr. David Oldfield က ‘ဘင်းမ်စတက်ဒေသတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးမည့် အဖွဲ့တစ်ရပ်တည်ထောင်ရေးနှင့် အတွင်းရေးမှူးချုပ် ခန့်အပ်နိုင်ရေးတို့နှင့် ပတ်သက်၍ စဉ်းစားရမည့်အချက်များ နှင့် အခွင့်အလမ်းများ’ စာတမ်းကို အဆိုပြုတင်သွင်းခဲ့ပါသည်။

 

မြန်မာနိုင်ငံမှ ဘင်းမ်စတက်အဖွဲ့ဆိုင်ရာဆောင်ရွက်ချက်များ

၂၄။     ဘင်းမ်စတက်ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဉ်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊  သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့ ပါဝင်ရန် ရည်ရွယ်၍၊ ၁၉၉၇ ခုနှစ်၊  မေလတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား သံတမန်လမ်း ကြောင်းမှ ချဉ်းကပ်၍  စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန်နှင့် ယင်းအဖွဲ့ထူထောင်ရေးညှိနှိုင်း ဆွေးနွေးမည့် ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပါရန်  ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါသည်။ မြန်မာနိုင်ငံကအခြေ အနေ စောင့်ကြည့်လေ့လာလိုသဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ရန်  ကမ်းလှမ်းမှုကို လက်ခံခြင်းမပြုသေးဘဲ ယင်းဝန်ကြီး များ အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်‌ရောက်ခဲ့ပါသည်။

၂၅။     ဘစ္စတက်အဖွဲ့တွင် ပါဝင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊  သံတမန်ရေးနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင်  အကျိုးရှိစေမည်ဟုရှုမြင်သုံးသပ်ရဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လအတွင်း၌ပင် ဘစ္စတက်အဖွဲ့ဝင်ရေး အတွက် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လဆန်းတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံ အနေဖြင့် ဘစ္စတက်အဖွဲ့ဝင်အဖြစ်ပါဝင်လိုကြောင်း အဖွဲ့၏ ထိုအချိန်က အလှည့်ကျက္ကဌ ထိုင်းနိုင်ငံနှင့် ဆက်သွယ်၍ အဆိုပြုခဲ့ပါသည်။ ဘစ္စတက်အဖွဲ့တွင် မြန်မာနိုင်ငံပါဝင်ရေး အဆိုပြုသည်ကို မူလအဖွဲ့ဝင် (၄)နိုင်ငံ က သဘောထားကွဲလွဲမှုမရှိဘဲ ချက်ချင်း လက်ခံခဲ့ကြပါသည်။  ယင်းသို့ အဖွဲ့ဝင်အားလုံးက မြန်မာနိုင်ငံကို လက်ခံရန် သဘောတူခဲ့ကြသဖြင့်  ဘန်ကောက်မြို့ရှိ ဘစ္စတက်လုပ်ငန်းအဖွဲ၏ လစဉ်အစည်းအဝေးများကို  ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ်အစည်းအဝေးမှ စတင်ပါဝင် တက်ရောက်ခဲ့ ပါသည်။

၂၆။     ဘစ္စတက်အဖွဲ့ဝင် ဝန်ကြီးများ အထူးအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ထိုစဉ်က နိုင်ငံခြား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ပါသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ဝန်ကြီးများအထူးအစည်းအဝေးက မြန်မာနိုင်ငံ အား တရားဝင်လက်ခံကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံပါဝင်လာသဖြင့် ဘစ္စတက်အဖွဲ့ ၏အမည်၌ မြန်မာနိုင်ငံ၏ အက္ခရာအမည်ထည့်၍  BIST-EC မှ BIMST- EC  ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ -မြန်မာ-သီရိလင်္ကာ-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ( Bangladesh – India –Myanmar-Sri Lanka-Thailand  Economic  Cooperation – BIMST-EC ) အဖြစ် အမည်ပြောင်းလဲကြောင်း၊ အဖွဲ့ဝင် (၅) နိုင်ငံမှ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးများက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။

၂၇။     ဘင်းမ်စတက်အဖွဲ့၏ ဆက်သွယ်ရေးဗဟိုဌာနအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဆိုင် ရာ ကိစ္စရပ်များအပါအဝင် ဘင်းမ်းစတက်ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေး ပါသည်။

၂၈။     မြန်မာနိုင်ငံ၏ ဘင်းမ်စတက်ဆိုင်ရာ ဦးဆောင်ကော်မတီကို ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်၍ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကအဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၃၀.၇.၁၉၉၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါ သည်။

၂၉။     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တက်ရောက်သည့် အစည်းအဝေးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(က)  BIMST – EC  Task  Force  အစည်းအဝေးများ။

(ခ)    BIMST  EC Rules   of  Origin   ဆိုင်ရာ   Trade  Negotiation   Committee   အစည်း အဝေးများ။

(ဂ) ဒေသတွင်းအကောက်ခွန်မဟုတ်သော အဟန့်အတားများ၊ဈေးကွက်ရရှိရေးကိစ္စများ၊ကုန်သွယ်မှု အခွင့်အရေးများပေးရေး အစီအစဉ်များ၊ ဝန်ဆောင်မှုကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိ အစည်းအဝေး။

                       (ဃ)  ဘင်းမ်စတက်စီးပွားရေးဖိုရမ်။

                       (င)    BIMST – EC  စီးပွားရေးဝန်ကြီးများ အစည်းအဝေး။

၃၀။     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှပါဝင်သည့် စီမံကိန်း (၂) ရပ်မှာ (၁) ဘင်းမ်စတက် စီးပွားရေးဖိုရမ်နှင့် (၂) ဒေသအတွင်း အကောက်ခွန်မဟုတ်သော အဟန့်အတားများ ဖယ်ရှားရေး၊ ဈေးကွက် ရရှိရေးကိစ္စများ ကုန်သွယ်မှုအထူးအခွင့်အရေးများပေးရေး အစီအစဉ်များ၊ ဝန်ဆောင်မှုကိစ္စများ ဆွေးနွေးရန် အဆင့်မြင့်အရာရှိများ အစည်းအဝေး ကျင်းပရန်ကိစ္စတို့ ဖြစ်ကြပါသည်။

ဘင်းမ်စတက်အဖွဲ့တွင် မြန်မာနိုင်ငံမှ လက်ရှိပါဝင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

၃၁။     ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံက ဥက္ကဌ အဖြစ်ကြီးမှူးကျင်းပသည့် (၁၃)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော်ခရိုင်၊ဇမ္ဗူသီရိမြို့နယ် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဘင်းမ်စတက် ကဏ္ဍကြီး (၁၄) ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြပြီး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါကြေငြာချက်တွင် ဘင်းမ်စတက်ဒေသတွင်းပူးပေါင်း ဆောင်ရွက်နေသည့် ကဏ္ဍများကို ဆက်လက် တိုးတက်အောင် ဆောင်ရွက်သွားရန် သဘောတူခဲ့ပါသည်။

၃၂။     ဘင်းမ်စတက်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၃)ရပ်တွင် ပါဝင်သည့် စွမ်းအင်ကဏ္ဍ၌ ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များကို  ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည် -

          (က)    နိုင်ငံဖြတ်ကျော်လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးစီမံချက်

          (ခ)      နိုင်ငံဖြတ်ကျော်ဓာတ်ငွေ့ပိုက်လိုင်းစီမံချက်

          (ဂ)      ဒေသတွင်း ရေစွမ်းအင်အရင်းအမြစ်ဖွံ့ဖြိုးရေးစီမံချက်

          (ဃ)    သမားရိုးကျမဟုတ်သော စွမ်းအင်အရင်းအမြစ်တို့ကို အသုံးချရေးစီမံချက်

          (င)     စွမ်းအင်ထိရောက်စွာအသုံးချမှု အတွေ့အကြုံဖလှယ်ရေးစီမံချက်

          (စ)     စွမ်းအင်ဖူလုံစိတ်ချမှု အတွေ့အကြုံဖလှယ်ရေးစီမံချက်တို့ ဖြစ်ကြပါသည်။

၃၃။     Trans BIMSTEC Gas Pipeline Project နှင့်စပ်လျဉ်း၍ တနင်္သာရီကမ်းလွန်ဒေသရှိ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ခုနှစ်မှစ၍လည်းကောင်း၊ မုတ္တမကမ်းလွန် ဒေသရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ၂၀၀၀ခုနှစ် မှစ၍လည်းကောင်း ထိုင်းနိုင်ငံသို့ ပို့လွှတ်ရောင်းချလျက်ရှိပါသည်။

၃၄။     BIMSTEC Trans Power Exchange and Development Project နှင့်စပ်လျဉ်း၍ ရေအား လျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တိုးချဲ့ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းရေးအတွက် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ရေးကို ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် စတင် ဆောင်ရွက်လျက် ရှိပါသည်။

၃၅။     Non-Conventional Source of Energy Project နှင့်စပ်လျဉ်း၍ ဇီဝဒြပ်ထုမှ ဓာတ်ငွေ့လောင်စာ အသုံးပြု၍ အပူစွမ်းအင်ကို ဆေးရွက်ကြီးအခြောက်ခံခြင်းလုပ်ငန်း၌အသုံးပြုခြင်း သရုပ်ပြစီမံကိန်းအဆင့် (၁) ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ဇီဝဒြပ်ထုသုံး ဓာတ်ငွေ့လောင်စာအသုံးပြု၍ Bio-gasifier ဖြင့် ၂၀ ကီလိုဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ကျေးရွာမီးလင်းရေး စီမံကိန်းအဆင့် (၂) ကို ဆောင်ရွက်ခဲ့ပါသည်။

၃၆။     ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ ပညာရေးဆိုင်ရာ အ‌ခြေခံအဆောက်အအုံများ တောင့်တင်းခိုင်မာ ရေးလုပ်ငန်းကို ဂျပန်နိုင်ငံ၊ New Energy and Industrial Technology Development Organization (NEDO) ၏ ငွေကြေးအထောက်အပံ့ရယူ၍ အိန္ဒိယနိုင်ငံ The Energy Resource and Institute (TERI) မှ ကျွမ်းကျင် သူများသည် အိန္ဒိယ၊ ထိုင်း၊ ဘူတန်၊ နီပေါ နှင့် မြန်မာနိုင်ငံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၃၇။     ဘင်းမ်စတက်အဖွဲ့ကြီးဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကြီး (၁၃) ရပ်အနက် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးကဏ္ဍကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ လ  ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပခဲ့သည့် (၁၃) ကြိမ်မြောက်  ဘင်းမ်စတက်   နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးတွင် စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်စွမ်းအား ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဒေသတွင်းယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။ထို့ပြင်ဒေသတွင်းစိုက်ပျိုးရေး ဆိုင်ရာ ထပ်မံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နည်းပညာဖလှယ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် သဘောတူခဲ့ကြ ပါသည်။

ဘင်းမ်စတက်အဖွဲ့၏ ရှေ့အလားအလာ

၃၈။   ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်ရေးဒေသထူထောင်ရေးအတွက် ညှိနှိုင်းရေးလုပ်ငန်းစဉ်များတွင် တိုးတက်မှုအချို့ရှိနေသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများကိုအပြီးသတ်နိုင်ရေးအတွက် တိုက်တွန်းအားပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းများကို စောစီးစွာညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင် ခြင်းသည် ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာနိုင်ရေးကိုများ စွာ အထောက်အကူဖြစ်စေပါသည်။ အလားတူ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အချက်မှာ ဆက်သွယ်ရေးကဏ္ဍဖြစ်သည့်အတွက် ဘင်းမ်စတက်၏ လမ်းပန်းဆက်သွယ်ရေးအဆောက်အဦနှင့် ထောက် ပံ့ရေးဆိုင်ရာ လေ့လာသုံးသပ်ချက်(Transport Infrastructure and Logistics Study –BTILS) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည်လည်း ဒေသတွင်းဆက်သွယ်ရေး ကောင်းမွန်သည့်အကျိုးကိုခံစား ရမည်ဖြစ်ပါသည်။

၃၉။     ထို့ပြင် ဆက်သွယ်ရေးကောင်းမွန်မှု၏ အကျိုးဆက်တစ်ခုမှာ ခရီးသွားလုပ်ငန်းကဏ္ဍဖြစ်ပြီး ခရီးသွား လုပ်ငန်းသည် အမြတ်အစွန်းရရှိသည့် လုပ်ငန်းဖြစ်၍ နိုင်ငံ၏ဝင်ငွေ တိုးတက်စေခြင်း၊ လူအများ အလုပ်အကိုင် ရရှိစေခြင်း၊ ဒေသ၏ စီးပွားရေးတိုးတက်စေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်စေခြင်းစသည့်အကျိုး တရားများ ရရှိစေသောကြောင့်ဘင်းမ်စတက်နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ရန်လိုအပ်ပါသည်။ ဘင်းမ်စတက်နိုင်ငံ  များအားလုံးပါဝင်သည့် ပူးတွဲခရီးသွားအစီအစဉ်များကိုအကောင်အထည်ဖော်နိုင်ပါက ဒေသတွင်းနိုင်ငံများ၏ လူမှုရေးနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကိုပါမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဘင်းမ်စတက်နိုင်ငံ များအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာခရီးစဉ်များ၊ အမျိုးသားအမွေအနှစ်များနှင့် သဘာဝအလှအပများကို ပြသသည့် ဘင်းမ်စတက်ပူးတွဲခရီးသွားလုပ်ငန်း အစီအစဉ်များကို ပူးပေါင်းစီစဉ်ပါက ပိုမိုအကျိုးဖြစ်ထွန်း စေနိုင်ပါသည်။

၄၀။     ဘင်းမ်စတက်ဒေသအတွင်း စွမ်းအင်ဖူလုံမှုရှိရေးသည် အဓိကကိစ္စရပ်ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ၌ စွမ်းအင်ဗဟိုဌာနကို တည်ထောင်မည်ဖြစ်ပါသည်။ ဘင်းမ်စတက်စွမ်းအင်ဗဟိုဌာန တည်ထောင်ပြီးနောက် ဒေသ တွင်း၌ သန့်ရှင်းသော သဘာဝဓာတ်ငွေ့ကို သုံးစွဲနိုင်ရေးအတွက်ပါ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ရေနံတင်သွင်းမှုအပေါ် မှီခို အားထားသုံးစွဲနေရမှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။

၄၁။  ဘင်းမ်စတက်ဒေသတွင်း နိုင်ငံများအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့ပင် ကြိုးစား စေကာမူ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် ကြုံတွေ့ရပါက မိမိတို့ကြိုးပမ်းမှုများကို ထိခိုက်လာနိုင်သဖြင့် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်တားဆီးရေးဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်း များနှင့် ပတ်သက်၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဘင်းမ်စတက်ဒေသဆိုင်ရာ မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ ဗဟိုဌာနတည်ထောင်ရေးသဘောတူညီထားမှုကို ရည်မှန်းချက်ထိပေါက်မြောက် အောင် ကြိုးပမ်းသင့်ပါသည်။

နိဂုံး

၄၂။ ဘင်းမ်စတက်အဖွဲ့သည် အာဆီယံအဖွဲ့နှင့် တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ နိုင်ငံများ ပါဝင်သဖြင့် ဘင်းမ်စတက်သည် ယင်းဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှစ်ခုကို ဆက်စပ် ပေါင်ကူးပေး သည့်အဖွဲ့ကြီးဖြစ်ပါသည်။အဖွဲ့အတွင်းစီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသောအိန္ဒိယနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်စပြုနေသော ထိုင်းနိုင်ငံတို့က ဦးဆောင်ပါဝင်နေ၍ ဒေသတွင်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။

သတင်းအချက်အလက်များ

AUTOMOBILE