တမူးကုန်သွယ်ရေးစခန်

စခန်းသမိုင်းအကျဉ်း

     တမူးကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားအဓိကကုန်သွယ်မှုပြုလုပ်သည့်နေရာတစ်ခုဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ဆက်သွယ်ရာ အဓိကကျသည့်အာရှလမ်းမကြီးပေါ်တွင် တည်ရှိလျက်ရှိသည်။အိန္ဒိယနိုင်ငံ၏အရှေ့မျှော်စီးပွားရေးမူဝါဒအရကုန်သွယ်မှုပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတို့မှာ နယ်နိမိတ်အရှည် (1643 KM)ဖြင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိရာအိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မဏိပူရ်ပြည်နယ်ရှိမိုးရေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၌ တမူးကုန်သွယ်ရေးစခန်းကို ၁၉၉၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

  ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အမှတ်(၂)နယ်စပ်ဒေသ၊ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုတပ်ရင်းမှအဖွဲ့များရုတ်သိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအဆင်ပြေချောမွေ့စေရန်အတွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော(One Stop Services)အဖွဲ့ဖြင့် လုပ်ငန်းများဆောင်ရွက်ရာနယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ တမူးကုန်သွယ်ရေးစခန်း၊ တာဝန်ခံမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။  ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်မှစတင်၍ One Stop Services အဖွဲ့တွင် နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ ခေါင်းဆောင်အဖြစ်တာဝန်ယူခြင်း၊ ကုန်ပစ္စည်းစစ်ဆေးရေးတွင် ပါဝင်ခြင်းမပြုတော့ဘဲမိမိဌာနအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများကိုကျင့်သုံး၍မိမိဌာန၏အဓိကလုပ်ငန်းများကိုကိုယ်စီတာဝန်ယူကာလုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။

      တမူးကုန်သွယ်ရေးစခန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ တမူး-ကလေးဝပြည်ထောင်စုကားလမ်းမကြီး၏ ဘေးတွင်တည်ရှိကာဧရိယာအနေဖြင့် (၁၆.၀၉) ဧကကျယ်ဝန်းပါသည်။ တမူးကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် OSS ဌာန (၆) ဌာန၊ မိတ်ဖက် ဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ကုန်သွယ်မှုလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကုန်သွယ်မှုလမ်းကြောင်းများအခြေအနေ

        မြန်မာနိုင်ငံပြည်မသို့ တမူးဒေသမှ အောက်ပါ ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် ဆက်သွယ်နိုင်ပါသည်-

           (က)    တမူး-ကလေးဝ-တန့်ဆည်-ရေဦး-မုံရွာလမ်း(မဟာမြိုင်လမ်း)-မန္တလေး(၃၄၄/၅)မိုင်။နွေရာသီ၊ ဆောင်းရာသီသာသွားလာနိုင်ပါသည်။ မိုးရာသီတွင် သွားလာနိုင်ရန် ကန့်သတ်ချက်ရှိပါသည်။

           ( ခ )   တမူး-ကလေးဝ-မုံရွာ (ယာကြီးလမ်း)- မန္တလေး(၂၉၄) မိုင်။           နွေရာသီ၊ ဆောင်းရာသီသာသွားလာနိုင်ပါသည်။ ရာသီမရွေးသွားလာနိုင်ရန် အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် လမ်းပြုပြင်ရေးဆောင်ရွက်လျက်ရှိသည်။

           (ဂ)     တမူး-ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာ-မန္တလေးလမ်း(၃၆၁/၂)မိုင်။ရာသီမရွေးသွားလာနိုင်ပြီးကုန်သွယ်မှုပြုရာတွင် အများဆုံးအသုံးပြုပါသည်။

          (ဃ)    ရေကြောင်းလမ်းအနေဖြင့်ချင်းတွင်းမြစ်အားအသုံးပြုပြီးမုံရွာ-ကလေးဝသို့ မိုးရာသီနှင့်ဆောင်းရာသီတွင် အသုံးပြုနိုင်ပါသည်။ နွေရာသီတွင်သွားလာနိုင်ရန် ကန့်သတ်ချက် ရှိပါသည်။ မုံရွာမှ ကလေးဝသို့ ရေလမ်းကြောင်းအကွာအဝေး   (၁၄၇) မိုင်ရှိပါသည်။