မြဝတီကုန်သွယ်ရေးဇုန်

မြဝတီကုန်သွယ်ရေးဇုန်၊

သမိုင်းအကျဉ်းချုပ်     

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ-ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးအား ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းမှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တရားဝင်နယ်စပ် ကုန်သွယ်ရေးကို နှစ်နိုင်ငံဝန်ကြီးများ လက်မှတ်ရေးထိုးဖွင့်လှစ်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးရုံးကို ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။

        ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၀၅ ခုနှစ်၊ မတ်လ (၇)ရက်၊ အမိန်ကြော်ငြာစာ အမှတ်(၅/၂၀၀၅)ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် မြဝတီကုန်သွယ် ရေးဇုန် တည်ဆောင်ရေးလုပ်ငန်းကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ ဖွဲ့စည်း၍ မြဝတီကုန်သွယ်ရေးဇုန်အား ၂၀၀၆ ခုနှစ်၊ အောက်တို ဘာလ (၁)ရက်နေ့မှစတင်၍ တည်ဆောက်ခဲ့ပါသည်။

တည်နေရာအကျယ်အဝန်း

      မြဝတီကုန်သွယ်ရေးဇုန်အား မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် မဲကနယ်ကျေးရွာအကြား သင်္ကန်းညီနောင်ကျေးရွာမှ (၂)မိုင်အကွာနှင့် မြဝတီမြို့မှ (၆.၅)မိုင်အကွာ စံတုကုန်းဒေသတွင် စုစုပေါင်း မြေဧရိယာ(၄၆၆)ဧက ဖော်ထုတ်ရန် လျာထားသတ်မှတ်ခဲ့ပြီး ယင်းလျာထား ဧရိယာအတွင်းရှိ လျှိုမြောင် ချိုင့်ဝှမ်းများအား ချန်လှပ်၍ မြေဧက (၃၁၅.၀၈)ပေါ်တွင် လုပ်ကွက်များသတ်မှတ်ကာ တည်ဆောက်ရေး ကုမ္ပဏီ(၅)ခုမှ မြေကွက်များ ဖော်ထုတ်ရန်နှင့် (၁-၁၀-၂၀၀၆) ရက်နေ့မှစ၍ တည်ဆောက်ရေးလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲခြင်းမပြုဘဲ ကုန်သွယ် ရေးဇုန်ဧရိယာအတွင်း ပွဲရုံမြေကွက်များဖော်ထုတ်ခြင်းနှင့် ပွဲရုံဆိုင်ခန်းများ တည်ဆောက်ခြင်းမှ ရောင်းချ ရငွေများဖြင့် ကုန်သွယ်ရေးဇုန်လုပ်ငန်းမျာတွင် လိုအပ်သော ယာဉ်စစ်ကွင်းနှင့် ပင်မအဆောက်အဦ အပါအဝင် အခြားအဆောက်အဦများ၊ Online Systemတို့ကို တည်ဆောက်နိုင်ခဲ့ပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်၊ သွင်းကုန်ပင်မရုံးအား (၁၅-၈-၂၀၀၈)ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း (ယာဉ်စစ်ကွင်းအဟောင်း)မှ မြဝတီကုန်သွယ်ရေးဇုန်သို့(၁-၉-၂၀၀၈) ရက်နေ့တွင် ပြောင်းရွှေ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။

       ပို့ကုန်ဘက်ခြမ်း ပင်မရုံးနှင့် ယာဉ်စစ်ကွင်းအား(၃၁-၅-၂၀၀၉)ရက်နေ့တွင် တည်ဆောက်ပြီး စီး၍ (၁၆-၆-၂၀၀၉)ရက်နေ့တွင် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို ပို့ကုန်ဘက်ခြမ်းမှ စတင်လုပ်ငန်းဆောင် ရွက်ခဲ့ပါသည်။

နယ်နိမိတ်ထိစပ်နေသည့်မြို့

     မြဝတီမြို့သည်  တစ်ဘက်ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် သောင်ရင်းမြစ်ခြား၍ ထိစပ်လျက် ရှိပြီး ချစ်ကြည်ရေးတံတားအမှတ်(၁)နှင့် (၂)တို့ကိုဖြတ်သန်း၍ ကုန်သွယ်မှုများကိုဆောင်ရွက်လျက်ရှိပါ သည်။

ကုန်သွယ်မှုလမ်းကြောင်း

           မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကုန်သွယ်နိုင်သည့် နယ်စပ်ဝင်/ထွက်ပေါက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

              (က)    ကုန်သွယ်မှုလမ်းကြောင်းပြ         -        ကုန်သွယ်မှုလမ်းကြောင်းပြ မြေပုံ     

              (ခ)     ကုန်သွယ်မှုလမ်းကြောင်း           -        ရန်ကုန်မြို့မှ (၂၉၀)မိုင်၊ မွန်ပြည်နယ် မော်လမြိုင်မှ (၁၀၁)မိုင်

                        အကွာအဝေး                           -        ကရင်ပြည်နယ် ဘားအံမြို့မှ (၉၀)မိုင်နှင့် ကော့ကရိတ်မြို့မှ (၃၉)မိုင်အကွာတွင် တည်ရှိပါသည်။

              (ဂ)     စစ်ဆေးရေးဂိတ်                      -        မရမ်းချောင်စစ်ဆေးရေးဂိတ်၊ ကော့ကရိတ် (တံတားကျိုး) စစ်ဆေးရေးစခန်း

ဆက်စပ်လုပ်ကိုင်နေသောအသင်းအဖွဲ့များ

        မြဝတီမြို့ရှိ မြဝတီနယ်စပ်ကုန်သည်များအသင်း၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်း၊ ပြောင်းလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ ရော်ဘာလုပ်ငန်းရှင် များအသင်းတို့နှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ကုန်သွယ်မှုအခြေအနေ

       မြဝတီကုန်သွယ်ရေးဇုန်မှ ပုံမှန်တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ ငရုတ်သီး(စိမ်း)(အစို)၊  ရော်ဘာ၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်တို့တင်ပို့လျက်ရှိပါသည်။ ပုံမှန်တင်သွင်းလျက်ရှိသည့် သွင်းကုန် ပစ္စည်း များမှာ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ တင်သွင်း လျက်ရှိပါသည်။