မြိတ်ကုန်သွယ်ရေးစခန်း

 မြိတ်ကုန်သွယ်ရေးစခန်း

 

သမိုင်းအကျဉ်း

         မြိတ်ကုန်သွယ်ရေးစခန်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ဆိပ်ငယ်ရပ်ကွက်၊ အမှတ် ၁၃ (ခ) ဆိပ် ငယ်မြောက်ရပ်ကွက်သစ်တွင် ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်စွဲပါ အမိန့်အမှတ် (၂/၂၀၀၁) အရ မြိတ်ပို့ကုန်မှရရှိငွေဖြင့် မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် စသည့်နိုင်ငံများမှ သွင်းကုန်ပစ္စည်းများ ပြန်လည်တင်သွင်းမှုကိုလည်း ခွင့်ပြုဆောင်ရွက်ခဲ့ပါသည်။ ရေထွက်ပစ္စည်းများတင်ပို့ရောင်းချမှုအား ယခင် ဒေါ်လာရွက်စိမ်းပေးသွင်းဆောင်ရွက်နေရာမှ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှစ၍ ပုံမှန်ကုန်သွယ်မှု (Normal Trade) LC/TT စနစ်ဖြင့် ငွေပေးချေမှု ကိုသာ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။၂၁-၁-၂၀၀၅ ရက်နေ့မှစ၍ ကုန်သွယ်ရေးဦးစီးဌာန (ယခင်နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန)မှ One Stop Services အဖွဲ့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ရာမှ ပြောင်းလဲဆောင်ရွက်နေသောစနစ်နှင့်အညီ One Stop Services အဖွဲ့အား ၁၆-၁-၂၀၁၂ ရက်နေ့မှစ၍ ကုန်သွယ်ရေးဦးစီးဌာနမှဦးဆောင်မှုမပြုတော့ဘဲ One Stop Services တွင် ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ အဓိက လုပ်ငန်းတာဝန်များကို ကိုယ်စီတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ One Stop Services ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးဆုံးဖြတ်ချက်အရ (၂၃-၁၀-၂၀၁၃) ရက်နေ့မှစ၍ စခန်းလုံခြုံ ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများတွင် စနစ်တကျရှိစေရန်ရာထူးအမြင့်ဆုံးဖြစ်သော ကုန်သွယ်ရေးဦးစီး ဌာနမှကြပ်မတ်ဆောင်ရွက်ခဲ့ ပါသည်။

တည်နေရာအကျယ်အဝန်း

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ ကွင်းအမှတ် ၁၃ (ခ)ဆိပ်ငယ်မြောက်ရပ်ကွက်သစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး (စားသုံးသူရေးရာဦးစီးဌာန) ပိုင်  သိုလှောင်ရုံ သွပ်ကာ၊ သွပ်မိုး၊ ကွန်ကရစ်ခင်းအဆောက်အဦ၊ ဂိုဒေါင်အကျယ်အဝန်း(၁၅၀’x၆၀’x၁၄’) အနက်(၅၀’x၆၀’x၆၀’) အား လွှဲပြောင်းရယူခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

နယ်နိမိတ်ထိစပ်နေသည့်မြို့ရွာ          

         မြိတ်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် ထိစပ်လျက်ရှိပြီး ကုန်သွယ်မှု များကိုဆောင်ရွက်လျက်ရှိပါသည်။

ကုန်သွယ်မှုလမ်းကြောင်း(ကုန်းလမ်း/ ရေလမ်း)

        မြိတ်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံ ရနောင်းနယ်စပ်မြို့နှင့် ရေပိုင် (၁၈၁)မိုင် ကွာဝေး ပါသည်။ ရေလမ်းကြောင်းမှ ကုန်သွယ်မှုပြုနိုင်သကဲ့သို့ ကုန်းလမ်းကြောင်းမှမြိတ်-တနင်္သာရီ-မောတောင် ကားလမ်းကြောင်းအတိုင်းထိုင်းနိုင်ငံနယ်စပ်မြို့ပရာကျွတ်ကရီခမ်နှင့် ကုန်သွယ်မှုပြုနိုင်ပါသည်။ မြိတ်-တနင်္သာရီ - မောတောင်ကားလမ်းကြောင်းမှာ(၁၂၀)မိုင်၊(၅)ဖာလုံကွာဝေးပါသည်။ ပြည်တွင်းကုန်သွယ်မှု လမ်းကြောင်း အကွာအဝေးများအနေဖြင့် မြိတ်မှရန်ကုန် (၅၂၉)မိုင်၊ မြိတ်မှထားဝယ်(၁၅၂)မိုင်၊ ထားဝယ်မှ မော်လမြိုင် (၁၉၂)မိုင်၊ မော်လမြိုင်မှ ရန်ကုန် (၁၈၅)မိုင်၊ မြိတ်မှ ကော့သောင်း (၁၈၀)မိုင် ကွာဝေးပါသည်။

ဆက်စပ်လုပ်ကိုင်နေသောအသင်းအဖွဲ့များ

              ကုန်သွယ်မှုလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အသင်းအဖွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

              ( က )  မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MCCI)

              ( ခ )  မြိတ်ဒေသစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

              ( ဂ )  မြိတ်ခရိုင်စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

              ( ဃ )  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်

              ( င )  မြိတ်ခရိုင်လူသုံးကုန်ဖြန့်ဖြူးရောင်းချရေးကုန်သည်အသင်း

              ( စ )  မြိတ်ခရိုင်စားသုံးကုန်ဖြန့်ဖြူးရောင်းချရေးကုန်သည်အသင်း

              ( ဆ )  မြိတ်ခရိုင်ဆေးဝါးပစ္စည်းများဖြန့်ဖြူးရောင်းချရေးကုန်သည်အသင်း

              ( ဇ )  မြိတ်ခရိုင်ကုန်မာဆိုင်လုပ်ငန်းရှင်များအသင်း

              ( ဈ )  မြိတ်စက်လှေကြီးများအသင်း

              ( ည )  မြိတ်ခရိုင်မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း

              ( ဋ )  မြိတ်ခရိုင်သတ္တုလုပ်ငန်းရှင်များအသင်း

              ( ဌ )  အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအသင်း

              ( ဍ )  မြိတ်ခရိုင်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း

              ( ဎ )  မြိတ်ခရိုင်ဆန်စပါးကုန်သည်များအသင်း

              (ဏ )  မြိတ်ခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်း

              ( တ )  မြိတ်ခရိုင်စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း

ကုန်သွယ်မှုအခြေအနေ

      ရေလမ်းကြောင်းမှ ထိုင်းနိုင်ငံရနောင်းသို့ ငါးမှုန့် (၁)မျိုးသာ တင်ပို့မှုရှိပြီး ရော်ဘာကို မလေးရှား ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ လက်ရှိဘဏ္ဍာနှစ်၌ ကြက်သွန်နီ၊ငါးမှုန့်၊ ငါးအသားလွှာ၊ မုတ်ခွံတို့ တင်ပို့လျက်ရှိပါသည်။