နောက်ဆုံးရ သတင်း

 နေပြည်တော်၊ မတ်လ ၃ ရက်

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်း ကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင်မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Great Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Aiqar eQ3 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၉-၂-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့၊ (၁၃း၃၀)နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားသို့  မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   Website မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးလုပ်ငန်းများအကြား မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက်ထိန်းချုပ်ခြင်းများမရှိစေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန်သည့် ယှဉ်ပြိုင်မှုများကို အားပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအားလုံး တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေးတို့အတွက် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းထားပြီး ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးအစီအစဉ်များတွင် Website များမှတစ်ဆင့် အသိပညာပေးခြင်းလည်းပါဝင်သည့်အတွက် ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ လွှင့်တင်ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ  Website များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင်အထည်ဖော်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရဌာန/ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း