နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 7 KW (၁၀) ခု၊ 11 KW (၁၀) ခု၊ 22 KW (၁၀) ခု၊ 60 KW (၆) ခုနှင့် 240 KW (၂) ခု စုစုပေါင်း လျှပ်စစ်သုံးယာဉ်အား သွင်းစက် (၃၈) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၆) တန် တင်သွင်းခဲ့ကြောင်းသိရပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သတင်းရရှိသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motor Co., Ltd မှ တင်သွင်းလာသော Star Charge အမျိုးအစား လျှပ်စစ်သုံးယာဉ် အိမ်သုံးအားသွင်းစက် (EV Charger) 7 KW (၃၀) ခုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပါသဖြင့် (၂၄-၄-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှ မေလ ၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၆၈၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံ ချုပ်ဆိုထားသော အပင်ကျန်းမာရေး လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားလိုသည့်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word File) များဖြင့် (၁၉.၅.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
ဆက်သွယ်ရန်လိပ်စာ
၁။ စိုက်ပျိုးရေးဦးစီးဌာန
သီးနှံကာကွယ်ရေးဌာနခွဲ
ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း
အင်းစိန်၊ ရန်ကုန်
Ph- 01-644214
Email: [email protected]
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး
၂။ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေးနည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့
(Technical Working Group)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး(UMFCCI ၉လွှာ)
မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်
01-218266~68 ၊ 01-2301128~29
Email: [email protected]
လျှောက်လွှာရယူရန်
လျှောက်လွှာများအား အောက်ပါ (Word)ဖိုင်၊ https://www.doa.gov.mm , https://ppd.doa.gov.mm နှင့် www.umfcci.com.mm တို့တွင် (Download) ရယူလျှောက်ထားနိုင်ပါသည်။