နောက်ဆုံးရ သတင်း

နေပြည်တော်၊ မတ် ၃၁      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက်နှစ်ပတ်လည်နေ့ ညစာစားပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးဥပစာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ည (၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

          နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာ စကားပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဝန်ထမ်းမိသားစုများမှ တေးသံသာများနှင့် သီဆိုကပြဖျော်ဖြေခဲ့ပါသည်။

          မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၇) နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် နိုင်ငံတော်၏ ပို့ကုန်မြှင့်တင်ရေး ရည်မှန်းချက်များကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာပါသဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ‌သော MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပါသဖြင့် (၂၉-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော် ယာဉ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော် မတ်လ ၂၇

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း