နောက်ဆုံးရ သတင်း

နေပြည်တော်၊ နိုဝင်ဘာ

   ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား (Go-Live Ceremony)နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲသို့ တက်‌ရောက်အမှာစကားပြောကြားသည်။    

   ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့ကျင်းပပြုလုပ်သည့် MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း လုပ်ငန်းစသည့် လုပ်ငန်းများကို Digital Platform ပုံစံဖြင့်ဆောင်ရွက်မည်ဖြစ်ရာ ကုမ္ပဏီမှတ်ပုံတင် စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရ မည့်ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည် ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်‌ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူကြိတ်ခွဲသူများနှင့် ကုန်သည်လုပ်ငန်းရှင် များအတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်းဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပပြုလုပ်ခဲ့ပြီး ဦးစားပေးလုပ်ငန်းစဉ် ၄၃ ရပ် ကို ဖော်ထုတ် နိုင်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအနက် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ်ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် ဆောင်ရွက် မည့်အစီအမံ များရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စီစဉ် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ် ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန် တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များအပါအဝင် သက်ဆိုင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌ များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ရန်ကုန်၊ (၂၈-၁၀-၂၀၂၃)

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ(ပဉ္စမထပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) သည် ကုန်သွယ် မှုဆိုင်ရာလုပ်ငန်းများဖြစ်သော တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ် ဆေးမှုလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်ပ သို့တင်ပို့သည့်ပို့ကုန်များ၏ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ စျေးကွက်ဝင်ရောက်ခွင့် ရရှိ ရန်နှင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်စည်များကိုလည်း ကုန်သွယ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း (Non-Tariff Measure) အရ အရည်အသွေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအတွက် စစ်ဆေးခြင်းဖြစ် ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်းများကို လိုက်နာ လက်ခံကျင့်သုံးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အရည်အသွေးသတ်မှတ်သောအဖွဲ့ (International Standard Organization) ၏ ISO 9001:2015 Certificate ကို ရရှိထားပြီး ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO/ IEC 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 တို့ရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်ပေးအပ် ချက်အရ ပြည်တွင်းရှိ ဆန်စပါး အရည်အသွေး ကောင်းမွန်မှန်ကန်စေရေး စမ်းသပ်စစ်ဆေးပေးနိုင် ရန်အတွက် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် မြေပြင်လက်ကျန် စစ်ဆေးခြင်း၊ သင်္ဘော မတင်မီ စစ်ဆေးခြင်း (Pre-Shipment Inspection)၊ အလေးချိန်နှင့် အရည် အသွေးစစ်ဆေးခြင်း၊ ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် အရန်ရိက္ခာဆန် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရှိစေရန် ရိုးသားမှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်တွင် Professional ဆန်ဆန် ယှဉ်ပြိုင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်း၊ MITS မှ ထူးချွန်ဝန်ထမ်းများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် စီးပွားရေး နှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

နေပြည်တော်၊ အောက်တိုဘာလ ၂၂

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများ ကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၃၉၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

    အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း