နောက်ဆုံးရ သတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၀
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာ သော NETA U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀-၉-၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၉
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့နှင့် နောက်ဆုံးနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိပါသည်။
မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိ ပါသည်။
အဆိုပါကုန်စည်ပြပွဲ၏ စတုတ္ထနေ့တွင်လည်း ယခင်နေ့များကဲ့သို့ မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိပါသည်။
မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပသည့်နေရာ (Business Matching Area) တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် တရုတ်လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံ၍ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင်၌ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မန္တလေးမြို့၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ပါဝင်ပြသထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ကျင်းပလျက် ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ တတိယနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့်ဆက်လက် ပါဝင်ပြသလျက်ရှိပါသည်။
မြန်မာကုန်စည်ပြခန်းများတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ ရေထွက်ကုန်များ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်များ၊ မြန်မာ့ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက် ရှိပါသည်။
အဆိုပါကုန်စည်ပြပွဲ တတိယနေ့တွင်လည်း ယခင်နေ့များနည်းတူ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက် လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါသည်။ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင် ၌လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြလျက်ရှိပါကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၈ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက် နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ (၇) ကြိမ်မြောက် တရုတ် -အာဆီယံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သွင်းကုန်/ပို့ကုန် အစားအသောက်ဘေး ကင်းရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံများသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် (၇) ကြိမ်မြောက် တရုတ် - အာဆီယံတိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် ရောဂါကာကွယ်ထိမ်းချုပ်ရေးဌာနသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့သည် ယနေ့နေ့လည်ပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၅:၁၀) နာရီအချိန်၌ ပြန်လည်ရောက်ရှိခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ (Minister-Counselor) ဖြစ်သူ Mr. Jia Junjie နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။