နောက်ဆုံးရ သတင်း
ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည့် Dhahran Expo တွင် ပါဝင်သည့် Saudi International Marine Exhibition သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲသို့ ဝင်ရောက်ပြသခြင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့အကြား ငါးမွေးမြူရေးလုပ်ငန်းနှင့် ပင်လယ်စာကဏ္ဍတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးခိုင်မာစေရန် ထူးခြားသော စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ ချဲ့ထွင်နိုင်ရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ပြပွဲစီစဉ် သူများနှင့် တွေ့ဆုံ နိုင်ရေး B2B Package များလည်း စီစဉ်ထားရှိပါကြောင်း သိရှိရသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇ -၄၀၈၆၂၃ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ သီးသန့်ဥပဒေတစ်ရပ်အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ အရ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကို ရရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (မှတ်ပုံတင်အရာရှိ) ထံလျှောက်ထားရမည်ဖြစ်သည်။
အမှတ်တံဆိပ်ကို ဖန်တီးရာတွင် မိမိ၏ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကို အခြားသောကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိရှိစေနိုင် သော အမှတ်အသားဖြစ်ရန်လိုအပ်ပါသည်။ အမှတ်တံဆိပ်ကို ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေးပေါင်းစပ်မှုတို့အပါအဝင် မျက်စိဖြင့် မြင်တွေ့ နိုင်သောအရာများ၊ ယင်းအမှတ်အသားတစ်ခုနှင့် တစ်ခုပေါင်းစပ်၍လည်း ဖန်တီးနိုင်မည်ဖြစ်သည်။
အမှတ်တံဆိပ်တစ်ခုကို ဖန်တီးရာတွင် အခြေခံအားဖြင့် စကားလုံးများ၊ ရုပ်ပုံများ (သို့မဟုတ်) ယင်းနှစ်မျိုးကို ပေါင်းစပ်၍ ဖန်တီးလေ့ရှိကြသည်။ စကားလုံးများသက်သက်ဖြင့် ဖန်တီးပြုလုပ်ထားသော အမှတ်တံဆိပ်များကို Word Mark ဟုခေါ်ဆိုသည်။
ဥပမာ-
ရုပ်ပုံဖြင့်ဖန်တီးထားသောအမှတ်တံဆိပ်များကို Figure or Logo Mark ဟုခေါ်သည်။
ဥပမာ-
စကားလုံးနှင့် ရုပ်ပုံနှစ်မျိုးလုံးဖြင့် ပေါင်းစပ်ဖော်ပြထားသော အမှတ်တံဆိပ်များကို (Combination of Word and Figure Mark)ဟု ခေါ်ဆိုကြသည်။
ဥပမာ-
နေပြည်တော်၊ ဇန်နဝါရီ ၁၃ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် Voice of the South Summit ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက်နိုင်ငံ (၁၇၀) နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေး ပူးပေါင်းဆောင်ရွက်သွား ရန်အတွက် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများအားလည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် ပိုမိုအားကောင်းစေရန်အပြင် စီးပွားရေးအလားအလာကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန် စေရန်နှင့် ခရီးသွားလုပ်ငန်းများကောင်းမွန်စေရေး တိုက်တွန်းဆောင်ရွက်သွားရန်တို့ နှင့်ပတ်သက်၍ အမြင်များအားဖလှယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဖက်ပိုင်းရှိ နိုင်ငံများအားလုံးနှင့် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပူးပေါင်းချိတ်ဆက်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ( ၂၅ )နိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများလည်း အသီးသီးတက်ရောက် အမှာစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုများဖြစ်သည့် မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊ အရေအတွက်အားဖြင့် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး “ မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ” ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ညီလာခံမှ ဖော်ထုတ်ချက်များအရ ဆက်လက် ဆောင်ရွက်သွားသင့်သည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅)ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁၀)ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအတွက် (၁၈)ချက်၊ စုစုပေါင်းဖော်ထုတ်ချက် (၄၃)ချက်နှင့် ပတ်သက်ပြီးအကောင်အထည် ဖော်ဆောင်ရွက် သွားရန်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို (၅)နှစ်တာ ကာလအတွက် (မူကြမ်း) ရေးဆွဲ ပြုစုထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက်ကိုအားလုံး အတည်ပြုချက်ရရှိပြီး သည့်အချိန်တွင် သက်ဆိုင်သည့်ဌာနများ၊ အသင်းအဖွဲ့ များအနေဖြင့် ဦးဆောင်ခြင်း၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံ စျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး အတွက်လည်းကောင်း၊ အရည်အသွေး သတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့် ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများမှ လုပ်ငန်းစီမံချက် လျာထားမှုများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။