နောက်ဆုံးရ သတင်း

နေပြည်တော်၊ မတ် ၄          ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် (၁၉) စီးသည် ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၃.၃.၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်များတင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံး ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့်သက်သာခွင့်ပြုထားကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ် (၃၀) စီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ (၃.၃.၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံး ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သတင်းရရှိသည်။

  ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး (၁/ ၂၀၂၃)သို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

  ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာ လုပ်ငန်းစဉ်၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းစဉ်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ထုတ်ပြန်ထားရှိ ပြီဖြစ်ကြောင်း၊ သို့သော်စားသုံးသူများတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါစားသုံးသူအခွင့်အရေးများကို ကောင်းစွာသိရှိသူ အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် စားသုံးသူများသည် မိမိ၏နစ်နာဆုံးရှုံးမှုအတွက် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်များကို ဥပဒေကစားသုံးသူအခွင့်အရေးများအဖြစ် ပေးအပ်ထားမှုအပေါ် သိရှိသူအလွန်နည်းပါးပါကြောင်း၊ စားသုံးသူတွင် ဥပဒေအရပေးအပ်သော အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေအရ လိုက်နာရမည့် တာဝန်များလည်းရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော စားသုံးသူရေးရာကော်မတီများကိုလည်း ဥပဒေအရလုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီဖြစ်ရာ ကော်မတီများအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းအပါအဝင် မိမိ၏ လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သည်များကိုလည်း ကော်မရှင်နှင့်ဆက်သွယ်၍ ဆောင်ရွက်စေလိုပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင်ရွက်ရာတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

  ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားသုံးသူပြည်သူများ စိတ်ပါဝင်စားနိုင်သော အစီအစဉ်များကို ဆန်းသစ်တီထွင်၍ ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်ရေး နှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားခဲ့သည်။

  ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့််ချိုက ရှင်းလင်း တင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ပြန်လည်ဆွေး နွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန် တွင် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

  ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာနှင့်အညီ ကုန်သွယ်မှုနှင့်ဆက်စပ်သော မူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိ သလို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုလည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

  ဒေသတွင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်ဖို့နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက် အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို ဖော်ဆောင်ကျင့်သုံးနေကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အခြားသောအဖွဲ့ဝင်နိုင်ငံများ နည်းတူ မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပြီး မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊

  ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ (၄) ခုအနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို မကြာခင်ကာလတွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့်အတွက် အဓိကတာဝန်ယူရသော ဌာနများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်သော ဌာနများမှ ကိုယ်စားလှယ်များအား အသိပညာ၊ ဗဟုသုတများ တိုးပွားစေပြီး လုပ်ငန်းချောမွေ့စေရန်အတွက် ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  မကြာခင်ကာလတွင်လည်း ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်အတွက် ရန်ကုန်မြို့၊ မန္တလေးမြို့ စသည့်မြို့ကြီးများတွင်လည်း ဆွေးနွေးပွဲများအား ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲသို့ ကိုယ်စားလှယ် စုစုပေါင်း (၁၈၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

  ကျော်ကြားသောအမှတ်တံဆိပ်ဆိုသည်မှာ အမှတ်တံဆိပ်တစ်ခုဖြစ်သော်လည်း သာမန်အမှတ်တံဆိပ်မျိုးမဟုတ်ဘဲ၊ သုံးစွဲသူများ အကြားတွင် အခြားသော အမှတ်တံဆိပ်များထက် လူသိများပြီး ထင်ပေါ်ကျော်ကြားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုသည် စတင်ဖန်တီးအသုံးပြုသည့်အချိန်၌ ကျော်ကြားမှုမျိုးမဟုတ်ဘဲ သာမန်အမှတ်တံဆိပ်ကို အချိန်ကာလတစ်ခုထိ အသုံးပြုနေခြင်းမှ အများပြည်သူကြား ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်လာခြင်းဖြစ်ပါသည်။ အမှတ်တံဆိပ် တစ်ခုသည် သက်ဆိုင်ရာနယ်ပယ်တွင် ယင်းအမှတ်တံဆိပ်အား အသုံးပြုခဲ့သည့် အချိန်ကာလ၊ အများပြည်သူ၏ အသိအမှတ်ပြုမှု သို့မဟုတ် လူသိများမှုပမာဏ၊ မိမိအသုံးပြုထားသည့် အမှတ်တံဆိပ်အား အများပြည်သူသိရှိစေနိုင်ရန်အတွက် ကြော်ငြာခြင်း၊ ကုန်စည်ပြပွဲများတွင် ခင်းကျင်းပြသခဲ့ခြင်းများအပါအဝင် ရောင်းအားမြှင့်တင်ခြင်းအစရှိသည့် အချက်များကြောင့် ကျော်ကြားသော အမှတ်တံဆိပ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး အဆိုပါစံနှုန်းများ၊ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန်လိုအပ်ပါသည်။

  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ (၂၀၁၉) တွင်လည်း ကျော်ကြားသောအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်ထည့်သွင်း ဖော်ပြထားပါသည်။ အမှတ်တံဆိပ်တစ်ခုသည် ယင်းအမှတ်တံဆိပ်ကို အသုံးပြုထားသည့် ကုန်ပစ္စည်း၏ အရည်အသွေးကို အချိန်ကာလ ကြာမြင့်စွာထိန်းသိမ်းထားနိုင်ခြင်း၊ ယင်းအမှတ်တံဆိပ်ကိုပင် တစ်ဆက်တည်းအသုံးပြုခဲ့ခြင်းကြောင့် သုံးစွဲသူများကြားတွင် လူသိများပြီး ထင်ရှားကျော်ကြားသော အမှတ်တံဆိပ်ဖြစ်လာသည့်အတွက် အကာအကွယ်ရရှိနိုင်သည့် အခွင့်အရေးမှာလည်း သာမန်အမှတ် တံဆိပ်ထက်ပိုမိုကျယ်ပြန့်ခြင်းဖြစ်ပါသည်။ ကျော်ကြားသော အမှတ်တံဆိပ်တစ်ခုသည် မှတ်ပုံမတင်ထားသော်လည်း ယင်းအမှတ် တံဆိပ်နှင့် ထပ်တူသို့မဟုတ် အလားတူဖြစ်သည့်အပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများမှာလည်း ထပ်တူသို့မဟုတ် အလားတူ ဖြစ်နေပါက ထိုသို့အသုံးပြုနေခြင်းအပေါ် ကန့်ကွက်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။

  မှတ်ပုံတင်ထားသော ကျော်ကြားသောအမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို အခြားသူတစ်ဦးဦးက မတူညီသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများတွင် အသုံးပြုခြင်းသည် မှတ်ပုံတင်ထားသော ကျော်ကြားသောအမှတ်တံဆိပ်ပိုင်ရှင်၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတို့အကြား ဆက်နွယ်မှုရှိသည်ဟု ညွှန်းပြသကဲ့သို့ဖြစ်နိုင်ပြီး အကျိုးစီးပွားကိုလည်း ထိခိုက်နိုင်သောကြောင့် ထိုသို့အသုံးပြုခြင်းအပေါ် ကန့်ကွက်နိုင်မည်ဖြစ်ပါသည်။

(ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲ)

Pages

Subscribe to နောက်ဆုံးရ သတင်း