နောက်ဆုံးရ သတင်း

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော် မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC BEIJING EU5 Plus အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor, T03 (Luxury)အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၂-၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

   စစ်ဆေးရေးအရာရှိများလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပြီး စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်စည်ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့်ကုန်စည်ဖြစ်စေ ဈေးကွက်ထဲသို့ ရောက်ရှိလာပါက စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့ဌာနရှိ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုသိရှိပြီး စနစ်တကျစစ်ဆေးတတ်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ASEAN နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား သိရှိရန်လေ့လာကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား (၁၈၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀   

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Horizon Lake View Resort ၌ ယနေ့နေ့လယ်တွင် အလုပ်သဘောနေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။  

   နေ့လယ်စာမသုံးဆောင်မီ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံများလည်းဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုကို အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာစီးဆင်းနိုင်ရေးအတွက်  နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေးတို့အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

   အဆိုပါ နေ့လယ်စာစားပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

၁၉-၂-၂၀၂၄၊ နေပြည်တော်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Uladzimir Baravikou အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ၏ အဓိကလယ်ယာ ထွက်ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံနှင့် ချုပ်ပြီး အထည်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဘယ်လာရုစ် နိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်  ပူးပေါင်းဆောင် ရွက်သွားနိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ရောက်ရှိပြီး တာဝန်ခံတစ်ဦးမှ ဆီများ ပြည်ပမှမှာယူရောက်ရှိမှု၊ သိုလှောင်ထားရှိမှု၊ ပြည်တွင်း စားသုံးသူများထံသို့ ဖြန့်ဖြူးပေးနေမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စားသုံးဆီအရည်အသွေး စစ်ဆေးမှုအခြေအနေများ၊ ပြည်သူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ပြည်တွင်းဖြန့်ဖြူး နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ ဖြန့်ဖြူးရေးနှင့် လျော့နည်းမှုမရှိစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းဝင်ကုမ္ပဏီ (၁၁) ခုက ပြည်ပသို့ ဝမ်းပုံ (In Bulk) စနစ်ဖြင့် ဆန်တင်ပို့ရန် MV. Vega Granat သင်္ဘောပေါ်သို့ ဆန်တင်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပသို့ တင်ပို့မည့် ဝမ်းပုံ (In Bulk)စနစ်ဖြင့် ပြောင်းများအား အလုံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော HONG LINH-1 နှင့် MV.PIONEER FORTUNE သင်္ဘောများပေါ်သို့ တင်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်၊ ထီးတန်း ဆိပ်ကမ်းသို့ ရောက်ရှိပြီး စားသုံးဆီများသိုလှောင်ထားရှိမှု၊ ဆီပေပါများအတွင်း ထည့်သွင်းနေမှုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး စားသုံးဆီများ အရေအတွက်နှင့်အလေးချိန်ပြည့်မီစေရေး၊ အများပြည်သူ လက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း