နောက်ဆုံးရ သတင်း

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်း ကျော်ရှိသည်။ နှစ်သစ်ကူးကာလဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံနှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရာဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုဇွန်နှင့် အခြားရေထွက်များ ပိုမိုတင်ပို့နိုင်သကဲ့သို့  စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များ လည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

   ယခုအပတ်တွင် ပဲမျိုးစုံ တန်ချိန် ၂၄၇၇၉ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့သည်။ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန် နိုင်ငံများသို့ ယခင်ရက်သတ္တပတ်များထက် ပင်လယ်ရေကြောင်းမှတင်ပို့မှု ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရသည်။

   နှမ်းမျိုးစုံမှာ နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် နှမ်းမျိုးစုံပိုမိုတင်ပို့ခဲ့သည့်အပြင် ဂျပန်၊ ထိုင်း၊ စင်္ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှလည်း  ဝယ်လိုအားများပြားခဲ့သည်။ နှမ်းနက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၁၃၈၀ မှ ၁၈၁၅ အထိ ပို့ကုန်စျေးနှုန်းရရှိခဲ့ပြီး ပြည်တွင်းနှမ်းဈေးကွက်တွင်လည်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိကုန်စည်ဒိုင် စျေးကွက်များ၌ နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၂၉၅၀၀၀ ကျပ်  မှ ၃၄၀၀၀၀ ကျပ် ပေါက်စျေးဖြင့် လတ်တလောတွင် ဈေးအတက်ဘက်သို့ ဦးတည်လျက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူ များ၊ ကုန်သည်လုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။

   မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အထည်ချုပ်ကဏ္ဍသည် အဓိကကျသော ကဏ္ဍမှပါဝင်သည်။ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှု၌ CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက် သည့်လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး လုပ်သားအင်အားအခြေပြုသည့် Labour Intensive Industry အကောင်းဆုံး အထည်ချုပ်လုပ်ငန်းဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈2 သန်းကျော် ရရှိခဲ့ပြီး နိုင်ငံပေါင်း 53 နိုင်ငံသို့ တင်ပို့ခဲ့သည်။ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့မှ အများဆုံးမှာယူတင်သွင်းခဲ့ကြောင်း သိရှိရသည်။

   ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးဆောင်ရွက်ရာတွင် CMP ကဏ္ဍတိုးတက်ရေးကိုလည်း နိုင်ငံတော် မှဦးစားပေးဆောင်ရွက်လျက်ရှိသည်။ CMP အထည်ချုပ်လုပ်ငန်းအပြင် လျှပ်စစ်နှင့် အီလက်ထရော နစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်မျိုးစုံ၊ ဆံပင်အတု၊ မှန်ဘီလူးနှင့် ကင်မရာစသည့်စက်မှုလုပ်ငန်းများကို လည်း CMP စနစ်ဖြင့်လုပ်ကိုင်နေခြင်းဖြစ်သည်။

   စက်ရုံအလုပ်ရုံများမှ ကုန်ကြမ်းပစ္စည်းလက်ခံပြီး ကုန်ချောထုတ်လုပ်ပေးသည့် CMP လက်ခစားစနစ်မှ တစ်ဆင့် ကိုယ်တိုင်ထုတ်လုပ်တင်ပို့နိုင်သည့်စနစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းဆောင် ရွက်လျက်ရှိပါသည်။ သို့မှသာ ပြည်တွင်းစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းကာ နိုင်ငံ့စီးပွားရေးကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

   နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်ပ ကုန်သွယ်မှု၌ လယ်ယာကဏ္ဍ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရာဘာ၊ သစ်သီးဝလံ စသည်တို့ အထွက်နှုန်းတိုးအောင် ကြိုးပမ်းဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်ရေး၊ CMP အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေး၊ CMP လုပ်ငန်းများ တိုးတက်များပြားလာမှု နှင့်အတူဘက်ပေါင်းစုံမှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများ၊ အသင်း အဖွဲ့များမှ ထိရောက်သောပေါင်းစပ်ညှိနှိုင်းမှုများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ယခုရက်သတ္တပတ်ပို့ကုန်တင်ပို့နိုင်မှု အခြေအနေအား ဖော်ပြတိုက်တွန်းအပ်ပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၉၅၅ ကျပ်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

    အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၉-၁၂-၂၀၂၃) ရက်နေ့တွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဒီဇင်ဘာလ ၂၈

   မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝက်ဘ်ဆိုဒ် ရေးဆွဲဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများအပေါ် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

   မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ယှဉ်ပြိုင်မှုဥပဒေ စိုးမိုးမှုရှိစေရေးအတွက် ပွင့်လင်းမြင်သာ၍ တရားမျှတစွာ ဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အားလုံးအတွက် ကောင်းမွန်သော စီးပွားရေးဝန်းကျင်ဖြစ်လာစေရေးကို ရှေးရှု၍ ယှဉ်ပြိုင်မှု မူဝါဒအား ရေးဆွဲရန်၊ ယှဉ်ပြိုင်မှုမူဝါဒ၏ အကျိုးကျေးဇူးများကို အသိပညာပေးရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်းနှင့် ယနေ့ကျင်းပသည့် အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ၂၆ ဒီဇင်ဘာ

      

     ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ- တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် (စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုခဲ့ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စာချုပ်ပါ အချက်အလက် အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး ၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ်နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့် လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ် တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် တွန်းအားပေးပါမည်။ ဤစီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ပါမည်။

     ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး(Gateway)အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     မြန်မာ-တရုတ်နှစ်ဘက်လုံးသည်စီမံကိန်းဆိုင်ရာကနဦးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ၂၀၂၂ခုနှစ်မှစတင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးမှု လုပ်ငန်း(PGTS)နှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)တို့ကို လုပ်ဆောင်ခဲ့ရုံသာမကကမ္ဘာပေါ်၌နာမည်ကျော်ကြားသော ကနေဒါနိုင်ငံအခြေစိုက် စီမံကိန်း စီမံခန့်ခွဲမှုကုမ္ပဏီHATCH အား စီမံကိန်းအတိုင်ပင်ခံအဖြစ် ခန့်အပ်ထားပြီး ၎င်း၏ အကူအညီဖြင့် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာ စစ်ဆေးမှု လုပ်ငန်း (PGTS)ကို ပြီးစီးပြီဖြစ်ရာ သက်ဆိုင်သည့် ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာနည်းပညာ အစီရင်ခံစာများသည် စီမံကိန်းနောက်ဆက်တွဲဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)သည် စီမံကိန်း၏အနာဂတ်တည်ဆောက်မှုနှင့် လည်ပတ်မှုလုပ်ငန်းစဥ်တို့ကြောင့်ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ရန်နှင့် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန် အစီအမံများ ချမှတ်ရေးအတွက် ရည်ရွယ်ပါသည်။ စီမံကိန်း ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအား တင်းတင်းကြပ်ကြပ်လိုက်နာပြီး နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်းအတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်း(ESIA)အတိုင်ပင်ခံကုမ္ပဏီအား ခန့်အပ် ထားခြင်းလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း(ESIA) အတိုင်ပင်ခံကုမ္ပဏီသည် ရေနက်ဆိပ်ကမ်း စီမံကိန်းဝန်းကျင်ရှိ သဘာဝပတ်၀န်းကျင်ဆိုင်ရာ အခြေခံအခြေအနေများကို သိရှိ နားလည်နိုင်စေရန် လေ့လာဆန်းစစ်ခြင်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် (public participation activities)များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ရယူခဲ့ကြပါသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA) သည်လည်းစီမံကိန်း၏ နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း အဆင့် လုပ်ငန်းများအားပြီးစီးပြီဖြစ်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) သည်မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက်အား ရရှိထားပြီးဖြစ်ပါသည်။ ESIA ၏နောက်ဆက်တွဲ လုပ်ငန်းများအား မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများနှင့်နိုင်ငံတကာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အား စိမ်းလန်း၍ခေတ်မီသောဆိပ်ကမ်းတစ်ခု ဖြစ်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ပါသည်။

     ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People၊ Prosperity၊ Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့် အခြေခံမူကြီး ၃ ချက် အပေါ်မှာ မူတည်ပြီး  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို တက်တက် ကြွကြွဆောင်ရွက်နေချိန်တွင် မြန်မာ-တရုတ် နှစ်ဘက်လုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက်မြှင့်တင်ပေးနိုင်ရန် အထူး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဖြူဒေသ၌ ကျေးလက်ရန်ပုံငွေ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးခြင်းစီမံကိန်း အစရှိသည့်လူမှုအကျိုးပြုစီမံကိန်း ၁၀ ခု ကျော်အား တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများ မှဒေသခံ ထောင်ပေါင်းများစွာအကျိုးခံစားခဲ့ရပါသည်။ စီမံကိန်း၏အနာဂတ်တည်ဆောက်ရေးနှင့်လည်ပတ်ရေးအဆင့်များတွင်လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြုမိတ်ဖက်အဖွဲ့အစည်းများအား ဆက်လက်၍ဖိတ်ခေါ်လက်တွဲကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ခြင်းစသည့် ပြည်သူများလိုအပ်နေသောနယ်ပယ်များတွင် အားထုတ်ဆောင်ရွက် သွားပါမည်။ စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏ ပထမ ၅နှစ်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင်ပြီး CSRနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပါမည်။ လူမှုအကျိုးပြု CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ‌ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်မှုကို ဖိတ်ခေါ်လိုပြီး  အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း သေချာစွာနားထောင်လိမ့်မည်။

      ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည်ဖြစ်ကာ  စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုကို မြန်မာနိုင်ငံသားများအား ခန့်အပ်လုပ်ကိုင်စေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို  အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်တဲ့အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သား တစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

     စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်      - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

                            မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲ

ဆက်သွယ်ရန်ဖုန်း - ၀၆၇၃၄၀၈၆၄၈

Pages

Subscribe to နောက်ဆုံးရ သတင်း