နောက်ခံသမိုင်း

Mon, 12/17/2012 - 06:29 -- Anonymous (not verified)

ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၏ နောက်ခံသမိုင်း

 

၁။   ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ် မဖွဲ့စည်းမီ  ၊ ၁၉၈၈ ခုနှစ် မတိုင် မီက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား မြန်မာ့ထုတ်ကုန် ၊ သွင်းကုန်လုပ်ငန်း ကော်ပို ရေးရှင်းမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၏    ၂၈-၈-၁၉၉၆ ရက်စွဲ ပါ အမိန့်ကြေငြာစာဖြင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို အဆင့် (၁) ဦးစီးဌာန အဖြစ် ဖွဲ့စည်းပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။

၂။       ၁၉၉၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၂၇/၁၉၉၉) မှ သဘောတူဆုံးဖြတ်ချက်အရ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို အရာထမ်း (၁၁၉) နေရာ၊ အမှုထမ်း (၅၆၉) နေရာ၊ စုစုပေါင်း (၆၈၈) နေရာဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

          (က)    စီမံရေးနှင့်ငွေစာရင်းဌာန

          ( ခ )   ညှိနှိုင်းကွပ်ကဲရေးဌာန

          ( ဂ )   နယ်စပ်ပို့/သွင်းကုန်ဌာန

          (ဃ)    နယ်စပ်ကုန်သွယ်ရေးရုံး (၁၂) ရုံး

၃။       နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်ရန် လုပ်ငန်းလိုအပ်ချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၀၇ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူဆုံးဖြတ်ချက် အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို အရာထမ်း (၁၂၅) နေရာနှင့် အမှုထမ်း (၅၆၃) နေရာ၊ စုစုပေါင်း (၆၈၈) နေရာဖြင့် အောက်ပါ ဌာနကြီး (၇) ခု၊ နယ်စပ်ကုန်သွယ်ရေးရုံး (၁၃) ရုံး ၊ မန္တလေး (၁၆) မိုင်နှင့် Transit Trade ဖြင့် ထပ်မံပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

          (က)      စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲ

          ( ခ )      စီမံကိန်းစာရင်းအင်းနှင့် မူဝါဒဌာနခွဲ

          ( ဂ )      နိုင်ငံခြားဈေးကွက် ရှာဖွေမြှင့်တင်ရေးနှင့် ပို့ကုန်/သွင်းကုန် လေ့လာရေးဌာနခွဲ

          (ဃ)      နယ်စပ်ပို့ကုန်ဌာနခွဲ

          ( င )      နယ်စပ်သွင်းကုန်ဌာနခွဲ

          ( စ )      ငွေစာရင်းဌာနခွဲ

          (ဆ)      သုတေသနနှင့် လေ့ကျင့်ရေးဌာနခွဲ

          ( ဇ )      နယ်စပ်ကုန်သွယ်ရေးရုံး (၁၃) ရုံး

          ( ဈ )     မန္တလေး (၁၆) မိုင်နှင့် Transit Trade

၄။       နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလိုအပ်ချက်အရ ၁၇-၆-၂၀၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၂) မှ လက်ရှိအရာထမ်းရာထူး (၁၂၅) နေရာ ၊ အမှုထမ်းရာထူး (၆၅) နေရာ ၊ စုစုပေါင်းရာထူး (၇၇၉) နေရာဖြင့် အောက်ပါဌာနခွဲ (၇) နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-

          (က)      စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲ

          ( ခ )      ငွေစာရင်းဌာနခွဲ

          ( ဂ )      စီမံကိန်းစာရင်းအင်းဌာနခွဲ

          (ဃ)      ကုန်သွယ်မှုမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ်စိစစ်ရေးဌာနခွဲ

          ( င )      ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

          ( စ )      ပို့ကုန်ဌာနခွဲ

          (ဆ)      သွင်းကုန်ဌာနခွဲ

          ( ဇ )      နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆) ခု

                      (ရန်ကုန်တိုင်းဒေသကြီး/ မန္တလေးတိုင်းဒေသကြီးအပါအဝင်)

 

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ

၅။       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းများဖြစ်သည့် ကုန်သွယ်မှု လုပ်ငန်းများကို နိုင်ငံတကာနှင့်အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေစည်းမျဉ်းများနှင့်အညီ ရေးဆွဲပြဌာန်း ကြီးကြပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ငန်း လွယ်ကူချောမွေ့စေရေး ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်ရှိကျင့်သုံးနေသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ခေတ်နှင့် အညီ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၁၅-၃-၂၀၁၃) ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဦးစီးဌာနကို အရာထမ်းရာထူး (၂၆၆) နေရာ ၊ အမှုထမ်းရာထူး (၂၀၃၄) နေရာ ၊ စုစုပေါင်းရာထူး (၂၃၀၀) နေရာဖြင့် ဌာနကြီး(၁၀) ခု ၊ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆) ခု၊ တိုင်းနှင့်ပြည်နယ်ဒေသကြီးရုံးခွဲ (၁၂ ) ခု တို့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

        (က)     စီမံရေးရာဌာနခွဲ

        ( ခ )    ငွေစာရင်းဌာနခွဲ

        ( ဂ )    ကုန်သွယ်မှုစာရင်းအင်းဌာနခွဲ

        (ဃ)     ပို့ကုန်လုပ်ငန်းဌာနခွဲ

        ( င )    သွင်းကုန်လုပ်ငန်းဌာနခွဲ

        ( စ )    ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဌာနခွဲ

        (ဆ)     ဒေသတွင်းကုန်သွယ်မှုဌာနခွဲ

        ( ဇ )    ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ

        ( ဈ )    စားသုံးသူရေးရာဌာနခွဲ

        (ည)     ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းကွပ်ကဲရေးဌာနခွဲ

        ( ဋ )    နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆) ခု

        (ဌ)      တိုင်းနှင့်ပြည်နယ်ရုံးခွဲများ

 

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဦးစီးဌာန၏ ရည်ရွယ်ချက်

၆။       ယခင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအား လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး ဦးစီးဌာနအဖြစ် အောက်ပါရည်ရွယ်ချက် (၆) ခုနှင့်အညီ ပြင်ဆင်ဖွဲ့စည်းရခြင်းဖြစ်ပါသည် -

          (က)     ကုန်သွယ်ရေးမူဝါဒနှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများအား ပိုမိုတိုးတက်လာစေရန်

           ( ခ )    ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာမက၊ နယ်စပ်ကုန်သွယ်မှု အခွင့်အလမ်းများပါ တိုးတက်လာစေရန်

          ( ဂ )    ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့စေရန်

          (ဃ)     ကုန်ဈေးနှုန်းများသည် ပြည်သူလူထုအား ဖိစီးမှုမဖြစ်စေရန်

           ( င )     အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်ပယ်တွင် မိမိနိုင်ငံမှ စားသုံးသူများအား အကာအကွယ် ရရှိစေရန်

           ( စ )    ပြည်တွင်းမှတင်ပို့မည့် ပစ္စည်းများအား ကမ္ဘာ့ဈေးကွက်တွင် စံချိန်စံညွှန်းမှီပစ္စည်းများ ဖြစ်ပြီး ဈေးကောင်းရရှိစေရန်