နောက်ဆုံးရ သတင်း

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ မစ္စတာအန်နာ သိုလီဘူးလော့ချ်နိကော့  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်သွားရေးနှင့်  ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

       တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

          ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Hadong Sports Park ၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Hadong World TEA Expo 2023 သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။

          ပြပွဲ၌ ပါဝင်ပြသရန် ပြခန်း (၁) ခန်းအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ကုမ္ပဏီ ၆၀ ခုမှ ပြခန်း (၁၀၀) ဖြင့် ပါဝင်ပြသမည်ဖြစ်ကာ လူဦးရေ ၁ သန်းကျော် လာရောက်ကြည့်ရှု မည်ဟု မျှော်မှန်းထားကြောင်းနှင့် ပြခန်းပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိ ရသည်။

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

  ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သော CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

  အစည်းအဝေးတွင် ဆပ်ကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ CMP ပို့ကုန်သွင်းကုန်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖြည့်စွက်ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက် နိုင်ရေးကိစ္စများအပေါ် ဝိုင်းဝန်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးမှ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

  အဆိုပါအစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်အရာထမ်းများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်၊ CMP နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေသဆိုင်ရာအညွှန်း(Geographical Indications, GIs)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

          ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒေသဆိုင်ရာအညွှန်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ စုစု ပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။

  •           မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း အကာအကွယ် ပေးခြင်းနှင့် စပ်လျဉ်းသည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ(၂၀၁၉)ပါ  ပြဋ္ဌာန်းချက် များကို အခန်း တစ်ခန်းဖြင့် သတ်မှတ်ဖော်ပြပေးထားကြောင်း၊ အဆိုပါ ဒေသဆိုင်ရာအညွှန်း ပြဋ္ဌာန်းချက် များကို အကောင်အထည်ဖော်ရန်အတွက် ဒေသဆိုင်ရာအညွှန်းနည်းဥပဒေကိုလည်း သီးခြား ရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးသွားမည်ဖြစ်ကြောင်း၊  ကုန်အမှတ်တံဆိပ်နှင့်ဒေသဆိုင်ရာအညွှန်း အကာ အကွယ်ပေးခြင်းတို့တွင် သက်တမ်း၊  ပိုင်ဆိုင်သူ စသည့် မတူညီသောအချက်များ ပါဝင်ခြင်း ကြောင့် အချို့သောနိုင်ငံများ၌ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်းသည့် ဥပဒေကို သီးသန့် ပြဋ္ဌာန်း ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊   မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ ဒေသဆိုင်ရာအညွှန်း၏ အခန်းကဏ္ဍသည်   နိုင်ငံ့စီးပွားရေး အတွက် အဓိကအားထားရသည့် ပြည်တွင်းထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး ဒေသဆိုင်ရာအညွှန်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သင်တန်းများတက်ရောက်စေခြင်း နှင့် ဒေသဆိုင်ရာအညွှန်းစီမံကိန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းများကို  ဆောင်ရွက်ခဲ့ကြကြောင်း၊  ဒေသဆိုင်ရာအညွှန်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းဥပဒေ(မူကြမ်း)အပါအဝင် by-Laws များကို ပြင်ဆင်ရေးဆွဲလျက်ရှိရာ  ယခုဆွေးနွေးပွဲတွင် ဒေသဆိုင်ရာအညွှန်းအဖြစ် မှတ်ပုံတင် နိုင်ရန်အတွက် လိုအပ်မည့်အချက်များနှင့် ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးသွားမှာဖြစ်ကြောင်း၊  ၎င်းအပြင် မူပိုင်ခွင့်ဦးစီးဌာနမှ  အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများကိုလည်း သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးပေးသွားမှာ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ဒေသဆိုင်ရာအညွှန်း ကုန်ပစ္စည်းများအဖြစ် မှတ်ပုံတင်နိုင်ရေး ကြိုတင်ပြင်ဆင် ထားနိုင်ရန် ပရောဂျက်တစ်ခုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ရွှေဘိုပေါ်ဆန်း GI ရရှိရေး စီမံကိန်းမှ အတွေ့အကြုံဗဟုသုတများကို  ယခုဆွေးနွေးပွဲတွင်  ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက မျှဝေပေးသွားမှာ ဖြစ်ကြောင်း၊ အခုကဲ့သို့ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်စနစ်၏ အကျိုးကျေးဇူးများကို သိရှိနားလည်ကြပြီး ပြည်တွင်းထုတ်ကုန်များ ဒေသဆိုင်ရာအညွှန်း မူပိုင်ခွင့်အကာအကွယ် ရယူထားခြင်းဖြင့် မိမိတို့၏အကျိုးစီးပွားများ တိုးတက်ရရှိနိုင်စေမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၊ အသင်းသူ/အသင်းသားများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများရရှိပြီး လုပ်ငန်းများအား မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ရေးနှင့် မူပိုင်ခွင့် ချိုးဖောက်မှုမှ အကာအကွယ်ရရှိစေရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမော်က ဒေသဆိုင်ရာ အညွှန်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်မျိုးက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ရွှေဘိုပေါ်ဆန်း GI ရရှိရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍   ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကြပြီး၊ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာ၌ ဒေသဆိုင်ရာ အညွှန်းသည် မူပိုင်ခွင့်ဆိုင်ရာ အရေးကြီးသောကဏ္ဍတစ်ခုတွင် ပါဝင်လျက်ရှိပြီး ဒေသအတွင်းရှိ ထင်ရှားကျော်ကြားပြီးသော ဒေသထွက်ကုန်များကို value added ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိကြောင်း၊မိမိတို့ဒေသအတွင်းမှ ထုတ်ကုန်များကိုမိမိတို့နိုင်ငံတွင် ဒေသဆိုင်ရာ အညွှန်းမူပိုင်ခွင့်အကာအကွယ်ရယူပြီးမှသာ အခြားသောနိုင်ငံများတွင် မှတ်ပုံတင် လျှောက်ထား နိုင်မည်ဖြစ်ပါကြောင်း၊GI ၏သဘောသဘာဝသည် အများအကျိုးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ဒေသအတွင်းရှိ အောင်မြင်ကျော်ကြားပြီးသော ထုတ်ကုန်များ၊ အလားအလာရှိ သောထုတ်ကုန်များကို ဖော်ထုတ်ခြင်းအားဖြင့် ဒေသဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် GI protection ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ Potential Product survey ကိုပြင်သစ် အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၏ထုတ်ကုန်များကို အဆင့်ဆင့်ရွေးချယ်၍ အလားအလာ အကောင်းဆုံးထုတ်ကုန်(၁၀)ခုအနက် ပထမဆုံး အနေဖြင့် ရွှေဘိုပေါ်ဆန်းကို GI အဖြစ်စတင်ရရှိနိုင်ရန် ရွေးချယ်၍ ရွေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းသာမက မြန်မာနိုင်ငံအတွင်းရှိ အခြားသော ဒေသထွက်ကုန်များသည်လည်း  အလားအလာရှိသော ထုတ်ကုန်များဖြစ်ကြောင်း၊ GI protection ရရှိထားခြင်းဖြင့် ဒေသထွက်ကုန်များမှ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပြီး နိုင်ငံစီးပွားဖွံဖြိုးတိုးတက်မည့်အပြင် အလုပ်အကိုင်ဖွံဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ ရရှိမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန်များ ထွက်ပေါ်လာနိုင်ရေး အသိပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် Project Design တစ်ခု ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ design အရ GI နှင့်ပတ်သက်သည့် ဆောင်ရွက်ခဲ့သည်များကို သုံးသပ်သွားမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း