နောက်ဆုံးရ သတင်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်  ဩဂုတ်လ ၁၂  ရက်

  နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အရန်ဆန်ဝယ်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ လိုက်ပါ၍ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် အရန်ဆန် အိတ် ၂ သိန်းကို ယခုနှစ် မေလအတွင်း ပထမအကြိမ် ဝယ်ယူစုဆောင်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ နိုင်ငံတော်မှ  ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်ပါသည်။

    ယခုအခါထပ်မံ၍  သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ ဆက်လက်ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ် ၅ သိန်းကို ထပ်မံဝယ်ယူစုဆောင်းခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်သည့်ဒေသများသို့ ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိမှုအပေါ် ဝယ်ယူ စုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်။

နေပြည်တော်၊ ဩဂုတ် ၉     

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ (၆) လအကြာ ကျင်းပပြုလုပ်မည့်  “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းဆောင် ပါဝင်ပြသမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး တင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက် အဆိုပါကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှုအခြေအနေများ၊ ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် အစီအစဉ်များ နှင့် ပြပွဲတွင် မြန်မာပြခန်းဆောင် အောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

   Horticultural Expo 2023 တွင် မြန်မာနိုင်ငံပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

   အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဩဂုတ်လ ၆

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်     (၄-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

၁။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် Tradenet ဆိုင်ရာ ကိစ္စရပ်များ၊ QR Code ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) နှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်တစ်ရပ်ကို မြဝတီမြို့ Grade One Hotel ခန်းမတွင် ၅-၈-၂၀၂၃ ရက်နေ့ နံနက် ၀၉ ၃၀ ချိန်တွင် ပြုလုပ်ခဲ့ပါသည်။

၂။    အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီနယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် အမှုဆောင်များ၊ ကုမ္ပဏီနှင့် အေဂျင်စီ များမှ တာဝန်ရှိသူများ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။    အသိပညာပေးပွဲတွင် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများမှ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု များအတွက် ဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်းများအပေါ် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

Pages

Subscribe to နောက်ဆုံးရ သတင်း