ဧရာဝတီ - ကျောက်ဖယား - မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)

Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy (ACMECS)

နောက်ခံသမိုင်း

၁။       ACMECS သည် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် ၂၀၀၃ ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့၌ ကျင်းပသော ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါဆိုင်ရာ အာဆီယံထိပ်သီး အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ - ထိုင်း - လာအို - ကမ္ဘောဒီးယား (၄)နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ တည်ထောင်ရန် အဆိုပြုခဲ့ပါသည်။ ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (Ayeyawady - Chao Phraya - MekongEconomic Cooperation Stategy -ACMECS) ကို ၂၀၀၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့ဖြစ်ကြပါသည်။(ဗီယက်နမ်နိုင်ငံမှာ ၂၀၀၄ ခုနှစ်၊ မေလတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်)

ရည်ရွယ်ချက်

၂။       ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady - Chao Phraya - MekongEconomic Cooperation Stategy -ACMECS) ၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

          (က)    နယ်စပ်တလျှောက် စီးပွားရေးယှဉ်ပြိုင်နိုင်မှုတိုးတက်စေပြီး၊ ပို၍ဖွံ့ဖြိုးတိုး တက်မှုကို ဖြစ်ပေါ်စေရန်၊

          ( ခ )   စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို အခွင့်အလမ်းပိုမိုကောင်းမွန်သည့် ဒေသများသို့ ပိုမိုလွယ်ကူချောမွေ့စွာ ရွေ့ပြောင်းလုပ်ကိုင်နိုင်စေရန်။

          ( ဂ )   အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများဖန်တီးပေးရန်နှင့် လေးနိုင်ငံအကြား ဝင်ငွေကွာဟမှုကို လျော့နည်းစေရန်။

          (ဃ)    အဖွဲ့ဝင်နိုင်ငံအားလုံးတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်မျှတစွာ သာယာဝပြောမှုစဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး မြှင့်တင်ရန်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

၃။       ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady - Chao Phraya - MekongEconomic Cooperation Stategy -ACMECS) ၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    လက်တွေ့အကောင်အထည်ဖော်လျက်ရှိသော နှစ်နိုင်ငံချင်းနှင့် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဖြည့်စွက်မြှင့်တင်သွားရန်။

          (ခ)     တစ်နိုင်ငံချင်း၏ စွမ်းဆောင်နိုင်မှု အားသာချက်များကို အသုံးချ၍ လက်တွေ့အကျိုး ခံစားနိုင်မည့် ရလဒ်ကောင်းများ ဖော်ဆောင်ရန်။

          (ဂ)     ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များသည် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်း များဖြစ်ပြီး လေးနိုင်ငံစလုံးမှ လက်ခံရန်။

          (ဃ)    မိမိစိတ်ဆန္ဒအလျှောက် ပါဝင်ဆောင်ရွက်၍ ရရှိလာသော အကျိုးကျေးဇူးများကို မျှတစွာ ခံစား နိုင်ရန်။

ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ(၅)ခု

၄။       စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာအရ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (Plan of Action) တွင် အောက်ဖော်ပြပါကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်-

          (က)    ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လွယ်ကူချောမွေ့အဆင်ပြေစေရေး၊

          ( ခ)    စိုက်ပျိုးရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး၊

          ( ဂ)    သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊

          (ဃ)    ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး၊

          ( င)    လူသားစွမ်းရည်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊

ACMECS Plan of Action ၏ လုပ်ငန်းများ

၅။       ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍကြီး(၅)ရပ်အောက်တွင် (၄)နိုင်ငံစလုံး ပူးပေါင်းဆောင်ရွက် ရမည့် ဘုံလုပ်ငန်းကြီး (၄၆) ခု နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းကြီး (၂၂၄) ခု ပါဝင်ပြီး မြန်မာနိုင်ငံနှင့် ကျန် အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံ စီမံကိန်း (၁၁၀) ခု ပါဝင်ပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူ ဟာတွင် ပါဝင်သည့်ကဏ္ဍရပ်များနှင့် ဦးဆောင် တာဝန်ယူမည့်နိုင်ငံများ

၆။       အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ကုန်သွယ်မှုနှင့်       ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး    -                     ထိုင်း                          ကဏ္ဍ (Trade     & Investment Facilitation)

          ( ခ)    လယ်ယာနှင့်စက်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ  -                     မြန်မာ                          (Agricultural & Industrial Cooperation)

          ( ဂ)    သယ်ယူပို့ဆောင်မှု အဆက် အသွယ်များမြှင့်တင်ရေးကဏ္ဍ    -                    လာအို                         (Transport Linkages)

          (ဃ)    ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ                 -                ကမ္ဘောဒီးယား

                   (Tourism Cooperation)

          ( င)    လူသားစွမ်းအင်အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ           -                  ဗီယက်နမ်

                   (Human Resources Development)

ကျင်းပပြုလုပ်သည့်အစည်းအဝေးများ

၇။       ACMECS နှင့်ပတ်သက်၍ ကျင်းပပြုလုပ်သော အစည်းအဝေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ACMECS ထိပ်သီးအစည်းအဝေး (ACMECS Summit)

          ( ခ)    ACMECS ဝန်ကြီးများအစည်းအဝေး (ACMECS Ministerial Meeting)

          ( ဂ)    ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior Officials’ Meeting 

          (ဃ)    ACMECS ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်း အဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF)       

၈။       ACMECS ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ၊ ပုဂံမြို့၌ ၁၂-၁၁-၂၀၀၃ ရက်နေ့တွင် စတင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ ပုဂံကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာခဲ့ ပါသည်။ ထိပ်သီးအစည်းအဝေးများကို (၂) နှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပလေ့ရှိပြီး ဆဌမအကြိမ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၃-၆-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ACMECS ထိပ်သီးအစည်းအဝေးများနှင့် ဗဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၁၆-၂၀၁၈တို့မှ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည်-                                                  

          (က)    ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် စီအယ်လ်အမ်ဗွီနိုင်ငံများအတွင်းနှင့် နိုင်ငံရပ်ခြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့များအပါအဝင် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နှစ်နိုင်ငံ အကြား၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား တည်ရှိပြီး သဘောတူညီချက်များ အားလုံးကို အကောင်အထည်ဖော် ဆောင်သွားရေး ကတိကဝတ်များကို ထပ်လောင်းထုတ်ဖော်ကြပြီး ၂၀၁၅ ခုနှစ်ဆန်းပိုင်း၌ တရားဝင် ဖွင့်လှစ်ခဲ့သည့် လာအို-မြန်မာ ချစ်ကြည်ရေးတံတားအား အပြည့်အဝ အသုံးပြု နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားရန်၊

          ( ခ )   နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဖြစ်ထွန်းရေးအတွက်  အက်မက်စ်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့များ စေလွှတ်ခြင်းများ အပါအဝင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊ အက်မက်စ်အဖွဲ့ဝင် မဟုတ်သောနိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှ ဒေသအတွင်းရှိ နိုင်ငံများနှင့် အလားအလာရှိသော မိတ်ဖက် နိုင်ငံများအား အက်မက်စ်နိုင်ငံများမှ ကြီးမှူးကျင်းပသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲနှင့် ပြခန်းများတွင် ပူးပေါင်းပါဝင် စေခြင်းဖြင့်အက်မက်စ်နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများကို ဒေသအတွင်း အပြင်နှင့် ကမ္ဘာ့ဈေးကွက်အထိ ချဲ့ထွင်နိုင်စေရေးကို ဆောင်ရွက်ပေးရန်၊

          ( ဂ )   အက်မက်စ်နိုင်ငံများအကြား နယ်စပ်ကုန်သွယ်ရေးနှင့် ရောင်းဝယ်မှု တိုးမြှင့်နိုင်ရန် ဘဏ်များ အနေဖြင့် ဘဏ်ခွဲများ၊ ဘဏ္ဍာရေးဝန်ဆောင်မှု ရုံးခွဲများဖွင့်လှစ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် ဆွဲဆောင်နိုင်ရန် ဒေသသုံးငွေများ လက်ခံအသုံးပြုနိုင်ရေးအတွက် စည်းကမ်း သတ်မှတ် ချက်များ လျော့ပေါ့ပေးရန်၊

          (ဃ)    ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား လျင်မြန်ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် အက်မက်စ်နိုင်ငံများ၏နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တစ်နေရာတည်း၌ ဝန်ဆောင်မှု ပေးနိုင်ရေးနှင့် တစ်နေရာတည်းတွင် စစ်ဆေးမှုပေးနိုင်ရေးအတွက် အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေးဌာနမှ ဝန်ဆောင်မှုနှင့် စိစစ်ရေး လုပ်ငန်းများအား ရိုးရှင်းသော ဟန်ချက်ညီသော အစီအစဉ်များ ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်      နိုင်ငံများအကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် တစ်နေရာတည်း၌ စိစစ် ခွင့်ပြုနိုင်သော ဆက်သွယ်မှုကွန်ယက် ဖန်တီးပေးရန်၊

          ( င )   အက်မက်စ်နိုင်ငံများအကြား သင့်တော်သောအချိန်တွင် ဖြစ်နိုင်ခြေရှိသော ယာယီစစ်ဆေးရေး ဂိတ် များအား နိုင်ငံတကာ တရားဝင် စစ်ဆေးရေးဂိတ် များအဖြစ် အဆင့်မြှင့်ရန်၊

          ( စ )   လိုင်စင်ထုတ်ပေးခြင်း၊ ပြည်တွင်းဘဏ္ဍာရေးဆောင်ရွက်မှု၊ ပေးငွေနှင့် ငွေရ ပြေစာထုတ်ပေးခြင်း၊ ရင်းနှီး မြှုပ်နှံသူများအနေဖြင့် အမြတ်ငွေ ပြန်လည် ထုတ်ယူနိုင်မှု၊ သွင်းကုန်နှင့် ထုတ်ကုန် ပြန်လည်တင်ပို့ခြင်း၊ ကုန်သွယ်ရေးအစီအမံများနှင့် ပင်ရင်းနိုင်ငံ အထောက်အထား ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ထင်သာမြင်သာ ရှိစေရေး၊ ရိုးရှင်းလွယ်ကူစေရေးအတွက် တိုးမြှင့် ဆောင်ရွက် ထားရန်၊

          (ဆ)    အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တာဝန်ကျသူ ဝန်ထမ်းများ၏ စွမ်းဆောင်မှု မြင့်မားရေး အတွက် လေ့ကျင့်မှုများ၊ သတင်းဖလှယ်ရေးနှင့် ကောင်းမွန် သော လုပ်နည်းများ အပြန်အလှန် ဝေမျှထားရန်၊

          ( ဇ )   အက်မက်စ်နိုင်ငံများအကြားရှိ နယ်စပ်ပြည်နယ်များတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေးဆိုင်ရာ အခမ်းအနားများ၊ ကုန်စည်ပြပွဲများ၊ အရောင်းပြပွဲများ ခင်းကျင်းပြသရန်၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ယင်းသို့ ကုန်စည်ပြပွဲ လက်ခံ ကျင်းပသည့်နိုင်ငံအနေဖြင့် ပြပွဲတွင် လာရောက်ခင်းကျင်းပြသသော နိုင်ငံများအား အခမဲ့ဆိုင် ခန်းများနှင့် အခြားအထောက်အကူပြု ဝန်ဆောင်မှုများပေးခြင်း၊ ကိစ္စရပ် တစ်ခုချင်းစီအလိုက် စဉ်းစား ဆောင်ရွက် ပေးခြင်းတို့ ဆောင်ရွက်ရန်၊

          ( ဈ )   အက်မက်စ် စီးပွားရေးကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ သတင်းအချက်အလက်များ အပြန် အလှန် ဖလှယ်ခြင်းအားဖြင့် လုပ်ဆောင်သွားရန်၊

          (ည)    အက်မက်စ်အဖွဲ့ဝင်နိုင်ငံများမှ လယ်သမားများ၏ ဝင်ငွေ တိုးမြှင့်ရေးနှင့် လူနေမှုဘ၀ မြင့်မားရေး အတွက်လည်းကောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အထောက် အကူပြုစေရေး ဆောင်ရွက်ချက်များ၊ အကျုံးဝင်သော အက်မက်စ်ဆန်စပါး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်စံပြ အစီအစဉ် တစ်ရပ်ဖွံ့ဖြိုးပေါ်ပေါက်စေရေး ဆောင်ရွက် ရန်၊

၉။       ACMECS ပထမအကြိမ် ဝန်ကြီးများအစည်းအဝေး(ACMECS Ministerial Meeting)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၁-၈-၂၀၀၃ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးများကို နှစ်စဉ် ကျင်းပ လေ့ရှိ ပါသည်။                           

၁၀။     ပထမအကြိမ် ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior Officials’ Meeting) ကို ၁၅-၇-၂၀၀၃ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့ပြီး ပုံမှန်မဟုတ်သော အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးများကို လိုအပ်သလို ကျင်းပခဲ့ပါသည်။

၁၁။     ACMECS ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF) ကို ထိုင်းနိုင်ငံတွင် ကျင်းပလေ့ရှိပြီး ၎င်းအစည်းအဝေးတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှုလွယ်ကူချောမွေ့စေရေးကဏ္ဍနှင့် စပ်လျဉ်း၍ ACMECS လုပ်ငန်းစီမံချက်များ၊ ဘုံစီမံကိန်းများနှင့် နှစ်နိုင်ငံ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး ကြပါသည်။

၁၂။     လေးနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာအကောင်အထည်ဖော်ရေး ထိပ်သီးအစည်းအဝေး မှ ထုတ်ပြန်ခဲ့သော ပုဂံကြေငြာချက် (၁၂ -၁၁-၂၀၀၃) မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ပုဂံကြေငြာချက်နှင့်အတူ ပူးတွဲထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ယင်းအောက်ရှိ လေးနိုင်ငံ စလုံးနှင့်ဆိုင်သောစီမံကိန်းများ၊ နှစ်နိုင်ငံချင်း နှင့်ဆိုင်သောစီမံကိန်းများ ထိရောက်စွာနှင့်လျှင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးများကို တာဝန်ပေးအပ်ရန်။

          ( ခ)    စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အထောက် အကူဖြစ်စေရန် ပုဂ္ဂလိကကဏ္ဍမှ တက်ကြွစွာပါဝင်ဆောင်ရွက် နိုင်ရန်အတွက် အားပေးတိုက်တွန်းကြရန်။

          ( ဂ)    နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံး ရရှိရန်အတွက် အတိုးနှုန်း သက်သာသော ချေးငွေများ၊ အထောက်အပံ့များရရှိရေးကို ဆောင်ရွက်ကြရန်။

          (ဃ)    စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမဟာဗျူဟာကို လျှင်မြန်စွာ အကောင် အထည်ဖော် ရေးအတွက် အစိုးရအဖွဲ့အကြီးအကဲများ ထိပ်သီး အစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် ကျင်းပရန် ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်။

          ( င)    ယခုသဘောတူညီချက်ကို ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ သို့မဟုတ် ACMECS ဟု ခေါ်တွင်ရန်။

 

 

CLMV ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ

၁၃။     ACMECS အစီအစဉ်၏ Economic Cooperation Strategy Plan of Action (ECSPA) အရ CLMV နိုင်ငံများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစီမံချက်များကို ရေးဆွဲအကောင်အထည် ဖော်လျှက် ရှိပါသည်။ Trade နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရမည့်စီမံကိန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ညီအစ်မမြို့တော်များ     -         Siem Reap နှင့် ပုဂံမြို့

                   (၂)     ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေး လွယ်ကူချောမွေ့စေရန် ဆက်သွယ်ရေး ပွိုင့် ထူထောင်ရန်၊

                   (၃)     အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် အလည်အပတ်ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေး၊

          (ခ)     မြန်မာ-လာအို နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ညီအစ်မမြို့တော်များ-လောင်ပရာဘမ်နှင့်ပုဂံမြို့၊Tonpheung- ဝမ်ပုံ (To be Confirmed)

                   (၂)     နယ်စပ်ကုန်သွယ်ရေးကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံသုံးငွေကြေးများ ပိုမို အသုံးပြုရေး၊

                   (၃)     တတိယနိုင်ငံသို့ တစ်ဆင့်ခံကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး၊

                   (၄)     ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေးလွယ်ကူချောမွေ့စေရေးအတွက် ဆက်သွယ်ရေးပွိုင့် ထူထောင်ရေး၊

                   (၅)     ကုန်စည်ပြပွဲများ ပူးပေါင်းပါဝင်ပြသရေး၊

                   (၆)     နှစ်နိုင်ငံကြား နယ်စပ်ဒေသတွင် ဈေးပွဲတော်များကျင်းပရေး၊

                   (၇)     နယ်စပ်ကုန်သွယ်မှုများကို ဝမ်ကျင်း-စီကောက်နှင့် ဝမ်ပုံ-မိုင်းမော Check Point များတွင် စတင်ဆောင်ရွက်ရန်၊

          (ဂ)     မြန်မာ-ထိုင်း နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ

                   (၂)     နယ်စပ်ဒေသများတွင် စီးပွားရေးဇုန်များ တည်ထောင်ရန်၊

                   (၃)     စီးပွားရေးစြင်္ကံဧရိယာအတွင်း လက်ကားဈေးကွက်နှင့် ဗဟိုဖြန့်ဝေရေးစင်တာ ထူထောင် ရေးဆိုင်ရာ ဖြစ်နိုင်ချေနှင့် စပ်လျဉ်းသည့် လေ့လာရေး၊

                   (၄)     ညီအစ်မမြို့တော်အစီအစဉ်

                   (၅)     နှစ်လမ်းသွား ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် စည်းမျဉ်းစည်းကမ်းများကို ပြန်လည် သုံးသပ်ရန်၊

                   (၆)     ဈေးကွက်အခွင့်အလမ်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊

                   (၇)     ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမစ်ရှင်၊

                   (၈)     ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပြပွဲများ၊ ပြခန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်၊

          (ဃ)    မြန်မာ-ဗီယမ်နမ် နှစ်နိုင်ငံစီမံကိန်းများ

                   (၁)     ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ခိုင်မာစေရေး၊

                   (၂)     ဈေးကွက်အခွင့်အလမ်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊      

CLMV ရှေ့လုပ်ငန်းစဉ်အပေါ် သုံးသပ်တင်ပြခြင်း

၁၄။     CLMV ရှေ့လုပ်ငန်းစဉ်အပေါ် အောက်ပါအတိုင်းသုံးသပ်တင်ပြအပ်ပါသည်-

          (က)    CLMV နှင့် ACMECS အကြား တူညီနေသော၊ ထပ်နေသောလုပ်ငန်းများကို မူလကသတ်မှတ်ထား သည့် အတိုင်း ACMECS ကပင် အကောင်အထည် ဖော်ဆောင်ရွက်ရန်။

          (ခ)     ACMECS နှင့် လုပ်ငန်းချင်းထပ်မနေသောCLMV လေးနိုင်ငံ ASEAN စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်နှင့်ပတ်သတ်သည့် မူဝါဒရေးရာကိစ္စ ရပ်များကို ဆောင် ရွက်ရန်။

          (ဂ)     ACMECS နှင့်ထပ်မနေသော၊ မတူညီသောလုပ်ငန်းများနှင့် ACMECS အစီအစဉ်အောက်ရှိ ကဏ္ဍကြီး ၆ ခု လုပ်ငန်းစီမံကိန်းများ အနက် CLMV နှင့်သာဆိုင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။

          (ဃ)    ACMECS တွင် လုံးဝပါဝင်ခြင်းမရှိသည့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။

          (င)     နောင်တွင် CLMV နှင့် ACMECS အကြား လုပ်ငန်းများ ထပ်မနေစေရန် အတွက် သတိပြု ဆောင်ရွက်ကြရန်။

၁၅။     ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံပါဝင်သည့် သတ္တမအကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးကို ၂၂-၆-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

CLMV အစည်းအဝေးကျင်းပမှုများ

၁၆။     CLMV ထိပ်သီးအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် အလှည့်ကျကျင်းပခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့ပြီး သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးကို ၂၂-၆-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

သုံးသပ်ချက်                  

၁၇။     ACMECS သည် အရှေ့တောင်အာရှဒေသမှ ကုန်းမြေနယ်နိမိတ် တစ်ဆက်တစ်စပ်တည်း တည်ရှိသော အိမ်နီးချင်း(၅)နိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါသည်။ ACMECS က ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်(၅)ရပ်သည် ဦးတည်ချက်ကောင်းမွန်ပြီး ရုပ်လုံးပေါ်လာရန် ကြိုးပမ်းဆောင်ရွက်သင့် ပါသည်။ အထူးသဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး၊ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးတို့ကို မြန်မာနိုင်ငံအနေဖြင့် အထူးပြု အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။

၁၈။     အကောင်အထည်ဖော်မည့် မဟာဗျူဟာလုပ်ငန်းကဏ္ဍကြီး (၅)ရပ်အနက် အဓိကအရေး ကြီးဆုံးဖြစ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၏ တာဝန်ခံသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနဖြစ်ပါသည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဘုံစီမံကိန်း(၁၃)ရပ် ချမှတ် ထားရာ ယင်းအနက်မှ နယ်စပ်စခန်းများတွင် One Stop Service ထူထောင်ရေး၊ ပို့ကုန်လက္ကား ဈေးကွက်တည်ထောင်ရေး၊ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုစနစ်နှင့် ပို့ကုန်အထောက်အကူပြု ရင်းနှီးမြုပ်နှံ မှုလုပ်ငန်းများတိုးတက်ရေးကို ဦးစားပေးအကောင်အထည်ဖော်သင့်ပါသည်။ ACMECS တွင် ပါဝင် သော လုပ်ငန်းစီမံကိန်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာများအဖြစ်လည်း အသုံးချနိုင်သောကြောင့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲရာတွင်လည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ မိမိတို့နိုင်ငံ၏ ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီစေသင့်ပါသည်။ ထို့ကြောင့် တာဝန်ရှိဌာနများအား စနစ်တကျဖွဲ့စည်းပေး၍ တာဝန်ခံ ဌာနအား တိကျစွာ သတ်မှတ်တာဝန်ပေးအပ် အကောင်အထည်ဖော်စေသင့်ပါသည်။

၁၉။     ACMECS အဖွဲ့ဝင် ပါဝင်သော (၅)နိုင်ငံတွင်လည်း စီးပွားရေးကွာဟမှုရှိနေပါသည်။ ထိုင်းနိုင်ငံသည် စီးပွားရေး အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် ဒုတိယအဆင့်တွင် ရှိပါသည်။ သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယင်း(၂)နိုင်ငံက ဦးဆောင်သည့် အနေအထားဖြစ်ပေါ်နိုင်ပြီး ကျန်(၃) နိုင်ငံက ကုန်ကြမ်းနှင့် လုပ်သားအင်အားများ ဖြည့်ဆည်းပေးသည့်ပုံစံ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအနေအထားမှ မိမိတို့နိုင်ငံ၏ ရေရှည်ရည်မှန်းချက်နှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ မိမိတို့နိုင်ငံအတွင်း ထူထောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်သင့်ပါသည်။

နိဂုံး

၂၀။     အက်မတ်စ်နိုင်ငံများအနေဖြင့် ပုဂံကြေညာစာတမ်းဖော်ပြပါ ရည်ရွယ်ချက်၊ ဦးတည်ချက် များအပါအဝင် အက်မက်စ်၏ အဆက်ဆက်သော ကြေညာစာတမ်းများပါ ဦးတည်ချက်များကို တစိုက်မတ်မတ် အကောင်အထည်ဖော်ကြရေး၊ အိမ်နီးချင်း ကောင်းပီသမှုကို တည်ဆောက်ရေး၊ ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ အက်မက်စ်နိုင်ငံများတွင် ရေရှည်တည်တံ့သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် မိမိတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ စီမံကိန်းများ အောင်မြင်ပြီးဆုံးသည်အထိ အတူတကွ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။