NES အကြောင်းသိကောင်းစရာ

National Export Strategy

Thu, 11/19/2015 - 12:22 -- ictuser
Undefined

 

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍအဖြစ် အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy-NES) ကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေး အတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။

မျှော်မှန်းချက် (Vision)

       “ထွန်းသစ်စမြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့” (Sustainable Export-Led Growth and Prosperity for Emerging Myanmar)

ဦးတည်ချက်များ (Objectives)

  • မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးအတွက် တီထွင်ဆန်းသစ်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ဆောင်ရွက်ရန်။ (Stimulate agricultural export product diversification, innovation and value added production.)
  • လုပ်သာကိုင်သာရှိသော အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဘောင်များဆိုင်ရာ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖော်ဆောင်ရန်။ (Foster an enabling institutional and regulatory environment.)
  • ထုတ်လုပ်မှု စွမ်းဆောင်ရည်များတိုးချဲ့ခြင်းနှင့် တန်ဖိုးမြှင့်ပို့ကုန်များ တိုးတက်စေရန်။ (Expand productive capacities and develop higher value-added exports.)

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉)

      ပထမအဆင့်ဖြစ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဂျာမဏီနိုင်ငံ GIZ ၏ အထောက်အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာအကူအညီဖြင့် ဦးစားပေးကဏ္ဍ (၇) ခုနှင့် အထောက်အကူပြုကဏ္ဍ (၄) ခုတို့ကို ရွေးချယ်၍ ဆောင်ရွက်ခဲ့ပြီးဖြစ် ပါသည်-

 ဦးစားပေးကဏ္ဍများ

(၁)   ဆန်စပါးကဏ္ဍ (Rice)

(၂)   ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ (Pulses and Oil Seeds)

(၃)   ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fisheries)

(၄)   အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile and Garment)

(၅)   သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry)

(၆)   ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber)

(၇)   ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)

အထောက်အကူပြုကဏ္ဍများ

(၈)   ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance)

(၉)   ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information)

(၁၀) အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management)

(၁၁) ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ (Trade Facilitation and Logistics)

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၁၅-၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အခြေအနေ

       အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စတင် သည့်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော်ဒုတိယသမ္မတ(၂) မှ တက် ရောက်ချီးမြှင့်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

        အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ၏ စီမံကိန်းကာလ (၅) နှစ်အတွင်း နိုင်ငံတော် ဘတ်ဂျက်ပါဝင်သော စီမံကိန်း များအပါအဝင် စီမံကိန်း (၁၃၁) ခုကို အကောင်အထည် ဖော်နိုင်ခဲ့ ပါသည်။ ထို့အပြင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် စီမံကိန်းများ၏ (၆၉) ရာခိုင်နှုန်းကိုဆောင်ရွက်နိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး များတွင် အများဆုံး ဆောင်ရွက်နိုင်ခဲ့ပါသည်။

    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များ၏ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအရ ဆန်စပါးကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ပို့ကုန်ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ပါသည်။

     အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အပြည့်အဝအကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ခြင်းမှာ နိုင်ငံတော်ဘတ်ဂျက်ခွဲဝေမှု လုံလောက်စွာမရရှိခြင်း၊ သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုအားနည်းခဲ့ခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုနည်းပါးခြင်းစသည်တို့ကြောင့်ဖြစ်ပါ သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)

      ဒုတိယအဆင့်ဖြစ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို Foreign Commonwealth & Development Office (FCDO) (ယခင် UK Department for International Development - DFID) ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူ အညီဖြင့် ဦးစားပေးကဏ္ဍ (၁၃) ခုနှင့် အထောက်အကူပြုကဏ္ဍ (၅) ခုကို နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ရွေးချယ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်-

ဦးစားပေးကဏ္ဍများ (Priority Sectors)

(၁)   ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ (Rice and Rice Products Sector)

(၂)   ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ (Pulses & Oilseeds Sector)

(၃)   ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber Sector)

(၄)   အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile & Garments Sector)

(၅)   ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fishery Sector)

(၆)   လျှပ်စစ်နှင့် အီလက်ထရောနစ် စက်ပစ္စည်းကဏ္ဍ (Electrical & Electronic Machinery Sector)

(၇)   သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry Products Sector)

(၈)   စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector)

(၉)   သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ (Fresh Fruits and Vegetables Sector) 

(၁၀) ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍ (Gems and Jewellery Sector)

(၁၁) လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts Sector)

(၁၂) ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism Sector)

(၁၃) ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ (Digital Products and Services Sector)

အထောက်အကူပြုကဏ္ဍများ (Trade Support Functions)

(၁၄) အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality management Sector)

(၁၅) ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ (Logistics Services Sector)

(၁၆) ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ (Trade Information Sector)

(၁၇) တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ (Innovation and Entrepreneurship Sector)

(၁၈) ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance Sector)

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် အကောင်အထည်ဖော်မည့်ကဏ္ဍ (၁၈)ခု အနက် ပင်မလုပ်ငန်းစီမံချက် (Master PoA) နှင့် ကဏ္ဍ (၁၄) ခု၏ ပို့ကုန်မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (Plan of Action-PoAs) များကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာ အကူအညီဖြင့် မဟာဗျူဟာဒီဇိုင်း ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။

ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ကျန်ရှိနေသေးသည့်ကဏ္ဍများ

          အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ကျန်ရှိနေ သေးသည့်ကဏ္ဍများမှာ-

  • ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ (Gems and Jewellery)
  • လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts)
  • ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)
  • ဘဏ္ဍာရေး ဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance)

      အဆိုပါကဏ္ဍများအနက် ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍနှင့် လက်မှုအနုပညာ ပစ္စည်းကဏ္ဍတို့မှာ သက်ဆိုင်ရာ  ဌာနများ နှင့်အသင်းအဖွဲ့များ ဆွေးနွေးညှိနှိုင်း၍ PoA (မူကြမ်း) ရေးဆွဲပြီးဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် သုံးစွဲမည့်အသုံးစရိတ်

       ဦးစားပေးကဏ္ဍများအလိုက် မျှော်မှန်းချက်၊ ဦးတည်ချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းတစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆောင်ရွက် မည် ဖြစ်ပါသည်-

  • နိုင်ငံတော်၏ ဘတ်ဂျတ်ရန်ပုံငွေမှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း။
  • ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။
  • အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (PPP)
  • နိုင်ငံတကာအလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်း။ (Donor Assistance)

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်မှု

       အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍ (၁၈) ခုအတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကို သက်ဆိုင်ရာကဏ္ဍများ၏ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

        အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ဦးစားပေးကဏ္ဍများ၏ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းအကောင်အထည် ဖော်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ကဏ္ဍများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးခြင်းနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်းများသည် အဓိကလိုအပ်သော အချက်များဖြစ်ပါသည်။     

အမျိုးသားပို့ကုန်မဟာဗျူဟာစီမံခန့်ခွဲမှုယူနစ် (NES Management Unit)

    အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည်ဖော်မှုတွင် ထိရောက်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ရန် အမျိုးသား ပို့ကုန်မဟာဗျူဟာ စီမံခန့်ခွဲမှုယူနစ်(NES Management Unit) ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တွင် ဖွဲ့စည်းထားရှိပါသည်။ စီမံခန့်ခွဲမှုယူနစ်သည် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များ ရေး ဆွဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

     အမျိုးသားပို့ကုန်မဟာဗျူဟာဆိုင်ရာလုပ်ငန်းရပ်များနှင့် ပတ်သက်၍ NES Management Unit ၏ ဖုန်းနံပါတ် ၀၆၇ ၄၀၈၄၉၅, ၀၆၇ ၄၀၈၄၂၄ နှင့် အီးမေးလ်၊ [email protected], [email protected] တို့သို့ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ-NES 2020-2025 Cover Notes ( Myanmar Version)

Latest News: 
Subscribe to RSS - NES အကြောင်းသိကောင်းစရာ