ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
Cambodia- Laos- Myanmar-Vietnan (CLMV)
နိဒါန်း
၁။ CLMV နိုင်ငံများသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှနိုင်ငံများဧရိယာ၏ 32% ကို လွှမ်းခြုံထားသည့် နိုင်ငံများဖြစ်ပြီး အာဆီယံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ 9% နီးပါးရှိသည်။ CLMV နိုင်ငံများသည် ဗဟိုစီမံကိန်းရေးဆွဲခြင်းမှ ဈေးကွက်စီးပွားရေးစနစ်သို့ သွားနေခြင်းဖြစ်ပါသည်။ CLMV နိုင်ငံသားများသည် ကနဦးအနေဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအားဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည်။ ၎င်းစီးပွားရေးလုပ်ငန်းများကို ကြွယ်ဝသော သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဈေးနှုန်းသက်သာသော လုပ်သားခတို့ဖြင့် မတည်ဆောင်ရွက်လျှက်ရှိသော်လည်း အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ အားနည်းသည့်အတွက် စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးမှုနည်းပါးလျှက် ရှိသည်။ CLMV နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံမှအပ ကျန်နိုင်ငံများသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဖြစ်သည်။ CLMV သည် ဒေသတွင်း စီးပွားရေးအခြေခံကောင်းများကို အသုံးချလျက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသတွင်းရှိ ပြည်သူများ လူနေမှုဘ၀ တိုးတက်လာစေရန် ဖြစ်ပါသည်။
ရည်ရွယ်ချက်
၂။ CLMV ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄) နိုင်ငံပါဝင်သည့် ဒေသခွဲတွင်း လူမှုရေး၊ စီးပွားရေးနှင့်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်သွားရန်နှင့် စီအယ်အမ်ဗွီနိုင်ငံများ၏ စီးပွားရေးအလားအလာကောင်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများအဖြစ် အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း ပိုမိုမြှင့်တင်သွားရန် ဖြစ်ပါသည်။
CLMV ရှေ့လုပ်ငန်းစဉ်အပေါ် သုံးသပ်တင်ပြခြင်း
၃။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) CLMV နှင့် ACMECS အကြား တူညီနေသော၊ ထပ်နေသောလုပ်ငန်းများကို မူလကသတ်မှတ်ထား သည့် အတိုင်း ACMECS ကပင် အကောင်အထည် ဖော်ဆောင်ရွက်ရန်။
( ခ ) ACMECS နှင့် လုပ်ငန်းချင်းထပ်မနေသောCLMV လေးနိုင်ငံ ASEAN စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်နှင့်ပတ်သတ်သည့် မူဝါဒရေးရာကိစ္စ ရပ်များကို ဆောင် ရွက်ရန်။
( ဂ ) ACMECS နှင့်ထပ်မနေသော၊ မတူညီသောလုပ်ငန်းများနှင့် ACMECS အစီအစဉ် အောက်ရှိ ကဏ္ဍကြီး ၆ ခု လုပ်ငန်းစီမံကိန်းများ အနက် CLMV နှင့်သာဆိုင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။
(ဃ) ACMECS တွင် လုံးဝပါဝင်ခြင်းမရှိသည့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို CLMV ကသာ ဆောင်ရွက်ရန်။
( င ) နောင်တွင် CLMV နှင့် ACMECS အကြား လုပ်ငန်းများ ထပ်မနေစေရန်အတွက် သတိပြု ဆောင်ရွက်ကြရန်။
ပါဝင်ဆောင်ရွက်ရမည့်ကဏ္ဍများ
၄။ စီအယ်လ်အမ်ဗွီလုပ်ငန်းများ ပီပြင်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တတိယအကြိမ် မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးမှ အတည်ပြုခဲ့သည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများနှင့် ဦးဆောင် ရမည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အကမ္ဘာလှည့်ခရီးသွားကဏ္ဍ - ကမ္ဘောဒီးယားနိုင်ငံ
( ခ ) ပို့ဆောင်ရေးကဏ္ဍ - လာအိုနိုင်ငံ
( ဂ ) စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်ကဏ္ဍ - မြန်မာနိုင်ငံ
(ဃ) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အိုင်စီတီ၊ အိပ်ချ်အာရ်ဒီ - ဗီယက်နမ်နိုင်ငံ
CLMV ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ
၅။ ACMECS အစီအစဉ်၏ Economic Cooperation Strategy Plan of Action (ECSPA) အရ CLMV နိုင်ငံများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစီမံချက်များကို ရေးဆွဲအကောင်အထည် ဖော်လျှက် ရှိပါသည်။ Trade နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရမည့် စီမံကိန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံစီမံကိန်းများ
(၁) ညီအစ်မမြို့တော်များ - Siem Reap နှင့် ပုဂံမြို့
(၂) ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေး လွယ်ကူချောမွေ့စေရန် ဆက်သွယ်ရေး ပွိုင့် ထူထောင်ရန်၊
(၃) အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် အလည်အပတ်ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေး၊
(ခ) မြန်မာ-လာအို နှစ်နိုင်ငံစီမံကိန်းများ
(၁) ညီအစ်မမြို့တော်များ-လောင်ပရာဘမ်နှင့်ပုဂံမြို့၊Tonpheung- ဝမ်ပုံ (To be Confirmed)
(၂) နယ်စပ်ကုန်သွယ်ရေးကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံသုံးငွေကြေးများ ပိုမို အသုံးပြုရေး၊
(၃) တတိယနိုင်ငံသို့ တစ်ဆင့်ခံကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး၊
(၄) ကုန်သွယ်မှုသတင်းအချက်အလက်ဖလှယ်ရေးလွယ်ကူချောမွေ့စေရေးအတွက် ဆက်သွယ်ရေးပွိုင့် ထူထောင်ရေး၊
(၅) ကုန်စည်ပြပွဲများ ပူးပေါင်းပါဝင်ပြသရေး၊
(၆) နှစ်နိုင်ငံကြား နယ်စပ်ဒေသတွင် ဈေးပွဲတော်များကျင်းပရေး၊
(၇) နယ်စပ်ကုန်သွယ်မှုများကို ဝမ်ကျင်း-စီကောက်နှင့် ဝမ်ပုံ-မိုင်းမော Check Point များတွင် စတင်ဆောင်ရွက်ရန်၊
(ဂ) မြန်မာ-ဗီယမ်နမ် နှစ်နိုင်ငံစီမံကိန်းများ
(၁) ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ခိုင်မာစေရေး၊
(၂) ဈေးကွက်အခွင့်အလမ်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
CLMV အစည်းအဝေးကျင်းပမှုများ
၆။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံပါဝင်သည့် CLMV ထိပ်သီးအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် အလှည့်ကျကျင်းပခဲ့ပါသည်။ အစည်းအဝေးကျင်းပမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပထမအကြိမ်ထိပ်သီးအစည်းအဝေး - လာအိုနိုင်ငံ
၂၀၀၃ ခုနှစ်
(ခ) ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး - ကမ္ဘောဒီးယား
၂၀၀၄ ခုနှစ်
(ဂ) တတိယအကြိမ်ထိပ်သီးအစည်းအဝေး - စီဘူးမြို့၊ ဖိလစ်ပိုင်နိုင်ငံ
၁၂-၁-၂၀၀၇
(ဃ) စတုတ္ထအကြိမ်ထိပ်သီးအစည်းအဝေး - ဟနွိုင်းမြို့၊ ဗီယက်နမ်နိုင်ငံ
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်မှ (၇) ရက်ထိ
(င) ပဉ္စမအကြိမ်ထိပ်သီးအစည်းအဝေး - ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ
၁၆-၁၁-၂၀၁၀
(စ) ဆဌမအကြိမ်ထိပ်သီးအစည်းအဝေး - ဗီယင်ကျန်းမြို့၊ လာအိုနိုင်ငံ
၁၃-၃-၂၀၁၃
(ဆ) သတ္တမအကြိမ်ထိပ်သီးအစည်းအဝေး - နေပြည်တော်၊ မြန်မာနိုင်ငံ
၂၂-၆-၂၀၁၅
၇။ သတ္တမအကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းကို ၂၂-၆-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သတ္တမအကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်း အဝေးပူးတွဲကြေငြာချက်မှ ကုန်သွယ်ရေးနှင့် ပတ်သက်၍ အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည်-
(က) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် စီအယ်လ်အမ်ဗွီ နိုင်ငံများ အတွင်းနှင့် နိုင်ငံရပ်ခြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့များ အပါအဝင် စီအယ်လ်အမ်ဗွီအဖွဲ့ဝင် နှစ်နိုင်ငံအကြား၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကြားတည်ရှိပြီး သဘောတူညီချက်များအားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊
( ခ ) ၂၀၁၅ ခုနှစ်ဆန်းပိုင်း၌ တရားဝင်ဖွင့်လှစ်ခဲ့သည့် လာအို-မြန်မာ-ချစ်ကြည်ရေး တံတားအား အပြည့်အဝအသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားကြရန်။
( ဂ ) တစ်ကြိမ်တည်းအပြီးအစီး စစ်ဆေးရေးဝန်ဆောင်မှုများအား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့ စေရန်အတွက် တစ်ကြိမ်တည်း အပြီး စစ်ဆေးရေး ဝန်ဆောင်မှု ကွန်ရက် တစ်ခု ပေါ်ထွန်းလာစေရေးအတွက် စီအယ်လ်အမ်ဗွီ နိုင်ငံများအကြားရှိ အခြား အလားအလာရှိသော အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များတွင်လည်း တိုးချဲ့ ဖော်ဆောင်သင့်ကြောင်း။
(ဃ) အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံနှင့် အာဆီယံ အချိတ်အဆက်အထူးစီမံချက်အား အကျိုးရှိရှိ သင့်လျော်စွာ အသုံးချနိုင်ရေးအပါအဝင် အာဆီယံပေါင်းစည်းရေးအားထုတ်မှုများမြှင့်တင်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး။
( င ) ပို့ဆောင်ရေးကဏ္ဍတွင် စီအယ်လ်အမ်ဗွီနိုင်ငံများအား ဖြတ်သန်းသွားသည့် စီးပွားရေးစြင်္ကံများ၊ အထူးသဖြင့် မဟာမဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ မြောက်-တောင် စီးပွားရေးစြင်္ကံ၊ အရှေ့-အနောက် စီးပွားရေးစြင်္ကံ၊ တောင်ပိုင်း စီးပွားရေးစြင်္ကံများအား အကောင်းဆုံးအသုံးချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုအား ခိုင်မာစေရန်။
(စ) စီအယ်လ်အမ်ဗွီနိုင်ငံများအကြား ကုန်စည်နှင့်ခရီးသွားများ နယ်စပ်ဖြတ်ကျော်သွားလာမှုကို ဂျီအမ်အက်စ် စီဘီတီအေ (နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးသဘောတူညီချက်)၊ အာဆီယံပြတင်းတစ်ပေါက်စနစ်၊ အာဆီယံအကောက်ခွန်ဆိုင်ရာတစ်ဆင့် ဖြတ်သန်းသွားလာမှု စနစ်နှင့် စီအယ်လ်အမ်ဗွီနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် အခြားသော နှစ်နိုင်ငံနှင့် နိုင်ငံစုံသဘောတူညီချက်များကို အကောက်အထည်ဖော်ခြင်းမှတစ်ဆင့် လွယ်ကူချောမွေ့ စေရေးဆောင်ရွက်သွားရန်။
(ဆ) လေကြောင်းပို့ဆောင်ရေးအား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ စီအယ်လ်အမ်ဗွီ ကဏ္ဍစုံ သဘောတူညီချက်မှ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုသဘောတူညီချက် အပါအဝင် နှစ်နိုင်ငံနှင့် နိုင်ငံစုံ သဘောတူညီချက်များမှတဆင့် လွယ်ကူချောမွေ့စေရေး ဆောင်ရွက်သွားရန်။
(ဇ) စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် ဆက်သွယ်ရေးကဏ္ဍ/သတင်းအချက်အလက် ဆက်သွယ် ရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ၏ ထုတ်လုပ်ရေး၊ သုတေသနနှင့် အပြီးသတ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂေဟစနစ်နှင့် လိုက်ဖက်သည့် စိုက်ပျိုးရေး၊ ဓာတ်သတ္တုရှာဖွေတူးဖော်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲသဘာဝလောင်စာဆီနှင့် ဓာတ်ငွေ့ရှာဖွေရေး၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အရေးပါသည့် နယ်ပယ်များရှိ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေကောင်းများကို ဖန်တီးသွားရေးကို အပြန်အလှန် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေး၊ သားငါး၊ သစ်တော၊ မွေးမြူရေး၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် သတင်းအချက်အလက်နှင့် နည်းပညာများဖလှယ်သွားရန်နှင့် ပူးတွဲသုတေသနများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအား ဖြတ်ကျော်၍ မဟာလျှပ်စစ်ဓာတ်အားလိုင်းများနှင့် ကွန်ယက်ဖွံ့ဖြိုးတိုးတက်လာရေး တိုးမြှင့်ဆောင်ရွက်သွားရန်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအကြား စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးများ တိုးမြှင့်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပသွားရန်။
(ဈ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် စီအယ်ဘ်အမ်ဗွီနိုင်ငံများအကြား ပညာရေး ကဏ္ဍ၌ အပြန်အလှန်ပညာသင်ဆုများချီးမြှင့်ခြင်း၊ လေ့လာရေးအဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းနှင့်သင်တန်းအတွေ့ အကြုံများဖလှယ်ရေးကို အလေးထား ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုပါသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ နိုင်ငံတို့အား ဗီယက်နမ်နိုင်ငံမှ ပညာသင်ဆုများနှင့် သင်တန်းများထောက်ပံ့ပေးခဲ့မှုများအတွက် ဗီယက်နမ်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်းဖော်ပြကြပါသည်။ ဗီယက်နမ်နိုင်ငံမှ စီအယ်လ်အမ်ဗွီနိုင်ငံများသို့ အဆိုပါပညာသင်ဆုအစီအစဉ်များ ဆက်လက်ထောက်ပံ့ပေးပါရန် ဤအစည်းအဝေးမှ အဆိုပြု ပါသည်။ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု ကျွမ်းကျင်အစီအစဉ်များ အကောင်အထည် ဖော်ဆောင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်များနှင့် လက်တွဲဆောင်ရွက် ရန်သဘောတူညီပါသည်။
(ည) ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား သောအားဖြင့် စီအယ်လ်အမ်ဗွီလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရာတွင် ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို အားပေးသွားရန်။
နိဂုံး
၈။ စီအယ်လ်အမ်ဗွီနိုင်ငံများအနေဖြင့် AEC Blueprint နှင့်အညီ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် အလေးထား အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများသည် (၄) နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရုံသာမက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုကြောင်း၊ စီအယ်လ်အမ်ဗွီ (၄) နိုင်ငံအကြား ခိုင်မာစွာတည်ရှိထားသည့် ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် ဒေသ၏ တိုးတက်မှုနှင့် မိမိတို့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သင့်ပါသည်။