နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၉ ရက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ နယ်စပ်ကုန်သည်များအသင်းရုံးတွင် ဌာနဆိုင်ရာများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားရာ၌ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်များတင်ပို့ရာတွင် ယခုဒေသသည် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည့်ဒေသဖြစ်ပြီး ပင်လယ်မှဖမ်းဆီးရမှုအပြင် မွေးမြူထားသော ရေထွက်ကုန်များကိုပါ ကုန်ကြမ်းအပြင် ကုန်ချော ထုတ်လုပ်တင်ပို့သကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးသော ရော်ဘာကိုလည်း အဆင့်မြှင့်တင်ပြီး တင်ပို့ခြင်း၊ သတ္တုတင်ပို့ခြင်းများကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့် အညီ အလေးထားဆောင်ရွက်ကြရန်၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းထွက် ထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ကောင်းစွာယှဉ်ပြိုင်နိုင်ရန် စံချိန်စံညွှန်းမီ ၊ အရည်အသွေးမီ ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသထွက် ရေထွက်ကုန်များအား ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုတို့အတွက် အထောက်အကူဖြစ်စေရေး ဒေသရှိ အသင်းအဖွဲ့များနှင့် ဈေးကွက်ရှိရာဒေသအလိုက် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ပို့ကုန်ထုတ်လုပ်သည့် စက်ရုံများအားလုံးကောင်းစွာလည်ပတ်နိုင်ရေး ကြိုးပမ်းကြရန်၊ စက်ရုံများ ထုတ်လုပ်မှုစွမ်းဆောင်ရည်တိုးမြှင့်ရေး ဆောင်ရွက်ရန်၊ ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီသိရှိအောင် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အကြံပြုချက်များကို ဆွေးနွေးပေးကြ ရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ပထော်ပတက်ကျွန်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ပုစွန်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ်စက်ရုံ၊ ပထော်ရေ လှောင်တမံရှိ ရေပေါ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်နေမှုနှင့် ပနားမီး ပုစွန်မွေးမြူရေးကန်တို့ကို ကြည့်ရှုပြီး ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်စက်ရုံနှင့် Texchem Food Myanmar လိမီတက်၏ ရေထွက်ကုန်အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ပုစွန်မွေးမြူမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးနေမှုများအား ရှင်းလင်းတင်ပြမှုအ ပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပဈေးကွက်ပိုမိုရရှိရေး၊ ပို့ကုန်များအား လက်ရှိတင်ပို့နေသည့် ကုန်သွယ်ဖက်နိုင်ငံများအပြင် နိုင်ငံတကာသို့ ဈေးကွက်ရှာဖွေရန် ချိတ်ဆက်တင်ပို့နိုင်ရေး ဆောင်ရွက် ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် အရည်အသွေးပြည့်မီစေရေးတို့အား အလေးထား ဆောင်ရွက်ရန် တို့ကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၅   

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃) ညီလာခံခန်းမ၌ Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ တနင်္လာနေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ၁၉၉၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တာဝန်ခံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊  ဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆောင်ရွက်နေရသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နိုင်ငံစုံသဘောတူညီချက်များ၊ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်ရမည့် ကတိကဝတ်များ၊ အငြင်းပွားမှုဆိုင်ရာပြဿနာများ၊ နည်းပညာဆိုင်ရာ အထောက်အပံ့များကို သိရှိစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်တည်ထောင်စဉ်က အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားမှုမရှိစေရေး (Non-Discrimination) နှင့် ပွင့်လင်းမြင်သာမှုရှိရေး (Transparency) တို့ကိုသာ ချမှတ်ခဲ့သော်လည်း  ကမ္ဘာလုံးဆိုင်ရာဆက်စပ်ပြောင်းလဲမှု (Globalization) နောက်ပိုင်းခေတ်ကာလနှင့် လျော်ညီစွာ မျှတစွာယှဉ်ပြိုင်မှု (Fair Competition) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Preservation) နိုင်ငံစုံကုန်သွယ်မှုမှာ နိုင်ငံများပါလိုက်ပါနိုင်ရေး (Inclusive) ကိစ္စရပ်များကို အခြေခံထည့်သွင်းလာတာကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုရှိရေးကတိကဝတ်အရ ကုန်သွယ်မှုနည်းလမ်းများအား အကြောင်းကြားခြင်း(Notification) များ ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကိုလည်း ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်မှာ တစ်ကြိမ် (၂) ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများအား ဂရုတစိုက်လေ့လာမှတ်သားခြင်းအားဖြင့် မိမိဝန်ကြီးဌာနအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

   အဆိုပါသင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသား/သူ (၃၅) ဦးတို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သူများနှင့်အတူ လန်းဆန်းစာများကို သုံးဆောင်ခဲ့ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ WTO သံမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ရုံးချုပ်)တွင် အလုပ်သင်အဖြစ် သင်တန်းတက်ရောက်ခဲ့ဖူးသည့် အရာရှိကြီးများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd., မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Seres-5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂-၂-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂       ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးသဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆွေးနွေးလျက်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကိုယ်စားပြု စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ တွင် ဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတစ်ခုချင်းအလိုက် ယနေ့တက်ရောက်လာသော ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနများအနေဖြင့် ဘာသာရပ်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ အာဆီယံ၏ statistical highlights - ၂၀၂၃ တွင် မြန်မာနိုင်ငံ GDP ၏ ၃၉.၅ ရာခိုင်နှုန်းမှာ ဝန်ဆောင်မှုကဏ္ဍဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာများ လည်းရှိကြောင်း၊ တက်ရောက်လာသော ဌာနများအနေဖြင့် သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအများအပြားဖိတ်ခေါ်နိုင်ရေး၊ မိမိတို့၏ ဝန်ကြီးဌာနများကချမှတ်ထားသော ဥပဒေ၊  စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများ၏ အောင်မြင်မှုဥပမာများကိုလေ့လာ၍ မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအတွက် အကြံပြုချက်များပံ့ပိုးပေးနိုင်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အထောက်အကူဖြစ်စေရေးအတွက် လက်တွေ့အသုံးချကြသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

   အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဌာနများမှ  အရာထမ်းကိုယ်စားလှယ် ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း