နောက်ဆုံးရ သတင်း

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ခရီးစဉ်တွင်လိုက်ပါသွားသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြားခဲ့ သည်။

   အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန ၏ လုပ်ငန်းစဉ် (၁၅)ရပ်ကို သိရှိနားလည်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်‌ဆောင်ရွက်ရာတွင် ဝိရိယစိုက်ထုတ်၍ မိမိ၏ ကိုယ် စွမ်းဉာဏ်စွမ်းကို မြှင့်တင်ဆောင်ရွက်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ စွမ်းဆောင်ရည်ကောင်းသောဌာနဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးရုံးများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Yar Zar Min Industry Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Yutong အမှတ်တံဆိပ်လျှပ်စစ်သုံးယာဉ်အားသွင်းစက် (80 KW, EV Charger) များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၃-၁-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် နေ့မှ ၂၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

   ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်သွင်ဦးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ ဆုရရှိခဲ့သော သင်တန်းသားများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

၁။           ယခုရက်သတ္တပတ် ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်နေ့ထိ ပြည်ပပို့ကုန်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရရှိသည်။ ယခုအပတ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုမှ ဆန်/ ဆန်ကွဲ၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ‌ရော်ဘာ၊ နှမ်း တို့ ပမာဏအများဆုံးတင်ပို့ခဲ့သည်။

၂။            ဆန်ပြည်ပတင်ပို့ရာတွင် ပြည်တွင်းဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်လျက်ရှိရာ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၃။           ယခုအပတ် ဆန်တင်ပို့မှုတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အများဆုံး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အလားတူ မလေးရှား၊ ဘယ်လ်ဂျီယံ၊ ကင်မရွန်း၊ ဆလိုဗေးနီးယား၊ အီတလီ၊ ခရိုအေးရှား၊ ဘူဂေးရီးယား၊ အိုင်ဗရီကို့စ်နိုင်ငံတို့မှလည်း ဝယ်ယူမှုရှိခဲ့သည်။

၄။           ရော်ဘာပို့ကုန်တင်ပို့မှုအနေဖြင့် ရက်သတ္တပတ်အတွင်း တန်ချိန် ၇၃၂၆ တင်ပို့နိုင်ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိခဲ့သည်။ မှိုင်းခံရာဘာ (RSS) နှင့်ဆင့်တက်ပြုပြင်ထားသော (MIXTURES) ရော်ဘာမျိုးစုံကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်၊ မလေးရှား၊ ဂျပန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကိုရီးယားနိုင်ငံတို့သို့ တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့ခဲ့သည်။

၅။           မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုး၊ မွေးမြူထွက်ကုန်များ ပြည်ပတင်ပို့မှု၌ ရာသီအလိုက် စိုက်ပျိုးသီးနှံများအပြင် ရာဘာကဲ့သို့နှစ်ရှည်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်လိုအပ် ပါသည်။ ရာဘာမှာ စတင်စိုက်ပျိုးသည်မှ ၇ နှစ်၊ ၈ နှစ် အကြာတွင် အစေးထုတ်ယူနိုင်သည်ဖြစ်ရာ ပြည်ပတင်ပို့မှုတွင် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိပြီးဖြစ်သည့် ရော်ဘာထုတ်လုပ်မှု စဉ်ဆက် မပြတ်တိုးတက်စေရန် မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် သက်ဆိုင်ရာဌာနများ မှဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၆။      ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘာ့နိုင်ငံများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် များဖြစ်သည့် ပန်းတိုင် (၈) စဉ်ဆက်မပြတ် ဖြစ်ထွန်းပြီး အားလုံးအကျုံးဝင်သော ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားပြည့် အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် ထုတ်လုပ်နိုင်စွမ်းရှိ၍ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိစေရေးကဏ္ဍနှင့်လည်း တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ လက်ရှိရာဘာထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် တန်ချိန်  ၃ သိန်းမှ ၄သိန်းခန့်ရရှိသည်။

၇။         ရော်ဘာပြည်ပသို့တင်ပို့မှုနှင့် သွင်းကုန်အစားထိုးကုန်ပစ္စည်းများထုတ်လုပ်နိုင်မှု တိုးတက် စေခြင်းဖြင့်  နိုင်ငံ့စီးပွားရေးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် အကျိုးသက်ရောက်မှုများ ရရှိလာနိုင်မည်ဖြစ်သည်။

၈။         ကုန်ထုတ်လုပ်မှုများ  တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးရှိသော ထုတ်ကုန် ကုန်ကြမ်းများအား တီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် အဆင့်မြှင့်တင်ပို့နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ နည်းပညာရှင်များနှင့် ချိတ်ဆက် ခြင်းဖြင့် အဆင့်မီပို့ကုန်များရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ကာ အစိုးရ၊ ပုဂ္ဂလိက အလွှာပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ယခုရက်သတ္တပတ်ပို့ကုန်တင်ပို့နိုင်မှု အခြေအနေ အားဖော်ပြတိုက်တွန်းအပ်ပါသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၇

   ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online၊ Offline ဖြင့် ပါဝင်တက်ရောက် ခဲ့ကြသည်။

   အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံ များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့်  လုပ်ငန်းများကို  သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း