နောက်ဆုံးရ သတင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co.,Ltd မှ တင်သွင်းလာသော HAIMA 7X-E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂)စီးသည် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပါသဖြင့် ၁၅.၅.၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ ဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ မှ မေလ ၂၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၂၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd. မှ တင်သွင်းလာသော Volkswagen ID - 4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ASEAN Indo- Pacific Forum ၌ ကျင်းပမည့် ပြပွဲသို့ မြန်မာနိုင်ငံမှ စီမံကိန်းများ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါဖိုရမ်၌ Green Infrastructure and Supply Chain ၊ Digital Transformation and Creative Economy နှင့် Sustainable and Innovative Financing ဟူ၍ ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ခေါင်းစဉ်ခွဲ(၃)ခုနှင့်ပတ်သက်သည့် Panel discussion များ၊ Talk Show များပြုလုပ်၍ ဒေသတွင်း အခြေခံအဆောက်အဦ စီမံကိန်းများ ပါဝင်သည့် ပြပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့များ၊ မိတ်ဖက်များအား ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီမံကိန်းများရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်၊ (၁၃:၃၀) နာရီအချိန်တွင် ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ် ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Mr. AZHARI က သိရှိလို၍ မေးမြန်းသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် အလားအလာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။