နောက်ဆုံးရ သတင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. Li Chenyang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား  ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုနှင့်ပတ်သက်သော ငွေပေးချေမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စများကို ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကာပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြက်သွန်နီစိုက်ဧက (၁.၇) သိန်း ကျော်ရှိပြီး နှစ်စဉ်တန်ချိန် (၁) သန်းကျော် ထွက်ရှိပါကြောင်း၊ ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့်  ပြည်ပနိုင်ငံများသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက‌ဈေးကွက် အခြေအနေနှင့် အလားအလာများ၊ ပြည်ပတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန်လိုအပ်ချက်များ၊  ပြည်ပနိုင်ငံများသို့ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ လက်ရှိတင်ပို့နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကြက်သွန်နီကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ လိုအပ်သည့် အပင်ပိုးမွှားရောဂါများကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ်များ လွယ်ကူစွာ ထုတ်ယူရရှိနိုင်ရေး၊ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှု ကျင့်စဉ် (GAP)စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူ ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အပါအဝင် ပြည်ပဈေးကွက်သို့ ကြက်သွန်နီ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးတို့အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စာဖိုဆောင် သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄         မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်း ရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်မှ ယူနန်ပြည် နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Li Chenyang ဦးဆောင်၍ ကိုယ်စားလှယ် (၁၉)ဦးတို့ တက်ရောက် ခဲ့ကြသည်။

          အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုလျင်မြန် ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အားဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ( ၁၂:၀၀ )နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄         အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် တင်သွင်းရောက်ရှိလာသည့် N.P.K Motors Co., Ltd. အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW (၅) စုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၁-၂-၂၀၂၃ ရက် နေ့တွင် ရောက်ရှိခဲ့ရာ အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီးထုတ်ယူခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ EV Charger များမှာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး ၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဖေဖော်ဝါရီလ ၁၂

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း