နောက်ဆုံးရ သတင်း

နေပြည်တော်၊ စက်တင်ဘာ ၁၄     

    (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့  ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင်  နန်နင်းမြို့၊ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့်  တရုတ်နိုင်ငံနှင့်သာမက အခြားအာဆီယံနိုင်ငံများနှင့်လည်း ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကွမ်ရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာ ဖြန့်ဝေပေးနိုင်ရေးကိုလည်းကောင်း၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၄

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota BZ4X နှင့် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၄-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၄

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ (၁၀:၁၀) နာရီအချိန်တွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

    အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့အား “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက် အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

    အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့နှင့်အတူ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် စီးပွားရေးလုပ်ငန်းရှင် (၂၀၉) ဦးတို့လည်း လိုက်ပါသွားကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ ကော်ဖီနှင့်လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း (၈၀) ဖြင့်  ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာလ ၁၂  

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၂  

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ကာ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက် တည်ငြိမ်ရေးကိစ္စများကိုလည်းကောင်း၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကိုပြည်တွင်းစားသုံး ရန်၊ ထုတ်လုပ်မှုမထိခိုက်စေဘဲ ပြည်ပသို့ တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပဲမျိုးစုံ ပြည်တွင်းဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်ကိစ္စရပ်များကို အခြေခံကာ ဈေးကစားဆောင်ရွက်မှုများ မရှိစေရေးနှင့် ပဲမျိုးစုံနှင့် နှမ်းများကို ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းအား အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း တားဆီးဆောင်ရွက်ရေးကိစ္စရပ်များကို လည်းကောင်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့မှု ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို လည်းကောင်း အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း