နောက်ဆုံးရ သတင်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေး စိတ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် မေလ ၂၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံ တို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၉၆၀ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် (၄)ရက်ကြာကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ကုန်စည်ပြပွဲနောက်ဆုံးနေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသခဲ့ပါသည်။
အဆိုပါကုန်စည်ပြပွဲ၌ လာရောက်ပြသကြသည့် နှစ်နိုင်ငံမှကုန်သည်လုပ်ငန်းရှင်များ/ကုမ္ပဏီများအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲများကျင်းပခြင်း၊ နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် AJ Myanmar Co., Ltd နှင့် Shenyang Tianfeng Bio-Pharm Co., Ltd တို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ Yoma Bank Limited၊ Fully Light Group of Companies နှင့် Kokang Ethnic Entrepreneurs Association Incorporated (KKEEA) တို့အကြား ဘဏ်ငွေပေးချေမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့် အများပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြရာ စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပလျက်ရှိသည့် မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသကြသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့များက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် အဆိုပါ ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလှူငွေပေးအပ်ပွဲတွင် ကုန်စည်ပြပွဲ၌ ပါဝင်ပြသကြသည့် မြန်မာ-တရုတ်ကုန်သည်လုပ်ငန်းရှင်များကစုပေါင်း၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေကျပ်သိန်း (၃၀၀) ကို ပေးအပ်လှူဒါန်းခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်က နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းတို့က အလှူငွေပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန် နှင့်အဖွဲ့သည် ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများနှင့် လာရောက်လေ့လာ ကြည့်ရှုသူအများပြည်သူများဖြင့် စည်ကားသိုက်မြိုက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ မေ ၂၆ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၃၄) စီးနှင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော LINCHR အမျိုးအစား လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၄၀) စုံတို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။