ကုန်စည်ပြပွဲများ

     ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ကျိုတိုမြို့တို့၌ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းကျင်းပမည့် We Tech Expo သည် နည်းပညာဆိုင်ရာပြပွဲဖြစ်သော်လည်း နည်းပညာနှင့် တီထွင်ကြံဆမှုအပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ မြန်မာ့လက်မှုပစ္စည်းများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းများ ပါဝင်ပြသနိုင်ရေး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအား ဖိတ်ကြားလာသည်။

     We Tech Expo တွင် ပါဝင်ပြသခြင်းဖြင့် မြန်မာနိုင်ငံ၏ နည်းပညာနှင့် တီထွင်ကြံဆမှုနှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ ထွန်းသစ်စအစပျိုးလုပ်ငန်းများ (Startups) များနှင့်အတူ မြန်မာ့လက်မှုပစ္စည်းများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အရေး ရရှိနိုင်ပြီး စီးပွားရေးမိတ်ဖက်များရရှိရန် ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

     အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ  အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ် ၍ ချိတ်ဆက်ပြသနိုင်ကြောင်း သတင်းရရှိသည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်တွင် (၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲများကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့ အစိုးရတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိကျင်းပလျက်ရှိသည်။

   အဆိုပါကုန်စည်ပြပွဲနှင့်အတူ တရုတ်နိုင်ငံ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနှင့် အခြား ကမ္ဘာ့နိုင်ငံများအကြား ဘက်စုံသံခင်းတမန်ခင်းအဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက် မှုများနှင့် အချင်းချင်းဆွေးနွေးဖလှယ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကိုမြှင့်တင်ရန် ရည်ရွယ်၍ တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသဆိုင်ရာ ဖိုရမ်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး GMS အုပ်ချုပ်ရေးမှူးများဖိုရမ်၊ တရုတ်-တောင်အာရှစီးပွားရေးဖိုရမ်၊ တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှတွေးခေါ်ပညာရှင်ဖိုရမ်၊ တရုတ်-တောင်အာရှစီးပွားရေးဖိုရမ်၊ အာရှစီးပွားရေးဖိုရမ်၊ ယူနန်-တိုင်ပေ စီးပွားရေးကုန်သွယ်မှုနှင့် ယဉ်ကျေးမှုညီလာခံ၊ အာဆီယံပြည်ပတရုတ်လုပ်ငန်းရှင်များညီလာခံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုစာရွက် စာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများလည်း ကျင်းပလျက်ရှိကြောင်းသိရသည်။

   ကုန်စည်ပြပွဲကို ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ တီယန်ချီစင်တာတွင် ပြပွဲအကျယ်အဝန်း ၁၃၀,၀၀၀ မီတာကျယ်ဝန်းသောနေရာ၌ ကျင်းပခြင်းဖြစ်ပြီး ပြပွဲခန်းမများတွင် အစိမ်းရောင်စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေးပြခန်းများ၊ ဇီဝဆေးဝါးနှင့် အထွေထွေကျန်းမာရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုမဏ္ဍပ်များ ပြသလျှက်ရှိပြီး စိတ်ပါဝင်စားသူ များအနေဖြင့် www.csa-expo.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “The 5th China International Import Expo (CIIE)” ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်း၊ ဘေကျင်းမြို့စံတော်ချိန် ၂၀:၀၀ နာရီ အချိန်တွင် Online/ Offline ဖြင့် ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက်၍ ဗွီဒီယိုဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

   ယခုနှစ်ကျင်းပသည့် “The 5th China International Import Expo (CIIE)” ကုန်စည် ပြပွဲကို “မျှဝေထားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမှုကိုလှုံ့ဆော်ခြင်း” ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသ ခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ဆက်ဆံမှုများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများကို တိုးမြှင့် စေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါကုန်စည်ပြပွဲကို ပထမအကြိမ်မှစတင်၍ နှစ်စဉ် နှစ်တိုင်း ပါဝင်ပြသနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာ့ ထွက်ကုန်ပစ္စည်းများကို ပြခန်း (၄) ခန်းဖြင့် ပါဝင်ပြသလျက်ရှိသည်။ အဆိုပါကုန်စည်ပြပွဲသို့  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၄၅) နိုင်ငံမှ ပါဝင် ပြသလျက်ရှိကြောင်း သတင်းရရှိသည်။

   ပါကစ္စတန်အစိုးရအနေဖြင့် အိုးအိမ်နှင့် အလုပ်အကိုင်ဝန်ကြီးဌာနမှတစ်ဆင့် International Housing Expo 2022 Pakistanကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိရာ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ကြောင်း ဖိတ်ကြားလာပြီး အသေးစိတ်သိရှိလိုပါက ၀၆၇ - ၃၄၀၈ ၆၀၈ နှင့် ၀၆၇ - ၃၄၀၈ ၆၂၂ သို့ စုံစမ်းမေးမြန်းနိုင် ကြောင်း သတင်းရရှိပါသည်။

   ဗီယက်နမ်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်ရေးစင်တာ (Investment and Trade Promotion Center − ITPC) နှင့် အစားအစာနှင့် စားသောက်ကုန်ဆိုင်ရာအသင်း (Food and Foodstuff Association − FFA) တို့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် “ဟိုချီမင်းမြို့တော် အစားအသောက်နှင့် အဖျော်ယမကာဆိုင်ရာ နိုင်ငံတကာပြပွဲ” သို့ မြန်မာနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ပြသ နိုင်ရန် ဖိတ်ကြားလာကြောင်း သိရှိရပါသည်။

   ကုန်စည်ပြပွဲကို “Interconnection of Values and Development” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ပြပွဲတွင် စိုက်ပျိုးရေးထုတ်ကုန်၊ အစားအစာထုတ်လုပ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်၊ စက်ပစ္စည်းထုတ်လုပ်မှု၊ နည်းပညာများ၊ စိုက်ပျိုးရေးထုတ်ကုန်များ ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းများမှ ပါဝင်ပြသကြမည် ဖြစ်ပါသည်။

   အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်သွားရောက် ပြသနိုင်သည့်အပြင် Online မှလည်း ပါဝင်ပြသနိုင်ရန် ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်အတွက် 3D စနစ်သုံး Online ဆိုင်ခန်းပေါင်း ၄၀၀ စီမံထားကြောင်း သိရှိရပါသည်။

   ပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Email: nguyetltm@itpc. gov.vn နှင့် [email protected] သို့ဆက်သွယ်စုံစမ်းနိုင်ပြီး QR Code ကိုအသုံးပြု၍ Registration ပြုလုပ်နိုင်ပြီး အသေးစိတ်သိရှိလိုပါက ၀၆၇ - ၃၄၀၈ ၆၀၈ နှင့် ၀၆၇ - ၃၄၀၈ ၆၂၂ သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to ကုန်စည်ပြပွဲများ