အရောင်းသွက်သွက် အဝယ်သွက်သွက်ရှိနေတဲ့ ဘိလပ်မြေ

Wed, 01/14/2015 - 14:32 -- admin_ygn

  ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
   ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၅ ဇန်နဝါရီ ၂ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ခြောက်သောင်းကိုးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်အဝင်မှာ တန်ချိန် လေးသောင်း ငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ်သောင်းလေးထောင်ကျော်အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းနှစ်ထောင့်သုံးရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်လေးထောင့်လေးရာကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှအဝင်လျော့ခဲ့ တယ်လို့သိရပါတယ်။
   မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိသလို ဈေးကလည်း အနည်းငယ်မြင့်လာပါတယ်။ မြင့်လာတာက စိန်နဲ့ ဆင်ပဲဖြစ်တယ် လို့ သိရပါတယ်။ ကြံ့(မြိုင်ကလေး)က ဈေးငြိမ်နေပြီး မြင်း ခေါင်းက ပစ္စည်းပြတ်နေတယ်လို့  သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင်(ထိုင်း) ၅၀၅၀ ကျပ်၊မြင်းခေါင်း ၄၂၀၀ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၄၅၀ ကျပ်၊ စိန် ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
   မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ်သွက်တယ် လို့သိရပါတယ်။ ဈေးကွက်ထဲအပါချီ၊ မြင်းခေါင်းနဲ့ ဆင်(မြန်မာ)က ဈေးငြိမ်နေပြီး ဆင်(ထိုင်း) က ဈေးနည်းနည်းကျလာတယ်လို့သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အပါချီ ၅၁၀၀ ကျပ်၊ မက်စ်(မြန်မာ) ၅၂၀၀ ကျပ်၊ ဆင် (ထိုင်း) ၆၄၀၀ ကျပ်၊ မြင်းခေါင်း ၅၁၀၀ ကျပ်၊ဆင်(မြန်မာ)၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
   မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ပုံမှန်အရောင်းအဝယ် ကောင်းပေမယ့် ဘိလပ်မြေဈေးက အပြောင်းအလဲမရှိဘူးလို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ   အေသုံးလုံး  ၄၈၀၀ ကျပ်၊ မြန်မာဆင် ၄၇၀၀ ကျပ်၊ ဆင် (ယိုးဒယား) ၆၈၀၀ ကျပ်၊ စိန် (ယိုးဒယား)၆၈၀၀ ကျပ်၊ ဆင်မင်း ၄၆၀၀ ကျပ်၊ ကျားခေါင်း ၄၆၀၀ ကျပ်၊  မြင်းခေါင်း ၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှသိရှိရပါတယ်။

သီတာဝင်း (DOT)

Local Trade News