World Traditional Medicine & Anti-aging Expo in Sancheong Korea 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Thu, 07/06/2023 - 03:24 -- regionaldep

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

   ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongsangnam ပြည်နယ်၊ Sancheong ဒေသရှိ ရှေးရိုးရာအရှေ့ တိုင်းဆေးပညာများ၏ မွေးရပ်မြေဖြစ်သော Donguibogamchon ကျေးရွာ၌ Sancheong World Anti-aging Expo မှ ကြီးမှူးကျင်းပမည့် World Traditional Medicine & Anti-aging Expo in Sancheong Korea 2023 ကို ၁၅-၉-၂၀၂၃ ရက်မှ ၁၉-၁၀-၂၀၂၃ ရက်အထိ (၃၅) ရက်ကြာကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ပြခန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါ သည်။

   ပြပွဲကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်မှာ Anti-aging industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့် ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပြပွဲအား (၃၅) ရက်ကြာ ကျင်းပသွားမည်ဖြစ်သော်လည်း ပြည်ပနိုင်ငံများမှ ကုမ္ပဏီများသည် ၉-၁၀-၂၀၂၃ ရက်မှ ၁၂-၁၀-၂၀၂၃ ရက်အထိ (၄) ရက်သာ ပြသခွင့်ရရှိမည်ဖြစ်သည်။ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၅၀ ခန့်မှ ပြခန်း (၇၅) ခန်း လာရောက်ခင်းကျင်းပြသနိုင်ရန် ပြင်ဆင်ထားရှိပြီး နိုင်ငံခြားသားဧည့်သည် (၆၀,၀၀၀) ဦးခန့်အပါအဝင် ဧည့်သည်စုစုပေါင်း (၁.၂) သန်းဝန်းကျင် တက်ရောက်မည်ဟု ရည်မှန်းထားကြောင်းနှင့် ကုန်စည်ဝယ်ယူနိုင်မည့် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီစုစုပေါင်း (၂၀၀) ခန့် ရှိမည်ဖြစ်သည်။

   ကုန်စည်ပြပွဲသို့ လာရောက်ပြသမည့်ပြည်ပကုမ္ပဏီများအနေဖြင့် ကုမ္ပဏီတစ်ခုလျှင် သတ်မှတ်အကျယ်အဝန်းရှိ ပြခန်းတစ်ခန်းစာအတွက် အခမဲ့လျှောက်ထားနိုင်ကြောင်း၊ အသွား/အပြန်လေယာဉ်လက်မှတ်၊ ပြပွဲကာလအတွင်း တည်းခိုစရိတ်၊ စားသောက်စရိတ်တို့အား ကုမ္ပဏီတစ်ခုလျှင် ပါဝင်မည့်သူ (၁) ဦးအတွက်သာ ကျခံပေးသွားမည်ဖြစ်ပြီး အများဆုံး (၁၀) ဦးအထိသာ ကျခံပေးမည် ဖြစ်ကြောင်း၊ လျှောက်ထားမှုနောက်ကျပါက ဖော်ပြပါအခွင့်အရေးများရနိုင်မည်မဟုတ်ကြောင်း၊ လာရောက်ပြသမည့် ပစ္စည်းများကို စိစစ်၍ ပါဝင်ပြသခွင့်ပြု/မပြုကို ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ပါဝင်ပြသလိုသည့် ကုမ္ပဏီများအနေဖြင့် လျှောက်လွှာများကို ဆောလျင်စွာ ပေးပို့နိုင်ကြောင်းသိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။