ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော Expo 2023 Doha ကုန်စည်ပြပွဲ၏ မြန်မာနေ့အခမ်းအနားကျင်းပ

Mon, 01/29/2024 - 03:33 -- mocadmin

   ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော Expo 2023 Dohaတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပါသည်။

   Expo 2023 Doha ၏ မြန်မာနေ့အခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ AI B Park ရှိ Expo House ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင် ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ ပါဝင်တက်ရောက်ခဲ့ပါသည်။

   မြန်မာနေ့အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ ကျင်းပရာ အစီအစဉ်အရ ပထမဦးစွာ မြန်မာနိုင်ငံတော် သီချင်းနှင့် ကာတာနိုင်ငံတော် သီချင်းများကို ဖွင့်လှစ်၍ နှစ်နိုင်ငံ အလံများကိုလွှင့်ထူခြင်း၊ မြန်မာ့ယဉ်ကျေးမှု အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က မိန့်ခွန်းပြောကြားပြီးနောက် ဧည့်သည်တော်များက မြန်မာပြခန်းဆောင်နှင့် ကာတာပြခန်းဆောင် တို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

   Expo 2023 Doha ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လအကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလအတွင်း မြန်မာပြခန်းဆောင်ကို TREASURE CAP Company မှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသလျက်ရှိကြောင်းနှင့် မြန်မာ ပြခန်း၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့သဘာဝမျိုးရင်း သစ်ခွများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိကြောင်း သတင်းရရှိပါသည်။