(၁၄) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲ ၂၀၁၄ ကျင်းပ

Mon, 12/15/2014 - 11:28 -- admin_ygn

   (၁၄) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန် စည်ပြပွဲအား  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကျင်းပခဲ့ရာ ကုန်စည်ပြပွဲဖွင့်ပွဲအား ၂၀၁၄ ဒီဇင်ဘာ ၁၁ ရက်  နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ ပြသသွားခဲ့ကြောင်းသိရှိရပါသည်။
   အဆိုပါဖွင့်ပွဲအခမ်းအနားသို့  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးအောင်ကျော်ညွန့်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၊ စီးပွားရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသ ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ၊ မူဆယ်နမ့်ခမ်းဒေသ ကုန်သည်အသင်းနှင့် ကုန်သည်ကြီးများ တက်ရောက်ခဲ့ကြသည်။
   ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး  ဦးအောင်ကျော်ညွန့်ကအမှာစကားပြောကြားခဲ့ပါသည်။
   တရုတ်နိုင်ငံဘက်မှ  ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Gao Shuxun နှင့် ယူနန်ပြည်နယ်မှတာဝန်ရှိသူများ၊ တယ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူများ၊ ရွှေလီမြို့တော် ဝန်နှင့် ဌာနဆိုင်ရာများ၊ တရုတ်ကုန်သည်ကြီးများ၊ အင်အား ၂၇၀ ခန့်တက်ရောက်ခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ပါတီအတွင်းရေး မှူးတို့မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားအားနှစ်နိုင်ငံမှ အထူးဧည့်သည်တော် ရှစ်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြပါသည်။
   အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၂၁၂ ခန်းပြသထားပြီး တရုတ်နိုင်ငံဘက်မှ ပြခန်း ၁၁၅ ခန်း၊ မြန်မာနိုင်ငံဘက်မှ ၉၇ ခန်း  ပါဝင်ပြသခဲ့ပါသည်။   ပြခန်းများအနေဖြင့် ပုလဲနှင့် ကျောက်မျက်ရတနာအမျိုးမျိုး၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးအိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၊ အဝတ်အထည်များ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ၊ စက်ကိရိယာများ၊ သစ်အချောထည်ပစ္စည်းများ၊ အမှတ် ရလက်ဆောင်ပစ္စည်းများ၊  အလှကုန်ပစ္စည်း များ၊ မီးဖိုချောင်သုံးပစ္စည်းများ စုံလင်စွာဖြင့်ပြသခဲ့ကြပါသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ''နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCE)'' အစည်း အဝေးအား ဆက်လက်ကျင်းပခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ ပြုပြင်ပေးရန် ညှိနှိုင်းဆောင်ရွက်ရန်များကို နှစ်ဖက်ပွင့်လင်း မြင်သာစွာဆွေးနွေးပြောဆိုခဲ့ပါ သည်
   ညပိုင်းတွင် ကချင်၊ ပလောင်၊  ရှမ်း၊ ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအကများ၊ တရုတ်နိုင်ငံယဉ်ကျေးမှုအဖွဲ့နှင့်  တေးဂီတအဖွဲ့များကဖျော်ဖြေခဲ့ကြောင်းသိရှိရပါသည်။
   မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံ ကုန်စည်ပြပွဲများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအကြားမှာ ချုပ်ဆိုခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ နယ်စပ်ကုန်စည်ပြပွဲအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသ များဖြစ်သည့် မူဆယ်နှင့် ရွှေလီ (ကြယ်ဂေါင်)တို့တွင် တစ်လှည့်စီကျင်းပခဲ့ရာ  ယခုနှစ်တွင် မြန်မာနိုင်ငံ မူဆယ်မြို့၌ကျင်းပခဲ့ခြင်းဖြစ်သည်။

Local Trade News

Pages