ဧရာပုသိမ်ဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ သာပေါင်းမြို့နယ် ငါးပတ်ချောင်းကျေးရွာ စနစ်ကျစံပြလယ်ယာမြေတွင် ကုန်ထုတ်လမ်းများဖောက်လုပ်

Tue, 12/09/2014 - 13:02 -- admin_ygn

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေးအတွက် ဧရာပုသိမ်ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဧက ၁၀၀ စနစ်ကျ စံပြလယ်ယာမြေတွင် ကုန်ထုတ်လမ်းများဖော်ထုတ်နေသော သာပေါင်းမြို့နယ်၊ ငါးပတ်ချောင်းကျေးရွာသို့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်သိန်း၊ စက်မှုလယ်ယာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအေးသန်း၊ ခရိုင်ဆည်မြောင်း ဦးစီးမှူး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဦးတို့သည် ဧရာပုသိမ်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်လှိုင်နဲ့ ဒါရိုက်တာများ ရုံးအဖွဲ့ဝင်များနဲ့အတူ နိုဝင်ဘာ ၂၉ ရက်က ငါးပတ်ချောင်းကျေးရွာလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ပါတယ်။
   ငါးပတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတောင်သူများအားတွေ့ဆုံကာ စနစ်ကျ စံပြလယ်ယာမြေများဖော်ထုတ်ခြင်းဖြင့် တောင်သူများရရှိ လာမယ့်  အကျိုးကျေးဇူးနဲ့ အခွင့်အရေးများအားရှင်းလင်းပြောကြားပြီး၊ မြန်မာ့စိုက်ပျိုးရေးတိုင်းဦးစီးမှူးက စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေတဲ့ တိုင်းကြီးဖြစ်တာနဲ့ အညီ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အရေးပါကြောင်း၊  စနစ်ကျစံပြလယ်ယာမြေများ ဖော်ထုတ်ခြင်းနဲ့အတူ စက်မှုလယ် ယာစနစ်သို့ ကူးပြောင်းနိုင်မှာဖြစ်ကြောင်း၊ နောင်တွင်စက်ဖြင့်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှ့ခြင်းဖြင့် အချိန်ကုန်သက်သာကုန်ကျစရိတ်သက်သာတဲ့အပြင် အလေအလွင့်နည်းပါးလာမှာဖြစ် ပြီး၊ အချိန်အခါမဲ့ မိုးများရွာသွန်းပါက စပါးများပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်ကုန်ထုတ်လမ်းမှတစ်ဆင့် စပါးများကို အချိန်မီသယ်ယူနိုင်မှာဖြစ်ကြောင်းဆွေနွေးပြောကြားပါတယ်။
   စက်မှုလယ်ယာတိုင်းဦးစီးမှူးက စနစ်ကျလယ်ယာမြေကွက်များမှာ ရေသွင်းရေထုတ်မြောင်းများ ထည့်သွင်းဆောက်လုပ်မှာဖြစ်ကြောင်း၊ စပါးစိုက်ပျိုးချိန်လိုအပ်တဲ့ရေပမာဏ ကို ထိန်းညှိပေးမှာဖြစ်ပြီး၊ မလိုအပ်တဲ့အချိန် ရေများနေရင် ရေကိုဖောက်ထုတ်ပေးနိုင်ပြီးလိုအပ်ရင် ရေကိုထည့်သွင်းပေးနိုင်မှာဖြစ်ကြောင်း၊ စံပြလယ်ယာမြေကွက်များမှာ ညီညာပြီး စနစ်တကျစိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းလည်းတိုးလာ မှာဖြစ်ကြောင်းရှင်းလင်းပြောကြားပါတယ်။   
  ဧရာပုသိမ်ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်လှိုင်ကလည်း တောင်သူများယခုရရှိလာတဲ့ အခွင့်အရေးများကို အသုံးချပြီး၊ မိမိတို့စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြင့် မိမိတို့လယ်ယာမြေများမှာလည်း တန်ဖိုးမြင့်မားလာမှာဖြစ်ကြောင်း၊ စနစ်ကျ လယ်ယာမြေများမှာ မျိုးကောင်း/မျိုးသန့်များ စိုက်ပျိုးနိုင်အောင် မိမိတို့ကုမ္ပဏီမှပံ့ပိုးပေးမှာဖြစ်ပြီး သိပ္ပံနည်းကျစိုက်ပျိုးနိုင်၍ တောင်သူများလည်း ဝင်ငွေတိုးပွားလာ မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။

မင်းမင်းဦး-ပုသိမ်

 

Local Trade News

Pages