အာဆီယံမှ ပထမအကြိမ်အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကျင်းပသွားမည်

Wed, 12/10/2014 - 13:52 -- admin_ygn

   အာဆီယံနိုင်ငံများသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ  ၉ ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ပထမအကြိမ်အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များတက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
   အာဆီယံနိုင်ငံများသည် အာဆီယံစီးပွားရေးအသိုက်အဝန်းတည်ထောင်မှုအတွက်ပြင်ဆင်ရာတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်အလွန်ကာလ အတွက် အသင့်ပြင်ဆင်လျက်ရှိသဖြင့် ဒေသတွင်းစားသုံးသူကာကွယ်ရေးအရေးကိစ္စများကိုလည်း ပိုမိုအလေးထားဆောင်ရွက်လာကြပါသည်။ ညီလာခံကို စားသုံးသူ ကာကွယ်ရေးဆိုင် ရာကျွမ်းကျင်ပညာရှင်များနှင့်  သက်ဆိုင်ရာပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များအကြား  ကွန်ရက်သဖွယ်ချိတ်ဆက်ဆောင်ရွက်သွားပြီး အကောင်းဆုံး အလေ့အထများနှင့် အတွေ့အကြုံများကိုဖလှယ်သွားနိုင်ရန်ကျင်းပရခြင်းဖြစ်ပါသည်။ ညီလာခံတွင် အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍လည်းဆွေးနွေးသွားမည်ဖြစ်ပြီး အနာဂတ်ကာလတွင်ဖြစ်ပေါ်လာမည့် ဒေသတွင်းစားသုံးသူကာကွယ်ရေးလုပ်ငန်းများ၏စိန်ခေါ်မှုများနှင့် ဆောင်ရွက် သွားမည့် လုပ်ငန်းများကို လည်း အမြင်ဖလှယ်သွားမည်ဖြစ်ပါသည်။
   ညီလာခံတွင် ငွေကြေးလုပ်ငန်းများ၊ စားသုံးသူထုတ်ကုန်လုံခြုံစိတ်ချရမှု၊ E-commerce နှင့် စားသုံးသူအရေးယူဆောင်ရွက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုစသည့် နယ်ပယ် များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။  ယခုဆယ်စုနှစ်ခေတ်တွင် စားသုံးသူကာကွယ်ရေးကဏ္ဍသည် ရွေ့လျား နေသော ငွေကြေးဈေးကွက်ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ
ပြောင်းလဲနေသောနည်းပညာတို့ကြောင့် စားသုံးသူများအတွက် စွန့်စားမှုများနှင့် ပိုမိုရင်ဆိုင်လာကြရပါသည်။ အလားတူ စားသုံးသူထုတ်ကုန်လုံခြုံစိတ်ချရမှုသည်လည်း အဓိက ကျသည့်အရေးကိစ္စဖြစ်ပြီး ထုတ်ကုန်စည်းမျဉ်းများနှင့် ဈေးကွက်အတွင်းမှ ထုတ်ကုန်ပြန်လည်သိမ်းဆည်းသည့် အရေးကိစ္စများသည်လည်း ပိုမိုအလေးထားစဉ်းစားရမည့် အကြောင်းအရာများဖြစ်လာကြပါသည်။ Online  စားသုံးသူ ဈေးကွက်သည်လည်း လျင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိပြီး စားသုံးသူများအတွက် အကျိုးစီးပွားများဖြစ်ထွန်းစေ သကဲ့သို့ စည်းမျဉ်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်မှာလည်း အရေးပါလှပါသည်။ ထိရောက်သော ဒေသဆိုင်ရာစားသုံးသူ အရေးယူဆောင်ရွက်မှုလုပ်ငန်းများကို လည်း ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်သွားရန်လိုအပ်ပါသည်။
   အဆိုပါညီလာခံသို့ စားသုံးသူအရေးကိစ္စဆောင်ရွက်သည့် အစိုးရအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍမှ စားသုံး သူကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေသူများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် စားသုံးသူကာကွယ်ရေးတွန်းအားပေးဆောင်ရွက်သည့်လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသည့် အခြားအဖွဲ့အစည်းများတက်ရောက်ကြမည်ဖြစ်ပါသည်။ ညီလာခံကို အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး အိမ်ရှင်နိုင်ငံ အဖြစ် ဗီယက်နမ်နိုင်ငံယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းမှလက်ခံကျင်းပသွားမည်ဖြစ်ပါသည်။ ညီလာခံအား အာဆီယံ-သြစတြေးလျဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အဆင့် (၂) မှ ၎င်း၏  စီမံကိန်းတစ်ခုဖြစ်သော  ''စားသုံးသူကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဆွေးနွေးမှုအထောက်အပံ့ပြုရေး'' စီမံကိန်းအောက်တွင်ကျင်းပပြု လုပ်ခြင်းဖြစ်ပါသည်။

မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ

 

Local Trade News

Pages