မြန်မာ-ဂျပန် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ် (၆၀)ပြည့်အထိမ်းအမှတ် Seminar on The Role of Educational Institution in Promoting HRD and Myanmar -Japan Cooperation ဆွေးနွေးဟောပြောပွဲကျင်းပ

Mon, 12/08/2014 - 13:36 -- admin_ygn

   မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ်(၆၀) ပြည့်အထိမ်းအမှတ်အဖြစ်  "Seminar on The Role of   Educational   Institution in Promoting HRD and Myanmar -Japan Cooperation" ဆွေးနွေးဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်က  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း၊  ရန်ကုန် တိုင်းဒေသကြီးရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။
   ဟောပြောပွဲသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး Mr.Yamamoto, Nishogakusha  Universityမှ  ဥက္ကဋ္ဌ Dr. Kazunori  Watanabe၊   စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်  ဒေါက်တာထွန်းအောင်၊  အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊   ဧည့်သည်တော်များ၊ Trade Training Institute မှ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ၊ ကုမ္ပဏီများမှ စိတ်ပါဝင်စားသူများအပါအဝင် ၂၀၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
   ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  ယခုအခါ  မြန်မာနိုင်ငံဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ ကြိုးပမ်းလျက်ရှိနေပါကြောင်း၊ မိမိတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရဝန်ထမ်းများနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကုန်သွယ်မှုဆိုင်ရာအသိပညာ၊ အတတ်ပညာများပိုမို သိရှိနားလည်ကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး    ကုန်သွယ်မှုသင်တန်းကျောင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကုန်သွယ်မှုဆိုင်ရာသင် တန်းများအား ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊  ဒါ့အပြင် ကုန်သွယ်မှုသင်တန်းကျောင်းအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်တိုးမြင့်စေ ရန်အတွက် JICA, JETRO, UNESCAP  အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ကုန်သွယ်မှုဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကိုကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည်လည်း မြန်မာ- ဂျပန်သံတမန်ဆက်သွယ်မှု နှစ်(၆၀) ပြည့်အထိမ်းအမှတ်အဖြစ်ပြုလုပ် သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာရေးအဖွဲ့အစည်းများရဲ့အရေးပါမှုကို ဦးတည်ဆွေးနွေးကြမှာဖြစ်လို့ အထူးအရေး ကြီးပါကြောင်း ပြောကြားပါတယ်။
   မြန်မာ-ဂျပန်သံတမန်ဆက်သွယ်မှုဟာ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်စတင်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှုသည် နှစ် ၆၀ တင်းတင်းပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ  အကြီးအကဲများအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးပွားစေရေး၊   နှစ်နိုင်ငံလူမှုရေး၊ ယဉ် ကျေးမှု၊ ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိတာကိုတွေ့နေရကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ်များစွာတည်မှီနေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊  လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူတိုင်းပညာရပ်များကို အမြဲမပြတ်ဆည်းပူးရန်လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အသွေးမြင့်မားသည့်ပညာတတ်များပေါများကာ နိုင်ငံ အဆင့်အတန်းလည်းမြင့်မားလာမှာဖြစ်ပါကြောင်း၊ ယနေ့  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဂျပန်နိုင်ငံက ဘက်စုံထောင့်စုံမှကူညီပေးလျက်ရှိတာကို ထင်ရှားစွာတွေ့ရှိရ မှာဖြစ်ပါကြောင်း၊ သမိုင်းကြောင်းအရရော  လက်ရှိအခြေအနေမှာပါ  မိမိတို့နိုင်ငံကို  ငွေကြေးအကူအညီ၊   နည်းပညာအကူအညီများကိုပေးနေတဲ့အတွက်လည်း ဂျပန်အစိုးရ နဲ့ ဂျပန်ပြည်သူများကို မိမိအပါအဝင် ပြည်သူများက ကျေးဇူးအထူးတင်ပါကြောင်း၊ ယခုဆိုလျှင် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကြောင့်   ဂျပန်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးမှုများ က မြန်မာပြည်သူတို့အတွက်အင်အားတစ်ရပ်ဖြစ်စေခဲ့ကြောင်း၊ ယနေ့ဂျပန်ပြည်သူတို့ရဲ့ရိုးသားကြိုးစား၍ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအား မြန်မာပြည်သူများကအားကျ၍ နမူနာ ယူ ကြိုးပမ်းလျက်ရှိနေပါကြောင်း ပြောကြားခဲ့ပါတယ်။
   ဒါ့အပြင် JICA အနေဖြင့်  မိမိ တို့ရဲ့ ကုန်သွယ်မှုသင်တန်းကျောင်းမှ ဖွင့်လှစ်သည့်   သင်တန်းများရဲ့  သင်ရိုး ညွှန်းတမ်းများ  ကောင်းမွန်စေရေး၊ သင်တန်းကျောင်းစီမံခန့်ခွဲ မှုကောင်းမွန်စေရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင်နည်းပညာအကူအညီပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများ၊  အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသည့် အကူအညီများပေးအပ်လျက်ရှိပါကြောင်း၊  TTI  အပြင် မိမိတို့ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှု လက် မှုလုပ်ငန်း ရှင်များအသင်းချုပ်နဲ့ JICA တို့ပူးပေါင်း၍ရုံးချုပ်တွင် မြန်မာ-ဂျပန် စင်တာကိုဖွင့်လှစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ဆိုင်သော  ဘာသာရပ်များကိုသင်ကြားပို့ချပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါတယ်။    
   မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ကျင်းပပြုလုပ်တဲ့  ဆွေးနွေးပွဲဟာ  မြန်မာ-ဂျပန်  နှစ်နိုင်ငံပြည်သူများအကြားပိုမိုနားလည်မှု ရှိစေပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မြဲစေမည်ဟုမျှော်လင့်ပါကြောင်းနဲ့ မြန်မာ-ဂျပန်ချစ်ကြည်ရေး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်သူများအနေဖြင့် အသိပညာခေတ်ကြီးတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါမှုနဲ့  အသိဉာဏ်ပညာ ပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်များ များပြားလာပါက  တိုင်းပြည်အဆင့်အတန်းလည်း တိုးတက်မြင့်မားနိုင်မှုတို့ နဲ့စပ်လျဉ်းသည့် ဗဟုသုတ များ ရရှိနိုင် မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဆွေးနွေးဟောပြောပွဲတွင် Nishogakusha  University ဥက္ကဋ္ဌ Dr.Kazunori   Watanabe က "Importance of Academic Study on Economic Development "  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ    ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က  "Current Situation  of  Formal Education in Myanmar " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်ဒေါက်တာမောင်အောင်က " The Role of Vocational  Training and HRD in Emerging Myanmar"  ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးဟောပြောခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)

Local Trade News

Pages