မြန်မာ့ ရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လာ

Wed, 01/14/2015 - 14:29 -- admin_ygn

   ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
   ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ကမ္ဘာ့ရွှေဈေးများအနည်းငယ်ပြန်လည်မြင့်တက်လာရခြင်းဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက်ကို  လေ့လာစောင့် ကြည့်နေသူများက သုံးသပ်ခဲ့ကြသည်။
  ကမ္ဘာ့ရွှေဈေး  အနည်းငယ်ပြန်လည်မြင့်တက်လာသည့်နည်းတူ ၎င်းဈေးကွက်နှင့်ဆက်စပ်နေသည့် မြန်မာ့ရွှေဈေးသည်လည်း  အနည်းငယ်ပြန်လည်မြင့်တက်လာ  ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
   ''မြန်မာ့ရွှေဈေးကွက်နဲ့ ကမ္ဘာ့ရွှေဈေးကွက်က ဆက်စပ်နေတာဆိုတော့ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးလည်းလိုက်ပြီးတက်လာမယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရွှေဈေး အဖွင့်က ကမ္ဘာ့ရွှေဈေးကိုကြည့်ပြီး ဖွင့်တာဖြစ်တဲ့အတွက်များသောအားဖြင့် ဟိုမှာဈေးတက်ရင် ဒီမှာလည်းဈေးလိုက်တက်မယ်။ ဟိုမှာဈေးကျရင် ဒီမှာလည်းဈေးလိုက်ကျမယ်။  အဲဒီလိုသဘောမျိုးနဲ့ ဒီမှာရွှေဈေးကွက်ကို  ဈေးဖွင့်တာပါ။ အခုကလည်း ကမ္ဘာမှာ ရေနံစိမ်းဈေး နှုန်းတွေက အရမ်းကို ထိုးကျသွားတယ်။ နောက်ပြီး ဂရိနိုင်ငံရဲ့ နိုင်ငံရေးမတည် ငြိမ်မှုတွေကလည်း ကမ္ဘာ့စီးပွားရေးကို အနည်းနဲ့အများတော့ ထိခိုက်တာပဲ။ ဒါပေမယ့် ဈေးကသိပ်ပြီးတော့တက်လာနိုင်မယ်မထင်ပါဘူး။  အလွန်ဆုံး အမေရိကန်ဒေါ်လာ ၁၂၅၀ လောက် အထိတော့ဖြစ်လာနိုင်တယ်'' ဟု ရွှေကုန်သည်တစ်ဦးကသုံးသပ်ပြခဲ့သည်။
   မြန်မာ့ရွှေဈေးကွက်တွင်မူ ဈေးအနည်းငယ်အတက်ပြလာသဖြင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးတက်လာနိုင်သည်ဟူသော မှန်းဆ ချက်များကြောင့် ရွှေဈေး အတက်ကို စောင့်မျှော်နေကြသူများ ရှိနေသဖြင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အနည်းငယ်ပြန်လှုပ်လာခဲ့ကြောင်းဖြင့် ရွှေကုန်သည်ဦးစံမြင့်ကဆိုသည်။
   မြန်မာ့ရွှေဈေးသည် ဇန်နဝါရီ ၅ ရက်က ကျပ် ၆၆၂၀၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျပ် ၆၆၆၀၀၀ သို့ မြင့်တက်လာခဲ့သည်။
   ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၅ ရက်က ၁၁၉၄ ဒေါ်လာရှိခဲ့ရာမှ ဇန်နဝါရီ ၉ ရက်တွင် ၁၂၁၂ ဒေါ်လာသို့  မြင့်တက်လာခဲ့သည်။

မယ်သီတာ

Local Trade News

Pages