ဖိလစ်ပိုင်နိုင်ငံတွင် ကွင်းန်မုန်တိုင်းကျရောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေ

Fri, 12/05/2014 - 12:20 -- admin_ygn

   ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ကွင်းန်အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နှစ်ဦးသေဆုံးကာ ကိုးဦးမှာပျောက်ဆုံးနေကြောင်း၊ ဒေသခံလူပေါင်း ၇၅၂၈ ဦး မှာ မုန် တိုင်းတိုက်ခတ်မှုဒဏ်ကို  ခံစားခဲ့ရကြောင်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်တားဆီးကာ ကွယ်ရေးစီမံခန့်ခွဲမှုကောင်စီမှ ပြောကြားခဲ့သည်။
  အဆိုပါမုန်တိုင်းသည် စီဘူးပြည်နယ်အလယ်ပိုင်းရှိ မာလာဘူရော့မြို့ကိုဦးတည်၍ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်ဒါနာအိုဒေသတွင်မူအပြင်းထန်ဆုံးဖြစ်ကြောင်း၊ မုန်တိုင်းသည်  နိုဝင်ဘာလ ၂၈ရက်နေ့အထိတိုက်ခတ်နေဆဲဖြစ်ကြောင်းသိရသည်။
   အဆိုပါဒေသမှ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း ၃၁ခု ဖွင့်လှစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းဖြင့် အစိုးရတာဝန်ရှိသူများ က ပြောကြားသည်။
   အဆိုပါမုန်တိုင်းသည်  တစ်နာရီလျှင် ကီလိုမီတာ ၁၂၀နှုန်းဖြင့် စတင်တိုက်ခတ်ခဲ့ပြီး ကုန်းတွင်းပိုင်းသို့ရောက်သောအခါ တစ်နာရီလျှင် ၅၅ ကီလိုမီတာအထိတိုက်ခတ်ခဲ့ သည်။
   မုန်တိုင်းဒဏ်ကိုခံစားခဲ့ရသည့် ပြည်သူများအား   ဖိလစ်ပိုင်အစိုးရမှ မိသားစုတစ်စုလျှင် ဖိလစ်ပိုင် ပီဆို ၁၆၆၉၀၂ (အမေရိကန်ဒေါ်လာ ၄၀၀၀) ထောက်ပံ့ပေးရန် စီစဉ်လျက် ရှိကြောင်း သတင်းများတွင်ဖော်ပြထားသည်။
   အဆိုပါမုန်တိုင်းသည် နိုဝင်ဘာလ ၂၈ရက် ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေဒေသများသို့ ဆက်လက်ဝင်ရောက်တိုက်ခတ်မည်ဖြစ်ကြောင်း ဗီယက်နမ်မိုးလေဝသဌာန က ထုတ်ပြန်ကြေညာခဲ့သည်။
   ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့  မုန်တိုင်း (၁၇) ကြိမ်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် လူပေါင်း ၃၇၄ ဦးသေဆုံးခဲ့ရကြောင်းဖြင့် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား သည်။
   ဖိလစ်ပိုင်နိုင်ငံသည်နှစ်စဉ် မုန်တိုင်းပေါင်း (၁၈)ကြိမ်မှ အကြိမ်(၂၀)အထိ ဝင်ရောက်တိုက်ခတ်လေ့ရှိသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages