ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပြီးလုပ်ဆောင်စရာရှိသည်များ စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်

Mon, 12/22/2014 - 13:01 -- admin_ygn

   နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တတိယအဆင့်အရှိန်မြှင့်တင်ဆောင်ရွက်ရာ၌  နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ရင်ပေါင်တန်း၍ မြှင့် တင်ဆောင်ရွက်နိုင်ရေးအတွက်  ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့နှင့် ပုဂ္ဂလိက ကဏ္ဍမှ သင်း အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို  ဒီဇင်ဘာ ၁၄ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
   တွေ့ဆုံဆွေးနွေးပွဲ၌  ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီနာယက ပြည်ထောင်စုဝန်ကြီး  ဦးတင်နိုင်သိန်းက  အမှာစကားပြောကြားရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းညှိနှိုင်းပြီး ဆက်လက်လုပ်ဆောင်စရာရှိသည်များကို စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ် ပြီး အောက်ခြေမှာ ဖြေရှင်းနိုင်သည့် ကိစ္စရပ်များအား ချက်ချင်းဖြေရှင်းပေးကာ မဖြေရှင်းနိုင်သည့်ကိစ္စများကို အထူးလုပ်ငန်းအဖွဲ့တွင် ဆွေးနွေးညှိနှိုင်းဖြေရှင်းဆောင်ရွက်သွား ကြရန်  လိုအပ်ကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ပြီးမှသာ ဖြေရှင်းနိုင်မည့်ကိစ္စရပ်များမှာ အချိန်ယူရမည်ဖြစ်သောကြောင့် လက်ငင်းဖြေ ရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များအား ဌာနဆိုင်ရာ စီမံခန့်ခွဲမှုဘောင်အတွင်းမှ  အမြန်ဆုံးဆောင်ရွက်ကြရန်မှာကြားပါသည်။
   ဆက်လက်၍ အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ် မှုမိတ်ဖက်နိုင်ငံများနှင့်  အပြန်အလှန်ကုန်သွယ်မှုပြုရာတွင် ကုန်သွယ်မှုတိုးချဲ့မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ရေး ဆွဲ ပြဋ္ဌာန်းလျက်ရှိကြောင်း၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် One Stop Service ကို ထိရောက်စွာဆောင်ရွက်ပေးရေး၊ ပြည်တွင်းပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရေးနှင့် အာဆီယံစီးပွားရေးဆိုင်ရာပြင်ဆင်မှုများကိုအရှိန်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မကြာမီ အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသားပို့ကုန်မဟာဗျူဟာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အထူးလုပ်ငန်း အဖွဲ့ အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အစည်းအဝေးတက် ရောက်သူများက မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများအားဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ညှိနှိုင်းရှင်းလင်းပေးခဲ့ကြောင်းသတင်းရရှိသည်။

Local Trade News

Pages