နိုင်ငံသားအမည်ခံကုမ္ပဏီများကို စိစစ်အရေးယူတော့မည်

Wed, 12/10/2014 - 14:10 -- admin_ygn

  နိုင်ငံသားအမည်ခံကုမ္ပဏီများကို  မကြာမီအချိန်ကာလအတွင်းတွင် အရေးယူတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ဒီဇင်ဘာ  ၂ရက်ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
   ''နိုင်ငံသားအမည်ခံ ကုမ္ပဏီတွေကို တရားဝင်အမည်ပြောင်းလဲဖို့ ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် အရေးမယူသေးတာက အဲဒီကုမ္ပဏီတွေမှာ ဝင်ရောက်လုပ် ကိုင်နေတဲ့ နိုင်ငံသားအလုပ်သမားတွေကို ငဲ့ညှာနေရလို့ပါ။ မကြာခင်ကာလအတွင်းမှာ အရေးယူပါတော့မယ်'' ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
  မြန်မာနိုင်ငံတွင် ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းက နိုင်ငံသားအမည်ခံနိုင်ငံခြားကုမ္ပဏီများ များပြားစွာရှိခဲ့သဖြင့် အစိုးရသစ်လက်ထက်တွင် အဆိုပါကိစ္စရပ် အား  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုထုတ်ပြန်ပေးကာ အမည်ပြောင်းလဲခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံသားအမည်ခံ နိုင်ငံခြားသားကုမ္ပဏီအချို့မှာ အမည်လွှဲပြောင်းခြင်းမပြုဘဲ ကျန်ရှိနေသေးကြောင်းသိရသည်။
   အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း အဆိုပါအမည်ခံကုမ္ပဏီများအား တရားဝင်ပြောင်းလဲရန်ခွင့်ပြုပေးခဲ့ရာ ကုမ္ပဏီ ပေါင်း ၃၀ ခန့် ပြန် လည်အမည်ပြောင်းလဲကာ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် အမည်ပြောင်းလဲလိုပါက ပြောင်းလဲနိုင်ရန် ဆက်လက်ခွင့်ပြုပေးလျက်ရှိသော်လည်း ယခုနောက်ပိုင်း ကာလများတွင် အဆိုပါအမည်ခံကုမ္ပဏီများသည် အမည်ပြောင်းလဲခြင်းမပြုဘဲလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်ကိုတွေ့ရှိရသဖြင့် တရားဥပဒေအရအရေးယူတော့ မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
   ''အခုလောလောဆယ်မှာ မသင်္ကာတဲ့ကုမ္ပဏီတွေကို လိုက်ပြီးစစ်နေပါတယ်။ ပြောင်းလဲဖို့အတွက်လည်းခေါ်နေပါတယ်။ ဒါပေမယ့်ရှေ့လျှောက်တော့မလွယ်တော့ဘူးပေါ့''ဟု ၎င်းက ပြောကြားခဲ့သည်။
   မြန်မာနိုင်ငံတွင် နိုင်ငံသားအမည်ခံ ကုမ္ပဏီအများစုမှာ အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်ငန်းများဖြစ်နေပြီးအရေးယူလျှင် အဆိုပါစက်ရုံများရှိ အလုပ်သမားများအား ထိခိုက် လာနိုင်သဖြင့် တရားဝင်ပြောင်းလဲရန်ဖိတ်ခေါ်နေရခြင်းဖြစ်ကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages