တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေး

Mon, 01/19/2015 - 12:38 -- admin_ygn

   ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် မြင့်တက်ခဲ့ကြောင်းသိရသည်။  ပြီးခဲ့သည့်ရက်သတ္တပတ်က တည်းက တဖြည်းဖြည်း ချင်းမြင့်တက်လျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးဖြစ်သည့် ကျပ် ၆၈၅၅၀၀ သို့ရောက်ရှိခဲ့သည်။ဈေးကွက်အတွင်း ဝယ်လိုအားမြင့်မားလာခြင်းနှင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းတု့ိကြောင့် မြန်မာ့ရွှေဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
   ''ဒီတစ်ပတ်ထဲမှာ ရွှေဈေးက ပြန် ပြီးတက်လာတယ်။  အစပိုင်းတုန်းကတော့  တက်မလိုလို ကျမလိုလိုဖြစ်နေတာ။ ဒါပေမယ့်  ဒီနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့  ရွှေဈေးက တစ်ရက်ထဲမှာပဲ ကျပ် ၆၀၀၀ လောက်တက်လာတယ်။ မနေ့ကဆို ဈေးကွက်ထဲမှာ ရွှေဝယ်တဲ့သူတော်တော်များတယ်။ ဈေးကွက်လိုအပ်ချက်အရ ဝယ်တာလည်းဖြစ်နိုင်သ လို ရွှေဈေးတက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့သူတွေများတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်ပစ္စည်းမဆို အဝယ်လိုက်လာရင် ဈေးတက်သွားနိုင်တာပဲလေ''ဟု  ရွှေကုန်သည် တစ်ဦးက ဆိုသည်။
  ထို့ပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာ မှုကြောင့်လည်း မြန်မာ့ရွှေဈေးတက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ဆွစ်ဇာလန်ဘဏ်တွင်အတိုးနှုန်းများကို လျှော့ချလိုက်သည့်အတွက် ကမ္ဘာ့ရွှေဈေးများတက်လာရခြင်းဖြစ်သည်ဟု ကမ္ဘာ့ရွှေဈေးကို လေ့လာနေသူတစ်ဦးကဆိုသည်။
   မြန်မာ့ရွှေဈေးသည် ဇန်နဝါရီလ ၁၂ရက်နေ့က ကျပ် ၆၇၂၀၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၁၅ရက်အထိ ကျပ် ၆၇၁၀၀၀ ဝန်းကျင်တွင်သာ ရှိနေခဲ့သည်။ သို့ သော် ဇန်နဝါရီ ၁၆ ရက်တွင် ကျပ် ၆၇၇၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၇ ရက် တွင် ကျပ် ၆၈၅၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။
   ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီလ ၁၂ ရက်က ၁၂၂၉ ဒေါ်လာရှိခဲ့ပြီး ဇန်နဝါရီ ၁၅ရက်အထိ၁၂၃၀ ဒေါ်လာ ဝန်းကျင်တွင်သာလှုပ်ရှားနေခဲ့သည်။ သို့သော် ဇန်နဝါရီ ၁၆ရက်တွင် ၁၂၆၁ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။
   ထို့ပြင် ဇန်နဝါရီ ၁၇ ရက်တွင် ၁၂၈၀ ဒေါ်လာသို့ဆက်လက်မြင့်တက်နေပြီး ထပ်မံမြင့်တက်နိုင်ကြောင်း ရွှေဈေးကွက်အတွင်းမှသိရသည်။

မယ်သီတာ

 

Local Trade News

Pages