စားသုံးသူတွေ ဒါတွေကိုလည်းသိဖို့လိုအပ်

Wed, 12/17/2014 - 11:39 -- admin_ygn

   ဈေးကွက်ထဲမှာ နေ့စဉ်အစားအသောက်မျိုးစုံ၊ မုန့်မျိုးစုံကို လူတိုင်း လူတိုင်း ဝယ်ယူစားသောက်နေကြရပါတယ်။ အဲဒီလိုဝယ်ယူစား သောက်ကြတဲ့အခါမှာ မိမိတို့ဝယ်ယူခဲ့တဲ့ ပစ္စည်း ဒါမှမဟုတ် အစားအသောက်တွေဟာသန့်ရှင်းရဲ့လား၊ လတ်ဆတ်ရဲ့လားဆိုတာကို လူတိုင်းသတိပြု ကြရမှာဖြစ်ပါတယ်။
  အဲဒီအချက်ကို သတိမပြုမိရင်တော့ ၁၀၀ ကျပ်တန် ၂၀၀ ကျပ်တန် မုန့်ကလေးတစ်ခုကနေ လူတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့ အဆင့်ကိုရောက်ရှိသွားနိုင်ပါ တယ်။ ဒါကြောင့် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေအနက် တစ်နေ့က စာရေးသူဝယ်ယူခဲ့တဲ့ ဆင်း ဒဝစ်ချ်မုန့်ရဲ့သန့်ရှင်းလတ်ဆတ်မှုမရှိတဲ့အကြောင်းလေးကို တင်ပြလိုက်ရပါတယ်။
   စာရေးသူဟာ တစ်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ့ ရပ်ကွက်တစ်ခု အတွင်းမှာရှိတဲ့ မုန့်မျိုးစုံနှင့် စတိုးဆိုင် တစ်ဆိုင်မှာ အိမ်အတွက်လိုအပ်တာလေးတွေသွားဝယ်ရင်း အဲ့ဒီ ဆိုင်မှာ ရောင်းချလျက်ရှိတဲ့ မုန့်တွေအနက် xxxxx အမှတ်တံဆိပ်ပါ ဆင်းဒဝစ်ချ်မုန့် (Sandwitch) ဟာ စားသုံး ရန် သက်တမ်းကုန်ဆုံးရက် ဒီဇင်ဘာလ ၉ ရက် ကပ်ထားပေမဲ့ စာရေးသူ ဝယ်ယူခဲ့တဲ့ ၅ ရက်နေ့မှာပဲ မှိုအနည်းငယ်တက်နေတာကိုတွေရှိခဲ့လို့ နမူနာတစ်ခုဝယ်ယူခဲ့ပါတယ်။
   အဲ့ဒီမုန့်ကို ထုပ်ပိုးထားတဲ့ ပလပ် စတစ် ပေါ်မှာ  xxxxx  တံဆိပ်နဲ့ တယ်လီဖုန်းနံပါတ်သာပါဝင်ပြီး စားသုံးသူကို စိတ်ကျေနပ်စေမယ့် အခြားအာမခံချက်များ ပါဝင်မှုမရှိတာ ကိုတွေ့ရှိရပါတယ်။ ဒီလိုမုန့်မျိုးတွေကို  စားသုံးသူပြည်သူတွေ ဝယ်ယူစားသုံးမိပါက ကျန်းမာရေးနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ ရောဂါဝေဒနာများခံစားရပြီး အသက် အန္တရာယ်ကို ပင် ထိခိုက်ဆုံးရှုံးစေမှာဖြစ်ပါ တယ်။
   ဒါကြောင့် ထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ နိုင်ငံတော်မှပြဋ္ဌာန်းထားတဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စားသုံးသူတို့ ရဲ့ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်တဲ့ အရည်အသွေးမြင့်မားတဲ့ ကုန်စည်နဲ့ဖော်ဆောင်ပေးဖို့ အထူး လိုအပ်လှပါတယ်။
  ဒါပြင် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ နောက်ဆုံးသုံးစွဲရမယ့်ရက်မရောက်ရှိသေးဘဲ စားသုံးရန်မသင့်တဲ့အခြေအနေကိုရောက်ရှိသွားမယ့် ကုန်စည်တွေကို ထုတ်လုပ်ရောင်း ချခြင်းမပြုလုပ်ဖို့နဲ့ ကုန်ပစ္စည်းတွေမှာ အမှတ်တံဆိပ်အပြင် ဝယ်ယူစားသုံးသူ ပြည်သူများအား အာမခံချက်ပေးနိုင်မယ့် သတင်းအချက်အလက်များကို ပြည့်စုံစွာထည့် သွင်းဖော်ပြပေးဖို့ လိုအပ်ပါကြောင်းအသိပေးလိုက်ရပါတယ်။

ခင်နေခြည်သစ်

 

Local Trade News

Pages