ကားဈေးကွက်အရောင်းအဝယ်ပါးနေပြီး စလစ်ကောက်သူများရှိနေ

Wed, 12/17/2014 - 11:08 -- admin_ygn

   ရန်ကုန်ကားဈေးကွက်၏ ဒီဇင်ဘာလ ဒုတိယပတ် အခြေအနေမှာလည်း ယခင်ရက်သတ္တပတ်များနည်းတူပင် အရောင်းအဝယ်အေးလျက်ရှိနေပြီး ယခင်ကရောင်းအားရှိခဲ့ သည့် ၁၃၅၀ စီစီအောက်ယာဉ်ငယ်များပါ အဝယ်နည်းလာကြောင်းသိရသည်။
   မြို့တွင်းကားပွဲစားတန်းများတွင် လူဝင်/လူထွက်ရှိသော်လည်း အရောင်းအဝယ်မှာ ပါးလျားနေပြီးဝင်လာသည့် လူများမှာလည်း ဈေးတန်းစုံစမ်းသည့် အဆင့်သာရှိကြောင်း သိရသည်။ တစ်ဦးချင်းလွတ်လပ်စွာတင်သွင်းခွင့်ရသည့် ဖရီးပါမစ်ကားလေးများထဲတွင် လူသုံးများကားများဖြစ်သည့် ဗင်အုပ်စုနှင့် တန်ဖိုးနည်းပစ်ကပ်ကားလေးများ အနည်း ငယ် အဝယ်ရှိပြီးအက္ခရာ ၂ တန်း၊ ၃ တန်းနိမ့်ကားဟောင်းဈေးကွက်မှာမူ အရောင်းအဝယ်ရှိနေကြောင်းသိရသည်။
   နှစ်ကုန်ခါနီးပြီဖြစ်သော်လည်း ပြည်ပတင်သွင်းယာဉ်များအတွက် ဆိပ်ကမ်းအရောက် ဈေးနှုန်းသတ်မှတ်ချက်ပေါ်ထွက်မလာသေး၍ ဈေးကွက်အေးနေရခြင်းဖြစ်ကြောင်း ဝါရင့်အကျိုးဆောင်များမှပြောကြသော်လည်း ယာဉ်ဟောင်း အပ်နှံမှုအခွန်သက်သာခွင့်ရရှိမည့်  နောက်ဆုံးလမှာ  စလစ်ဈေးတန်းများအတက်/အကျ တစ်သိန်းကျပ်သာရှိသဖြင့် ၎င်းတို့မျှော်မှန်းသလို စလစ်ဈေးတန်းမြင့်တက်လာခြင်းမရှိဘဲ ဈေးတန်းနေကြောင်း၊ နှစ်ကုန်ခါနီးသဖြင့် စလစ်ကောက်ထားသူများသဖြင့် စလစ်အဝယ်တော့ရှိကြောင်း၊ အခွန် ခံစားခွင့်ကုန်ဆုံးမည့်လာမည့် နှစ်ဆန်းပိုင်းတွင် ယခုအခြေအနေထက်ပြန်လည်ကောင်းမွန်လာမည်ဟုယူဆကြောင်း  ၎င်းတို့မှပြောသည်။
   ယခုလအတောအတွင်းကားစီးရေများစွာတင်သွင်း သုံးစွဲနေသော  ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿ  ာနာနှင့်ပတ်သက်၍ဖြေရှင်းပုံနည်းလမ်းများအား ဘက်ပေါင်းစုံရှာဖွေရာတွင် လမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိလာသလို တစ်ချက်အပါအဝင်ဖြစ်သည့် ယာဉ်တင်သွင်းမှုထိန်းချုပ်ရန်မှာ  အထူးသဖြင့် တစ်ဦး ချင်းတင်သွင်းမှုပိတ်ပင်ကန့်သတ်ရန်မှာမဖြစ်နိုင်ဘဲ တင်သွင်းခွင့်စည်းကမ်းများကိုသာပိုမိုတိုးချဲ့ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှထုတ်ပြန်လာသဖြင့် ကားတင် သွင်းမှုများ မလျော့နိုင်သလို ဝယ်လိုအားလည်း ဆက်လက်ရှိနေမည်ဖြစ်သဖြင့် ဈေးမြင့်တက်မလာနိုင်ပဲပုံမှန်ဈေးတန်းများဖြင့်သာ ဈေးကွက်တွင်းရှိနိုင်မည်ဖြစ်ကြောင်း၊ နယ် ကားဈေးကွက်လည်း ရန်ကုန် မှ စတင်အခြေပြုသဖြင့် ထိုနည်းအတိုင်းသာဖြစ်နိုင်ကြောင်း ဝါရင့်ဝယ်ရောင်းများမှသုံးသပ်ကြသည်။
   လတ်တလော ကားဈေးကွက်အတွင်း သုံးစွဲပြီးတက္ကစီ ယာဉ်များအား အက္ခရာ တစ်တန်းနိမ့်နှစ်တန်းနိမ့်များ  ဈေးအနိမ့်မြင့်ရောင်းချဝယ်ယူမှုများရှိနေပြီးတင်သွင်း ပြီးနံပါတ် မထွက်သေးသည့်  ရန်ကုန်ကိုယ်ပိုင်တက္ကစီများအနည်းငယ် အဝယ်ရှိနေကြောင်း၊ နယ်တက္ကစီများမှမူ ကန့်သတ်ချက်များ ထွက်ပေါ်လာသဖြင့် အဝယ်နည်းသွားကြောင်းသိရ သည်။

SN

 

Local Trade News

Pages