တိကျစွာတိုင်းတာမှုအက်ဥပဒေပါရာဇဝတ်ကြောင်းအရအရေးယူရန်ပြဋ္ဌာန်းချက်များအားအိန္ဒိယအစိုးရဖြေလျှော့မည်

Fri, 05/27/2022 - 06:45 -- admin_ygn

အိန္ဒိယနိုင်ငံ၌မလိုလားအပ်သောစွက်ဖက်အရေးယူမှုများကို ဖယ်ရှားခြင်းဖြင့်စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများလွယ်ကူမှုရှိစေရန်အတွက်၂၀ဝ၉ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော တိကျစွာတိုင်းတာမှုအက်ဥပဒေပါရာဇဝတ်ကြောင်းအရအရေးယူရန် ပြဋ္ဌာန်းချက်များအားဖြေလျှော့နိုင်ရေးအမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အိန္ဒိယစားသုံးသူရေးရာ ဦးစီးဌာနက မေ ၉ ရက်တွင် ကျင်းပရာ တိကျစွာ တိုင်းတာမှုလုပ်ငန်းနယ်ပယ်မှ  တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါဆွေးနွေးပွဲ၌   ရာဇဝတ်ကြောင်းအရ အရေးယူရမည့် ဥပဒေပြဋ္ဌာန်းချက်များအားဖြေလျှော့မှုပြုရာ၌ သဘောတရားထက်လက်တွေ့ကျစွာချဉ်းကပ်လုပ်ဆောင်ရန်လိုကြောင်း၊ စားသုံးသူများ၏အကျိုးစီးပွားနှင့် စီးပွားရေးလုပ်ငန်းများအတွက်လွန်ကဲသည့် အခက်အခဲများမဖြစ်ပေါ်စေရေး   ဥပဒေပြဋ္ဌာန်းချက်များအား ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်မှုတို့အကြား ညီညွတ်မျှတမှုရှိမည့် အစပြုလုပ်ဆောင်မှုများကိုကူညီပံ့ပိုးပေးရန်ပြည်နယ်များသို့ တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့်စီးပွားရေးလုပ်ငန်းငယ်များအတွက်အလေးပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့်မတရားမှုနှင့်တွေ့ကြုံရခြင်းမရှိစေရန်မှာ အစိုးရဌာနများ ၏တာဝန်ဖြစ်သကဲ့သို့တစ်ချိန်တည်းမှာပင်လုပ်ငန်းရှင်များ၏စီးပွားရေးလုပ်ငန်းများအေးချမ်းစွာလုပ်ကိုင်နိုင်စေရန်အတွက်တာဝန်ရှိသည်ကိုလည်းနားလည်ထားရမည်ဖြစ်ကြောင်း၊အဓိကအားဖြင့်မရိုးဖြောင့်သောသဘောဖြင့်လုပ်ကိုင်မှုနှင့်ရိုးသားဖြောင့်မတ်စွာလုပ်ဆောင်မှုတို့ကို ခွဲခြားနိုင်ရေး ဦးတည် ချက်ထားရှိရန်ဖြစ်ကြောင်း၊ဥပမာအားဖြင့်အလေးချိန်နှင့်အချင်အတွယ်တိုင်းတာသည့်ကိရိယာများ စံကိုက်ညှိခြင်း(calibration)ကိုမမှန်မကန်ပြုလုပ်ထားပါက တင်းကြပ်စွာအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း  စသည်ဖြင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့်ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးMr.Piyush Goyalကအမှာစကားပြောကြား ခဲ့သည်။ဝန်ကြီး Mr. Piyush Goyal ၏ ပြောဆိုမှုအရတိကျစွာတိုင်းတာမှု ဥပဒေပါ ပြဋ္ဌာန်းချက်အချို့အပေါ်  ပထမအကြိမ်ဖောက်ဖျက်ကျူးလွန်မှုများ၏ ၉၇ ရာခိုင်နှုန်း ခန့်ကိုပြည်နယ်အစိုးရများကစာရင်းရေးသွင်းဖော်ပြမှုရှိသော်လည်းတူညီသည့်ဥပဒေပုဒ်မအားဒုတိယအကြိမ်ကျူးလွန်မှုကိုဖော်ပြအရေးယူဆောင်ရွက်မှုမှာနည်းပါးကြောင်းသိရှိရသည်။သို့ဖြစ်ရာထိုကဲ့သို့ဒုတိယအကြိမ်ပြစ်မှုကျူးလွန်ခြင်းများမရှိကြောင်းအစီရင်ခံတင်ပြမှုများနှင့်ပတ်သက်၍ ပြည်နယ် များ၌ မည်သို့ဆောင်ရွက်ထားသည်မှာမေးခွန်းထုတ်စရာဖြစ် ကြောင်းနှင့် ပြည်နယ်အစိုးရများအနေဖြင့်ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဋ္ဌာန်းချက်များအားဖြေလျှော့ခြင်းအား ဆန့်ကျင် ကန့်ကွက်သည့် သဘောရှိသည်ကို ကိန်းဂဏန်း အချက်အလက်များက ဖော်ပြလျက်ရှိကြောင်းဖြင့် ၎င်းက ပြောကြားသည်။အိန္ဒိယအစိုးရသည်စီးပွားရေးလုပ်ငန်းများအပေါ်ဝန်ထုပ် ဝန်ပိုးလျှော့ချရေး၊ရင်းနှီးမြှုပ်နှံသူများအကြားယုံကြည်မှုကိုလှုံ့ဆော်နိုင်ရေး၊ စီးပွားရေးတိုးတက်မှုနှင့်စားသုံးသူများ၏အကျိုးစီးပွားအကာအကွယ်ပေးရေးတို့ကိုရှေးရှုလျက် ၂၀ဝ၉ခုနှစ်တိကျစွာတိုင်းတာမှု အက်ဥပဒေပါ  ရာဇဝတ် ကြောင်းအရ အရေးယူရန် ပြဋ္ဌာန်းချက်များအား ဖြေလျှော့ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
နေအေးလွင်(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။

 

International Trade News

Pages