ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုတိုးတက်စေရန် အကောက်ခွန်ဆော့ဖ်ဝဲလ် ASYCUDA အား အဆင့်မြှင့်တင်

Thu, 05/09/2024 - 03:49 -- wtodep

ကုလသမဂ္ဂ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (UNCTAD)မှ နည်းပညာ အကူအညီအဖြစ် ထောက်ပံ့ ထားသည့် ASYCUDAWorld ဆော့ဖ်ဝဲလ်သည် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အကောက်ခွန်ဆိုင်ရာစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာစေရန် နောက်ဆုံးပေါ် စွမ်းဆောင်ရည်များဖြင့် ကူညီပေးမည်ဖြစ်ပါသည်။

အဆင့်မြှင့်ထားသည့် ASYCUDAWorld (4.4) သည် စွန့်စားမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အကောက်ခွန် အချက်အလက်များ စုစည်း ကောက်ခံမှုနှင့် ပြင်ပစနစ်များနှင့် ကိုက်ညီစေမှုတို့တွင် စာရွက်အသုံးချမှု အနည်းဆုံးဖြင့် ကူညီသွားမည်ဖြစ်ပါသည်။

UNCTAD နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး Shamika N. Sirimanne က နောက်ဆုံးထွက်ရှိထားသည့် ASYCUDAWorld (4.4) သည် သတင်းအချက်အလက်နည်းပညာ၏ စွမ်းဆောင်ရည်များဖြင့် နိုင်ငံတကာ ကုန်သွယ်မှုကို ပိုမိုယုံကြည်စေကာ လုံခြုံစေမည်ဖြစ်ကြောင်း၊ ဆော့ဖ်ဝဲလ် အသုံးပြုသည့်နိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံတကာစံနှုန်းများ၊ အကောင်းဆုံးနည်းလမ်းများကိုလိုက်နာပြီး အဆင့်မြှင့် တင်ထားကြောင်း ပြောကြားခဲ့သည်။

အချက်အလက်များကို အခြေခံ၍ စွန့်စားရမှုအပေါ် စီမံခန့်ခွဲမှု

ASYCUDA ပရိုဂရမ်ကြောင့် အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်စဉ်  လိမ်လည်သော ကုန်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ ဖော်ထုတ်နိုင်ပြီး ASYCUDAWorld 4.4 ၏ “မြန်မြန်ဆန်ဆန်ရွေးချယ်ခြင်းစနစ်” (“dynamic selectivity feature”) သည် အကောက်ခွန်ကြေညာလွှာမှ အသေးစိတ်အချက်အလက်များကို စုစည်း၍ လိမ်လည်မှုဖြစ်လာနိုင်ခြေများကိုလည်း တွက်ချက်ပေး နိုင်ပါသည်။ အဆိုပါစနစ်သည် သံသယရှိဖွယ် လုပ်ငန်းများနှင့် ၎င်းတို့၏ ကြေငြာလွှာများကို အလိုအလျောက် ရှာဖွေပြီး ပိုမိုထိရောက်သော လိမ်လည်မှုရှာဖွေခြင်းနှင့် ပစ်မှတ်အပေါ် အကောက်ခွန်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေး ပါသည်။

ထို့ပြင် ကုန်သည်လုပ်ငန်းရှင်များ၏ သံသယရှိဖွယ်အချက်အလက်များကို အလိုအလျောက်ရှာဖွေပေးပြီး တရားဝင်ခွင့်ပြုထားသော စီးပွားရေးလုပ်ငန်းရှင်များ  (Authorised Economic Operators) အတွက် ပိုမိုလျင်မြန်စွာ ကုန်စည်ရှင်းလင်းခြင်းကို ဆောင်ရွက်ပေးပါသည်။

အချက်အလက်များစုဆောင်းရာ၌ တိုးတက်မှုများ

အဆင့်မြှင့်တင်ထားသော ASYCUDA ဆော့ဖ်ဝဲလ်သည် အစိုးရမှ အကောက်ခွန်အချက်အလက်များကို အသုံးပြု၍ မူဝါဒများ ချမှတ်နိုင်ရန် အကောက်ခွန်ထိန်းချုပ်မှုရလဒ်များ အစီရင်ခံရာတွင်လည်း လွယ်ကူ စေပါသည်။ ထို့အပြင် ဂရပ်ဖစ်အင်တာဖေ့စ်တစ်ခုက အသုံးပြုသူများအတွက် အချက်အလက်များ စုစည်းရန်နှင့် ကုန်သွယ်မှုစာရင်းအင်းများ ထုတ်လုပ်ရန် ပိုမိုလွယ်ကူစေပါသည်။

ASYCUDAWorld ကို နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအသင်း၏ စံချိန်စံညွှန်းများနှင့်အညီ အဆင့် မြှင့်တင်ထားသောကြောင့် အဆိုပါအသင်းမှ အချက်အလက်များကို ASYCUDAWorld စနစ်သို့ သီးသန့်ပုံစံနှစ်မျိုးဖြင့် ပေးပို့နိုင်ပြီဖြစ်သည်။ ထို့ကြောင့် လေကြောင်းလိုင်းများနှင့် အခြားထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများက အစိုးရသို့တင်ပြရမည့် အချက်အလက်များအား နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ တိကျလွယ်ကူစွာတင်ပြနိုင်ခြင်း၊ တတိယကြားခံအဖွဲ့အစည်းများကသင်္ဘောကုန်တင်လွှာ(bill of lading) ကို ထောက်ခံပေးရမည့် စာရွက်စာတမ်းများအား အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့နိုင်သဖြင့် စာရွက်စာတမ်းမဲ့ ကုန်သွယ်မှု (paperless trade) ကိုအထောက်အကူပြုနိုင်ခြင်း၊ သိသာသော နည်းပညာအထောက်အပံ့မလိုပဲ သုံးစွဲသူစိတ်တိုင်းကျ စနစ်ကိုပြင်ဆင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ကမ္ဘာ့ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး နှစ်ပေါင်း ၄၀ ကျော် ကူညီဆောင်ရွက်ပေးခဲ့ခြင်း

ASYCUDA သည် ဆင်းရဲသောနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်၌ ဒီဂျစ်တယ်စနစ်နှင့် ပိုမိုလျှင်မြန်သော အကောက်ခွန်ရှင်းလင်းခြင်း လုပ်ငန်းများဖြစ်စေရန် နှစ်ပေါင်း ၄၀ ကျော် ဆောင်ရွက်ပေး ခဲ့ပါသည်။ ASYCUDA ဆော့ဖ်ဝဲလ်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံပေါင်း ၃၈ နိုင်ငံ၊ ကုန်းတွင်းပိတ်နိုင်ငံပေါင်း ၂၃ နိုင်ငံနှင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံ ၄၁ နိုင်ငံတွင် အသုံးပြုလျက်ရှိပါသည်။ အဆိုပါနိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလုပ်ငန်းများ၏ ၁၀၀ % ကို ASYCUDA ဆော့ဖ်ဝဲလ်ဖြင့် ဆောင်ရွက်နေကြပါသည်။

မေလ ၂၁ နှင့် ၂၄ ရက်နေ့များတွင် ကျင်းပမည့် ပထမအကြိမ် ကမ္ဘာ့ရောင်းလိုအား ကွင်းဆက်ဖိုရမ်တွင် ASYCUDAWorld 4.4 ဆော့ဖ်ဝဲလ် အသုံးပြုမှုကြောင့် ထိရောက်သော ရလဒ်များ၊ ကောင်းမွန်သော အလေ့ အထများကို ဆွေးနွေးမည်ဖြစ်ပါသည်။

လက်ရှိတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက UNCTAD အကူအညီဖြင့် ASYCUDAWorld 4.4 သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး အခြားနိုင်ငံများကလည်း ၂၀၂၄ ခုနှစ်နှင့် နောက်ပိုင်းတွင် လိုက်ပါလာကြမည်ဟု မျှော်လင့်ရပါသည်။

Source : UNCTAD

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages