လူကြိုက်များသော ချင်းပြည်နယ်၏ ရိုးရာအစားအစာ ဆာဘူးသီး

Tue, 08/30/2022 - 11:43 -- admin_ygn

ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီးသည် ယခုအခါချင်းတိုင်းရင်းသားများ သာမက  အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများလာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊  ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊  ဟားခါး စကားဖြင့် ဆာဘူးသီးဟုအမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို ပိုမို စိုက်ပျိုးကြပြီး ပြောင်းဖူးနှင့်ဆက်နွှယ်သော အစားအစာများပေါ်ပေါက်ခဲ့လာခဲ့ခြင်းဖြစ် သည်။ဆာဘူးသီး ချက်ပြုတ်ရန်အတွက် ပြောင်းဖူးဆန်ခြောက်များကို သစ်သားဆုံကြီးများဖြင့်  ထောင်းကာ အခွံချွတ်ရပြီး ရရှိသည့် ပြောင်းဖူးကြမ်း အဆန်များကို အသား၊ ရေတို့ဖြင့် ရော ပြုတ်ကာ ဟင်းခတ်မှုန့် မပါသော်လည်း ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏အချိုတို့ ဖြင့် သဘာဝအစားအစာတစ်မျိုးဖြစ်သည်။ယင်းဆာဘူးသီး စားသုံးရာတွင်  ငရုတ်သီးထောင်းမှာ မပါမဖြစ်တွဲဖက်လျက် စားသောက်ကြပြီး အသား ခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ရှိကြသည်။ ဆာဘူးသီး ပွဲကြီးတစ်ပွဲလျှင် ကျပ် ၈၀ဝ  နှင့် ပုံမှန်ပွဲ တစ်ပွဲလျှင် ကျပ် ၅၀ဝ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိသည်။ယခုအခါတွင် ဆာဘူးသီးကို မိမိ စိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာ အဖြစ်  ရောစပ်စားကြပြီး  ချင်းရိုးရာ အစားအစာအဖြစ် စားသုံးမှုပိုများကာ ချင်းပြည်နယ် တစ်ခုတည်းသာမက မြေပြန့် ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများ ကြောင်းသိရသည်။ ဒေသအစားအစာ တစ်မျိုးဖြစ်၍ ချင်းပြည်နယ်တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရောင်းအား ကောင်းပြီး  ဝင်ငွေရရှိနေသောကြောင့် ဆာဘူးသီး ချက်ပြုတ်ရောင်းချသူများ  အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သိမ့်သိမ့် (ကလေး)

Border Trade News

Pages