စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား

Sat, 09/02/2023 - 16:40 -- mocadmin

နေပြည်တော်၊ စက်တင်ဘာ ၂      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များက  ဌာနအလိုက် ဖွဲ့စည်းမှု၊ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြသည်။  

          ဆက်လက်၍ အွန်လိုင်းမှ ရောင်းချသူများ (Online Sales) မှတ်ပုံတင်လုပ်ငန်းများ လက်ခံ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ခံအရာထမ်းမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင်ဖွင့်လှစ်ခဲ့ သည့် အဆင့်မြင့်အရာရှိသင်တန်းအမှတ်စဉ် (၁၃)နှင့် အမှတ်စဉ် (၁၄) တို့တွင် ပထမဆုရရှိခဲ့ ကြသည့် ညွှန်ကြားရေးမှူး (၂) ဦးနှင့် အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ် (၁၁) တွင် စံပြဆု ရရှိခဲ့သော ဦးစီးအရာရှိ (၁) ဦးတို့အား ပြည်ထောင်စုဝန်ကြီးမှ ဆုများချီးမြှင့်ခဲ့ပါသည်။

          ထို့နောက်ဌာနများ၏ တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုချင်းအလိုက် စိစစ်ဆောင်ရွက်ရမည့်အချက်များ၊ ကုန်ဈေးနှုန်းများ အထူးသဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီဈေးနှုန်းများကျဆင်းရေးနှင့် နိုင်ငံတော်မှချမှတ်ထားသည့်စီးပွားရေးဦးတည်ချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအားလုံး  အလေးအနက်ထား ဆောင်ရွက်သွားကြရန်ကိစ္စ များကို မှာကြားခဲ့သည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဌာနများအနေဖြင့် အခြေခံ ကျကျသုံးသပ်ပြီး  စီမံကိန်းလျာထားချက်များ ပြည့်မီအောင်၊ ယင်းမှတစ်ဆင့် ကျော်လွန်အောင် ကြိုးစားဆောင်ရွက်သွားရန်၊ မိမိတာဝန်ကျရာ နယ်မြဒေသ၊ ခရိုင်၊ တိုင်းအလိုက် ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်လာ စေရေးတို့အတွက် ကူညီပံ့ပိုးပေးသွားရန်၊ Digitalized Ministry ဖြစ်လာစေရေးအတွက် ဝန်ထမ်း များအားလုံးမှ စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဒုတိယနေ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages