ကော်ဖီ၊ ဆန်နှင့် သစ်သီးဝလံများ တိုးမြှင့်တင်ပို့ခဲ့မှုကြောင့် ဗီယက်နမ်နိုင်ငံ၏ လယ်ယာကုန်သွယ်မှု ပိုငွေသည် ပထမ (၃)လပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့

Thu, 04/11/2024 - 04:21 -- wtodep

ကော်ဖီ၊ ဆန်နှင့် သစ်သီးဝလံများကဲ့သို့ အဓိကထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်းကြောင့် ဗီယက်နမ်၏ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေထွက်လုပ်ငန်းကဏ္ဍများတွင် ယမန်နှစ်အလားတူ ကာလထက် နှစ်ဆနီးပါးကုန်သွယ်မှုပိုငွေ ရရှိခဲ့ပါသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းမှာ ဒေါ်လာ ၁၃.၅၃ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ၂၁.၈ % တိုးမြင့်လာကာ တင်သွင်းမှုတွင် ဒေါ်လာ ၁၀.၁၈ ဘီလီယံရှိသဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃.၃၆ ဘီလီယံရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန နောက်ဆုံးစာရင်းကိန်းဂဏန်းများ ဖော်ပြချက်များအရ သိရှိရပါသည်။

ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံကျော်သည့် အဓိကပို့ကုန်လေးခုမှာ သစ်(ဒေါ်လာ ၂.၃၂ ဘီလီယံ)၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် (ဒေါ်လာ ၁.၂၃ ဘီလီယံ)၊ ဆန်(ဒေါ်လာ ၁.၃၇ ဘီလီယံ)နှင့် ကော်ဖီ (ဒေါ်လာ ၁.၉ ဘီလီယံ) တို့ဖြစ်ပါသည်။ အဓိက လယ်ယာ ထွက်ကုန်များ၏ ပျမ်းမျှပို့ကုန်ဈေးနှုန်းများတက်လာပြီး ဆန်တစ်တန်လျှင် ၆၆၁ ဒေါ်လာ (၅ %) ၊ ကော်ဖီတစ်တန်လျှင် ၂၃၇၃ ဒေါ်လာ(၆.၈%)၊ ရော်ဘာတစ်တန်လျှင် ဒေါ်လာ ၁၄၆၂(၅.၁%) နှင့် ငရုတ်ကောင်းတစ်တန်လျှင် ဒေါ်လာ ၄.၁၅၃(၃၅.၆ %)ဖြစ်ခဲ့ပါသည်။

သို့သော် ကုန်စည်အချို့မှာ ပို့ကုန်ဈေးနှုန်းကျဆင်းခဲ့ပြီး သီဟိုဠ်စေ့တစ်တန်လျှင် ဒေါ်လာ ၅၃၂၉   (၈.၆ %)၊ လက်ဖက်ခြောက် တစ်တန်လျှင် ၁၆၁၆ ဒေါ်လာ( ၂.၂ % ) နှင့် ဓာတ်မြေသြဇာတစ်တန်လျှင် ဒေါ်လာ ၄၁၂  (၉.၁ % ) ရှိခဲ့ပါသည်။

ဗီယက်နမ်ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ၂၀.၂ % တင်ပို့ရသည့် တရုတ်နိုင်ငံသည် အဓိကပို့ကုန်ဈေးကွက် ဖြစ်ပြီး တင်ပို့မှုသည် ၁၈.၃ % ထပ်မံတိုးမြင့်လာနိုင်ကြောင်း၊ ၎င်းနောက်တွင် ၁၉.၉ % တင်ပို့ရသည့် အမေရိကန်က ဒုတိယနှင့်တင်ပို့မှုသည် ၂၈.၃ % ထပ်မံတိုးတက်နိုင်ကြောင်း၊ ဂျပန်နိုင်ငံသည် နိုင်ငံ့ပို့ကုန်တန်ဖိုး၏ ၇ % တင်ပို့ရပြီး၊ တင်ပို့မှု ၄.၆ % ထပ်မံတိုးတက်နိုင်ကြောင်း တွေ့ရပါသည်။

ကော်ဖီတင်ပို့မှု တရှိန်ထိုး တိုးတက်လာခြင်း

ကော်ဖီသည် ယခုနှစ်ပထမသုံးလပတ်တွင် တိုးတက်မှုအားအကောင်းဆုံးသော ထုတ်ကုန်ဖြစ်ပါသည်။ ပထမသုံးလပတ်တွင် ကော်ဖီ တန်ချိန် ၇၉၉,၀၀၀၊ တန်ဖိုးဒေါ်လာ ၁.၉ ဘီလီယံထိ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက်ပမာဏတွင် ၄၄.၄၅ % နှင့်တန်ဖိုးတွင် ၅၄.၂ % မြင့်တက်လာကာ စံချိန်သစ်တင်ခဲ့ပါသည်။ ဗီယက်နမ်သည် ရိုဘက်စတာနှင့်အာရေဗီးကားကော်ဖီတင်ပို့မှုကို တိုးမြှင့်ခဲ့ပြီး   အိပ်စ်ဆယ်ဆာကော်ဖီတင်ပို့မှုကို လျှော့ချခဲ့သည်။ ဗီယက်နမ်ကော်ဖီကို အီတလီ၊ စပိန်၊ ရုရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် စျေးကွက်အများအပြားသို့ တင်ပို့လျက်ရှိပါသည်။

ကော်ဖီသည် သစ်အချောထည်ပြီးလျှင် ဒုတိယမြောက် အများဆုံးတင်ပို့ရသည့် လယ်ယာထွက်ကုန်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီတင်ပို့မှုသည် ဒေါ်လာ ၅ ဘီလီယံမှ ၅.၅ ဘီလီယံအထိ စံချိန်သစ်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဗီယက်နမ် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။

ဆန်တင်ပို့မှုသည်လည်း စိတ်ဝင်စားဖွယ် တိုးတက်လာခဲ့

ပြီးခဲ့သည့်နှစ်ကထက် ၁၂ % တိုးတက်တင်ပို့ခဲ့သည့် ဆန်ပို့ကုန်ပမာဏ တန် ၂.၀၇ သန်း နှင့် ၄၀ % တိုးမြင့်ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁.၃၇ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်သည် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့်နိုင်ငံ ၃ နိုင်ငံတွင် ပါဝင်ကာ အိန္ဒိယနှင့်ထိုင်းတို့ပြီးလျှင် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၁၅ % ထိ တင်ပို့သောနိုင်ငံဖြစ်ပါသည်။

ဆန်တင်ပို့မှုပိတ်ပင်ထားသော နိုင်ငံအချို့၊ ရုရှားနိုင်ငံ၏ ပင်လယ်နက်ဆန်စပါးကောက်ပဲသီးနှံ အစီအစဉ်မှနုတ်ထွက်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု အခြေအနေများကြောင့် အထွက်နှုန်းကျဆင်းခဲ့မှုများသည် ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်ကို သိသိသာသာ ထိခိုက်စေခဲ့သည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခြင်းနှင့်အတူ တရုတ်၊ အင်ဒိုနီးရှားတို့မှ ဝယ်လိုအားတိုးလာခြင်းသည် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် အခွင့်အလမ်းများဖန်တီးပေးနေကြောင်း ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် အများဆုံးတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး ဆန်တင်ပို့မှုစုစုပေါင်း ၏ ၈၅ % တင်ပို့လျက်ရှိကာ ၎င်းနောက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ပါသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ပထမသုံးလပတ်တွင် ၂၅.၈ % အထိ မြင့်တက်ပြီး ဒေါ်လာ ၁.၂၃ ဘီလီယံရရှိခဲ့ပါသည်။ ယခုနှစ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ဒေါ်လာ ၆ ဘီလီယံ မှ ၆.၅ ဘီလီယံအထိ စံချိန်သစ် တင်ပို့နိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များအတွက် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်ပြီး ဆေးဖက်ဝင်အပင်များ၊ အုန်းသီး၊ အေးခဲထားသော သစ်သီးများနှင့် ဖရဲသီးများတို့ကို တရုတ်နိုင်ငံသို့တရားဝင် တင်ပို့သွားမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံအတွက် လယ်ယာပို့ကုန်မြှင့်တင်ရန် ကြီးမားသောအခွင့်အလမ်းများ ကျန်ရှိနေသေးပြီး လက်ရှိတွင်ကမ္ဘာ့ပို့ကုန်တင်ပို့မှု တန်ဖိုး၏ ၂ % မှ ၃ % သာရှိကြောင်း ဗီယက်နမ်နိုင်ငံဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

Source: https://vietnamnews.vn/

International Trade News

Pages