Inle Princess Resort တွင် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ဟိုတယ်အား ပုံမှန်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

Thu, 01/08/2015 - 13:05 -- admin_ygn

   ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၊ မန်ကျည်းစင်ကျေးရွာတွင် ဖွင့်လှစ်ထားရှိသော  Inle Princess Resort တွင် ဒီဇင်ဘာ ၂၉ ရက်ည ၉နာရီ ၁၅ မိနစ် တွင် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်၏ဘန်ဂလိုများ မီးလောင်ကျွမ်းခံရသော်လည်း အဆိုပါ Inle Princess Resort ကို ပုံမှန်အတိုင်း ဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
   မီးလောင်ကျွမ်းရသည့်  အကြောင်းရင်းအသေးစိတ်ကိုမသိရှိရသေးဘဲ ဟိုတယ်၏ ဘန်ဂလိုအမှတ် ၃၀၇မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဟိုတယ်၏ သတင်း ထုတ်ပြန်ချက်များအရသိရသည်။
   ဘန်ဂလိုအမှတ် ၃၀၇မှ စတင်လောင်ကျွမ်းခဲ့သည့် မီးသည် အနီးအနားရှိ ဘန်ဂလိုများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရာ ဟိုတယ်ရှိ ဘန်ဂလို ၄၆ လုံး အနက် ၁၈ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်းအဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပျက်စီးဆုံးရှုံးခဲ့သည့် ဘန်ဂလို ၁၈ လုံးအနက် Lake View ဘန်ဂလို ငါးလုံးနှင့် Mountain View ဘန်ဂလို ငါးလုံးလည်းပါဝင်ခဲ့ကြောင်းသိရသည်။ အခြားဘန်ဂလိုလေးလုံးကိုအချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း  မီးသတ်ရာတွင် အသုံးပြုသည့်ရေအားကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ ခဲ့ကြောင်း ဟိုတယ်၏သတင်းပေးပို့ချက်တွင်ဖော်ပြထားသည်။
  မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ဟိုတယ်တွင် ကျန်ရှိနေသည့် အခြားဘန်ဂလို ၂၈ လုံးနှင့် စားသောက်ဆိုင်များ၊ Spa နှင့် အခြားလုပ်ငန်းများမှာလည်း ပုံမှန်အတိုင်းလည် ပတ်လျက်ရှိကြောင်းသိရသည်။
   ပျက်စီးခဲ့သည့်ဘန်ဂလိုများအနက် လေးလုံးကို  ဇန်နဝါရီ ၇ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ထပ်လေးလုံးကိုလည်း သေချာစွာပြန်လည်မွမ်းမံစစ်ဆေး ပြီးနောက် ဇန်နဝါရီလကုန်ပိုင်းတွင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
   ''မီးလောင်မှုဖြစ်တဲ့အတွက် ကျွန်မတို့ တကယ်ပဲဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဧည့်သည်တွေရော၊ ဝန်ထမ်းတွေရော တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရတဲ့အတွက် စိတ်သက် သာရာရမိပါတယ်'' ဟု Inle Princess Resort ၏ မန်နေးဂျင်း ဒါရိုက်တာ မယဉ်မျိုးစုကပြောကြားခဲ့သည်။

မယ်သီတာ

Local Trade News

Pages